ခံတွင်းနံ့ဆိုးခြင်း

26

ခံတွင်းနံ့ဆိုးခြင်းသည် အသက်ရှုထုတ်လိုက်သောလေ၊ သို့မဟုတ် စကားပြောဆိုရာတွင် ထွက်သောလေ အနံ့ဆိုးမှုကို ဖြစ်စေသည်။ ဆေးပညာတွင် Halitosis ဟုခေါ်ဆိုပါသည်။
နံနက်အိပ်ရာထချိန်တွင် အတော်အသင့် အနံ့ဆိုးဝါးမှုမှာ သာမန်ဟုဆိုနိုင်ပါသည်။ တချို့လူတို့တွင် ခံတွင်းနံ့ဆိုး ခြင်းမှာ တစ်ခါတစ်ရံသာ ဖြစ်တတ်သော်လည်း အချို့တွင် အမြဲတမ်းလိုလို ဖြစ်နေတတ်ပါသည်။ အဓိကဖြစ်ပွား လေ့ရှိသည်မှာ အာသီးရောင်ခြင်း (တောင်ဆဲလ်ရောင်ခြင်း) နှင့် ထိပ်ကပ်နာတို့ကြောင့် ဖြစ်ပါသည်။

ခံတွင်းနံ့ဆိုးစေနိုင်သော အကြောင်းများမှာ –
ခံတွင်းရှိ ဗက်တီးရီးယားများကြောင့် ဆာလဖာကွန်ပေါင်းများ ထုတ်လုပ်ခြင်း
သွားနှင့် ခံတွင်း ဆေးကြောသန့်စင်မှု မရှိခြင်း

သွားပိုးစားခြင်း
တချို့သော အစားအသောက်များ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကော်ဖီ)
ပါးစပ်နှင့် ခံတွင်းခြောက်သွေ့ခြင်း
ဆေးလိပ်သောက်ခြင်း
နှာခေါင်းနောက်ပိုင်း လည်ချောင်းဆိုင်ရာ ရောဂါများ
ပါးစပ်မှတစ်ဆင့် အသက်ရှုလေ့ရှိခြင်း စသည်တို့ဖြစ်ပါသည်။

ခံတွင်းနံ့ဆိုးခြင်းကို သက်သာပျောက်ကင်းလိုပါက အောက်ပါတို့ကို လိုက်နာလုပ်ဆောင်ရန် ဖြစ်ပါသည်။
(က) သွားများ၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ သွားများကို နေ့စဉ် အနည်းဆုံး နှစ်ကြိမ်တိုက်ရန် လိုအပ်ပါ သည်။ သွားကြား၌ ညပ်နေသော အကြွင်းအကျန်များကို သွားပွတ်ကြိုးဖြင့် ဖယ်ရှားရပါမည်။ လျှာကိုလည်း သန့်ရှင်းစေရပါမည်။ အစာစားပြီးတိုင်း ပလုတ်ကျင်းသင့်သည်။
(ခ) ရေ၊ သို့မဟုတ် အရည်ပိုသောက်ရန် လိုအပ်ပါသည်။ ပါးစပ်ခြောက်သွေ့မှု လျော့နည်းစေမည် ဖြစ်သည်။ ခံတွင်းခြောက် သွေ့ပါက ဗက်တီးရီးယားပွားများမှုကို အားပေးရာရောက်ပါသည်။
(ဂ) အစားအစာသုံးရာတွင် ဂရုစိုက်ဆင်ခြင်ရန် လိုအပ်ပါသည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တညင်းသီး စသည့် အစားအစာမျိုး ရှောင်ကြဉ်သင့်ပါသည်။ အစားစားပြီးတိုင်း ပါးစပ်ဆေးကြောပေးရပါမည်။
(ဃ) ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်သောက်ခြင်းသည် ခံတွင်းပိုင်းဆိုင်ရာ ရောဂါများကို ဖြစ်စေပြီး ခံတွင်းနံ့ဆိုးစေမည် ဖြစ်သည်။
(င) အခြားခံတွင်းနံ့ဆိုးတတ်သူများကိုလည်း ကိုယ်ချင်းစာပေးပါ။ လူတိုင်းလိုလိုပင် ခံတွင်းနံ့ဆိုးမှုနှင့် ကြုံတွေ့ရ နိုင်ပါသည်။
(စ) ဆရာဝန်ထံ သွားရောက်ပြသ တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်၏ အကူအညီရယူပါ။

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

READ :   ကိုယ်အလေးချိန်မြင့်တက်လာခြင်းကာကွယ်ရန်

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ