အရေပြားနှင့် ဆံပင်အလှ

7

အသားအရေရဲ့ ကောင်းခြင်း၊ ဆံပင်ရဲ့ကောင်းခြင်းဟာအမျိုးသမီးများရဲ့ ကောင်းခြင်းငါးဖြာမှာ ပါဝင်ပါ တယ်။ သည်တစ်ပတ် မင်္ဂလာမောင်မယ်စကားဝိုင်းမှာ အရေပြားနှင့် ဆံပင်အလှ အကြောင်းဆွေးနွေးထားပါ တယ်။

မောင် – အရေပြားရဲ့ ထူးခြားမှုတွေကိုဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အရေပြားဆိုရာမှာအရေပြား၊ ဆံပင်၊ ခြေသည်း၊ လက်သည်း၊ အမွှေးအမျှင်နဲ့ ချွေးအိတ် များပါဝင်တယ်။ ဆံခြည်မျှင်ဟာအရေပြားထဲကနေ Hair Follicle ဆိုတဲ့ ဆံခြည်အိတ်ကထွက်လာတယ်။ ဆံခြည်မျှင်ရဲ့ အတွင်းဘက်ဆုံးမှာမက်ဒူလာအလွှာရှိတယ်။ နောက် ကော့တက်၊ ပြီးတော့ ကျူတီကယ်ခေါ် ကာရာတင်ကငါးအကြေးခွံလိုအထပ်လိုက်ရှိတယ်။
မယ် – ဆံပင်ကလူတစ်ယောက်အတွက် အထူးသဖြင့် မိန်းကလေးတွေအတွက် မရှိမဖြစ်ဘဲဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးများဆံပင်ရဲ့ ကောင်းခြင်းဆိုတဲ့ အလှတစ်ပါး ပါဝင်ပါတယ်။ ဆံပင်ကနေရောင်ခြည်ကာကွယ်ပေးတဲ့ အပြင်၊ ဦးရေပြားရဲ့ အပူအအေးမျှတစေတယ်။ ဆံခြည် မျှင်အိတ်များ၊ အာရုံကြောမျှင်များအမြောက်အများရှိတဲ့အတွက် ဆံပင်ကတစ်ဆင့် သိမ်မွေ့နူးညံ့တဲ့ အထိအတွေ့ ခံစားရရှိတယ်။ မိန်းကလေးတွေမှာဆံပြင်အပြင် အခြားဆွဲဆောင်မှု ဥပမာရုပ်ရည်ရူပကာဆိုတာရှိတယ်။

မောင် – ဆံပင်တစ်ချောင်းရဲ့ အသက်နဲ့ နေ့စဉ်ကျွတ်တဲ့ ဆံပင်ပမာဏဘယ်လောက်ရှိနိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်တစ်ချောင်းဟာလူ့အသက်သေဆုံးရင်တောင် ရှင်သန်နိုင်တယ်။ ကြီးထွားရှင်သန် တဲ့အအဆင့် ခေတ္တနားတဲ့အဆင့်လုံးဝရှည်ထွက်ခြင်းမရှိတဲ့ ဆံပင်ဆိုပြီးအဆင့်သုံးဆင့်ရှိတယ်။ ကျွတ်တဲ့ဆံပင် အစားအသစ်ထွက်လာတဲ့ ဆံခြည်နုလေးတွေနဲ့ သံသရာလည်နေတယ်။ လူတစ်ယောက်ဟာတစ်ရက်ကိုဆံပင်အချောင်းရေ ၅၀ ကနေ ၁၀၀ ထိပုံမှန်ကျွတ်ထွက်ပါတယ်။ လူတစ်ယောက်မှာဆံပင်တစ်သန်းမှ နှစ်သန်းထိရှိနိုင်ပါတယ်။
မယ် – ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေကရောဆရာ။
ဒေါက်တာမင်္ဂလာ – ဌက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါစတဲ့ နာတာရှည်အပြင် ဖျားတဲ့ရောဂါ၊ သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့ရောဂါတွေမှာဆံပင်ကျွတ်တတ်သလိုစိတ်ဖိစီးမှုများရင် ကျွတ်ထွက်တယ်။ SLE ခေါ်အရေပြားခူနာနဲ့ လည်ပင်းအကျိတ်ရောဂါရှိရင်လည်းဆံပင်ပါးတတ်ပါတယ်။
မောင် – ဆံပင်ကျွတ်တိုင်းစိတ်ပူစရာလိုသလားဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်ဆိုတာအချိန်တန်ရင် ကျွတ်မှာပဲ။ ဆံပင်ကျွတ်တိုင်းစိတ်ပူဖို့တော့မလိုဘူး။ ထိပ်ပြောင် မျိုးရိုးရှိရင် သားသမီးများထိပ်ပြောင်တဲ့အထိဆံပင်ကျွတ်တတ်တယ်။ အရေပြားဆရာဝန်နဲ့ ပြသင့်ရင်ပြရမယ်။
မယ် – အားဆေးတွေကြောင့် ဆံပင်ကျွတ်နိုင်သလားဆရာ။
ဒေါက်တာမင်္ဂလာ – ငါးကြီးဆီ၊ ဗီတာမင်အေများများသောက်ရင် ဆံပင်ကျွတ်တတ်တယ်။ စိတ်ဖိစီးရင် ပိုပြီး ကျွတ်တယ်။ ဆံပင်ကျွတ်တာအခြားရောဂါ ကင်ဆာစသဖြင့် ရှိခဲ့ရင်ဂရုစိုက်ဖို့ လိုပါတယ်။
မောင် – ဆံပင်လည်းအစာအာဟာရလိုမှာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – လိုပါတယ်။ အသားများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများစသည်ဖြင့် အာဟာရမျှအောင် စားရမယ်။
မယ် – ဆံပင်ကိုကြည့်ပြီးလူတစ်ယောက်ရဲ့ကျန်းမာရေးကိုခန့်မှန်းနိုင်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – အာဟာရချို့တဲ့သူရဲ့ ဆံပင်ဟာပါးနေတယ်။ မွဲခြောက်ဖြူရော်ရော်ဖြစ်နေလို့ အားဆေး မှီဝဲ သင့်တယ်။
မောင် – ခေါင်းမှန်မှန်ဖြီးသင့်သလားဆရာ။
ဒေါက်တာမင်္ဂလာ – ခေါင်းမှန်မှန် ဖီးသင့်တယ်။ ခေါင်းမှန်မှန် ဖီးသင့်တဲ့ဆံပင်နဲ့ တစ်ခါတစ်ရံမှ ဖီးတဲ့ဆံပင်ကွာတယ်။ ဆံကေသာကိုသပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းရှိနေရင် စိတ်ကြည်လင်ပြီး၊ အဆီပိုထွက်လာလို့ သဘာ၀ အတိုင်းပြောင်လက်ပါတယ်။
မယ် – ခေါင်းဖီးတဲ့ “ဘီး” ရွေးချယ်သင့်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသားတွေအတွက် ဘီးရွေးချယ်ဖို့ သိပ်မလိုအပ်ပေမယ့် အမျိုးသမီးတွေမှာသူ့နေရာနဲ့ သူအသုံးပြုသင့်တဲ့ ဘီးအမျိုးအစားဒီဇိုင်းပုံစံမျိုးရှိတယ်။ ဆံပင်ကိုသင့်တော်တဲ့ ဘီးနဲ့ ဖီးသင့်ရမယ်။
မောင် – ဗောက်အကြောင်းရှင်းပြပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – ခေါင်းဖီးတဲ့အခါ အကြေးခွံသေးသေးလေးတွေလိုဖွာပြီးကျလာရင် ဗောက်ခေါ်တယ်။ အရေပြားမှိုတစ်မျိုးကြောင့်ဖြစ်ရတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ် ရှိနိုင်တဲ့အပြင် HIV လူနာနဲ့ အာဟာရချို့တဲ့လူတွေ မှာပိုပြီးအတွေ့များရတတ်ပါတယ်။
မယ် – ဘယ်လိုခေါင်းလျှော်ရည်မျိုးရွေးသင့်လဲဆရာ။
ဒေါက်တာမင်္ဂလာ – ဗောက်ပျောက်အောင် ကီတိုကိုနကောဆိုတဲ့ မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည်တို့ ဆယ်လယ်နီယမ်ဘာဖိတ်ပါတဲ့ ခေါင်းလျှော်ရည်သုံးပေးရင် သက်သာပါတယ်။ ယင်းခေါင်းလျှော်ရည်မျိုးသုံးရင် အခြားခေါင်းလျှော်ရည်တွေလိုချက်ချင်းရေလောင်းချခြင်းမပြုဘဲငါးမိနစ်ကြာမှ ရေချိုးပါ။
မောင် – သန်းစွဲနေရင်ရောဆရာ။
ဒေါက်တာမင်္ဂလာ – အခန်းဖော်၊ ခရီးဖော်တွေမှာသန်းရှိရင် ကိုယ့်ကိုကူးဖို့ ပြဿနာရှိတယ်။ ကလေးတွေမှာအဖြစ်များပြီးဆံပင်ရှည်ထားတဲ့ အမျိုးသမီးတွေမှာအတွေ့ရများတယ်။ ဦးထုပ်၊ ဘီး၊ ခေါင်းအုံးကတစ်ဆင့် ကူးနိုင်ပါတယ်။
မယ် – သန်းထူတဲ့ဆံပင်ကိုဘယ်လိုရှင်းပစ်သင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ပိုးသတ်ဆေး ဝ.၅ ရာခိုင်နှုန်း ပြင်းအားရှိမာလာဘီယွန်ကိုခေါင်းမှာအုန်းဆီလိမ်းသလိုတစ်ပတ်ကိုတစ်ကြိမ်နဲ့ နှစ်ပတ်လောက်လိမ်းရုံနဲ့ သန်းရောသန်းဥပါကင်းစင်နိုင်တယ်။ လင်ဒိန်း ၁ ရာခိုင်နှုန်းပါတဲ့ ပိုးသတ်ဆေးရည်နဲ့ ခေါင်းကိုသုံးလေးမိနစ်ကြာအောင် လိမ်းပေးပြီးခဏကြာရင် ခေါင်းလျှော်ပေးမယ်ဆိုရင်လည်းပျောက်နိုင်တယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များမသုံးသင့်ပါဘူး။
မောင် – သန်းပြန်မစွဲအောင်ဘယ်လိုနေသင့် သလဲဆရာ။
ဒေါက်တာမင်္ဂလာ – သန်းပြန်မစွဲအောင် တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ဖို့ ဘီး၊ ခေါင်းအုံးစတာတွေရော နှောမသုံးဖို့ လိုတယ်။
မယ် – ဆံပင်ဖြူတာကရောဆရာ။
ဒေါက်တာမင်္ဂလာ – အသက် ၅၀ ကျော်ရင်ဆံပင်စပြီး ဖြူတယ်။ ဇရာအရ ဖြူတာပါ။ အသက် ၃၅ နှစ်မတိုင်မီဆံပင်ဖြူတယ်ဆိုရင် Premature greying အချိန်မတိုင်မီ ဖြူခြင်းလို့ ခေါ်ပြီးမျိုးရိုးလည်းလိုက်တယ်။ ခရုန်းရောဂါနဲ့ အခြားရောဂါများကြောင့် ဆံပင်ဖြူသလိုသွေးထဲသံဓာတ်ချို့တဲ့ရင်လည်းဆံပင်ဖြူတတ်တယ်။
မောင် – ဘယ်လိုအစားအစာတွေရှောင်သင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – လက်ဖက်ရည်၊ ကော်ဖီ၊ အရက်၊ အပူအစပ်နဲ့ ဆီကြော်မုန့်တွေ အလွန်အကျွံစားသုံးရင် အရွယ်မတိုင်ခင် ဆံပင်ဖြူတတ်တယ်။ ဆံပင်ဆိုးဆေးလိမ်းပေးရင် အဆင်ပြေပါတယ်။
မယ် – ဆံပင်ဆိုးဆေးအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်သန့်စင်အောင် လျှော်တဲ့ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ ဆံပင်ဖြောင့်ဆေး၊ ဆံပင်အရောင်ချွတ်ဆေး၊ ဆံပင်အရောင်ပြောင်းခြင်းများရှိတယ်။ ဓာတုပစ္စည်းနဲ့တည့်မတည့် စမ်းရမယ်။

READ :   ဒေါက်တာမှိုပွင့်လေးရဲ့ သံပုရာသီး

AUTHOR – ဒေါက်တာမင်္ဂလာ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ