မေးစရာမလိုသော မေးခွန်းတစ်ခုကို မေးလိုက်မိခြင်း ဖြစ်ပါလိမ့်မည်။ မည်သည့်မိန်းကလေးကိုမေးမေး “ပုံပန်းကျသူ ဖြစ်လိုပါသလား” ဟု မေးလျှင် “ ဖြစ်ချင်တာပေါ့ရှင်” “yes” ဟုသာ တညီတညွှတ်တည်း ဖြေကြ ပါလိမ့်မည်။
သင်လှသည်ထက်လှလိုလျှင် ပုံပန်းကျသည်ထက် ပို၍ပင် ကျနလှပလိုလျှင် သင်လုပ်ဆောင်သင့်သည် များကို လမ်းညွှန်ပေးလိုက်ပါမည်။ ယောဂ (Yoga) သည် သင့်၏ ကြွက်သားများကို သန်မာစေပါသည်။ သင့်အား ကွေးညွတ်လွယ်သော ၊ ကွေးဆန့်လွယ်သော ၊ပျော့ပြောင်းသော ကိုယ်နေဟန်ထားကိုလည်း ပိုင်ဆိုင် စေပါလိမ့်မည်။ ယောဂကျင့်စဉ်တွင်ပါသော ရပ်သည့်အနေအထား၊ ထိုင်သည့်အနေအထာများနှင့် အခြားသော အနေအထားအမျိုးမျိုးသည် သင်၏အတွင်းအားကို သန်မာစေနိုင်ပါသည်။ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင် သော အနေအထား (၄) မျိုးကို ဖေါ်ပြပေးထားပါသည်။ ယောဂကျင့်စဉ် (၁) Parivrtta Parsvakonasana မတ်တပ်ရပ်လျက် အနေအထားမှာ စတင်နေပေးပါ။ ညာခြေကို ရှေ့တလှမ်းတိုးပါ။ ခြေနှစ်ဖက်ဟာ တစ်မီတာခန့်ကွာပါစေ။ ဘယ်ခြေထောက်ကို အပြင်ဖက် ၉၀ ဒီဂရီ ဦးတည့်လှည့်ပါစေ။ ညာခြေထောက်ကို တစ်ဖြောင့်တည်း ဆန့်တန်းစေပြီး ဘယ်ခြေကို ဦးစွာ လှည့်ကွေးထားရပါမည်။ ပေါင်တံသည် ကြမ်းပြင်နှင့် တစ်တန်းတည်း ကျစေရမည်။ ဘယ်ခြေထောက်အပေါ် ညာတံတောင်တင်၍ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ထားရမည်။ ညာတံတောင်ကိုကို ဘယ်ဒူးပေါ်၌ ဖိအားပြုထားရန် ဖြစ်သည်။ ပုံ (၁) ယောဂကျင့်ခန်း (၂) Paripurana Navasara ကြမ်းပြင်ပေါ်ထိုင်ပါ။ ခြေနှစ်ချောင်းကို ရှေ့တည့်တည့်ထားပါ။ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်၍လည်း ရှေ့တည့်တည့်သို့ လက်ဆန့်တန်းထားပါ။ ခန္ဓာကိုယ်နှင့် ခြေထောက်ပေါင်တံသည် ၉၀ ဒီဂရီနီးပါး ကွေးညွှတ် နေစေရမည်။ ခန္ဓာကိုယ်ကိုကြည့်လျှင် ဗွီပုံသဏ္ဍန်သဘော ရှိနေပါလိမ့်မည်။ ပုံ (၂) ယောဂကျင့်စဉ် (၃) Trikonasana ခြေနှစ်ဖက်ကို ပခုံးအကျယ် အကွားအဝေးချဲ့ကား၍ရပ်ပါ။ လက်နှစ်ဖက်ကို ဘေးတစ်ဖက် တစ်ချက်စီ ဆန့်ထုတ်ပါ။ မြေပြင်/ ကြမ်းပြင်နှင့်အပြိုင် အနေအထားရှိရပါမည်။ ညာခြေကို အဘေးဘက်သို့ ၉၀ ဒီဂရီလှည့်ထုတ်ပါ။ ဖနောင့်နှစ်ဖက်မှာ တစ်တန်းတည်း ရှိနေရပါမည်။ ညာလက်ကို ညာခြေပေါ်သို့ ပုံတွင် ပြထားသည့်အတိုင်း တင်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ကြမ်းပြင်နှင့်အပြိုင်သဘော တည်ရှိသွားပေလိမ့်မည်။ ဘယ်လက်ကို အပေါ်တည့်တည့်ဆန့်ထုတ်ထားပါ။ ပုံ (၃) ယောဂကျင့်စဉ် (၄) Naukasana ကြမ်းပြင်၌ ဝမ်းဗိုက်ဖြင့် မှောက်လျက်နေပါ။ ခြေထောက်နှစ်ချောင်းကိုပူးလျက် ကြမ်းပြင်မှာ အထက်သို့မြှင့်တင်ပါ။ လက်နှစ်ဖက်ကို ယှက်ဆုပ်လျက် နောက်ဘက်သို့ ပစ်ထားသည့် အနေအထားရှိပါစေ။ ခန္ဓာကိုယ်အပါ်ပိုင်းကိုလည်းကြမ်းပြင်မှ မြှင့်တင်းပေးထားပါ။ပုံ(၄) ဖေါ်ပြပါအနေအထားပုံစံလေးမျိုးကို လေ့ကျင့်ပေးခြင်းဖြင့် ကြွှက်သားများ သန်မာခြင်း၊ ခန္ဓာကိုယ် အနေအထား ကွေးဆန့်နိုင်မှု အားကောင်းခြင်းနှင့် ပုံပန်းကျနလှပသူတစ်ဦး ဖြစ်လာမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
AUTHOR – ဒေါက်တာနှင်းကေသီ