ဝက်ခြံတွေ ဘာလို့မပျောက်သေးတာလဲ
ကျွန်မ၏ ဆေးခန်းအတွင်းသို့ အမျိုးသမီးငယ် တစ်ယောက်ဝင်လာပါတယ်…
မေး။ ကျွန်မအသက် (၂၅) နှစ်ပါ။ ကျွန်မအသားအရေက ဝက်ခြံတွေ ခဏခဏထွက်တဲ့ အမျိုးအစား မဟုတ်ပါဘူး။ ဒါပေမယ့် အခုတလောမျက်နှာမှာဝက်ခြံတွေ အများကြီးထွက်လာပါတယ်။ ပထမတော့ ဝက်ခြံလေးတွေက နည်းနည်းလေးပါ။ သေးသေးလေးတွေပါ။ ကွျှန်မ online မှာနာမည်ကြီးနေတဲ့ ဝက်ခြံ ပျောက်ဆေးတွေကိုလည်းလိမ်းပါတယ်။ မပျောက်ပါဘူး။
ဒါအပြင်လမ်းထိပ် ဆေးဆိုင်ကပေးတဲ့ ဆေးတွေကို သောက်တော့လည်း ဆေးသောက်တုန်းသာ ပျောက်သွားပြီး ဆေးရပ်လိုက်တော့ ပြန်ထွက်လာပါတယ်။ အခုဆို ပြည်ပါတည်လာပါတယ်။ တချို့ဝက်ခြံတွေဆို ယောင်တောင်ယောင်နေပါတယ်။ လူကြားထဲတောင် မသွားရဲလောက်အောင်ကို ဖြစ်နေပါပြီ။ ဘာဖြစ်လို့ပါလဲ?
ဖြေ။ အရင်က ဝက်ခြံတစ်ခါမှအများကြီး မထွက်ဖူးပေမယ့် အခုညီမလေးက ထွက်နေတယ်ဆိုတော့
စဉ်းစားစရာပါ။ ညီမလေးက ဘာအလုပ်လုပ်ပါသလဲ?
မေး။ ကျွန်မကကျောင်းပြီးကတည်းက အိမ်မှာပဲ နေအိမ်မှာဖွင့်ထားတဲ့ အထည်ဆိုင်ကိုပဲ ဦးစီးလုပ်ခဲ့တာပါ။ အခုတလော ထူးထူးခြားခြားလုပ်ရတာကို ပြောရမယ်ဆိုရင်တော့ သမီးအဘွားနေမကောင်းလို့ ဆေးရုံတင် ထားရတာကို တစ်ညခြားတစ်ခါလောက် ညအိပ်ညနေ စောင့်ပေးရတာ နှစ်ပတ်လောက်ရှိပါပြီ။
ဖြေ။ ဆေးရုံဆိုတာရောဂါပိုးမွှားတွေ အများအပြားရှိတဲ့ နေရာပါ။ ဆေးရုံဆေးခန်းတွေမှာထားတဲ့ ကုတင်၊ ထိုင်ခုံ၊ စားပွဲတွေမှာကပ်နေတဲ့ ရောဂါပိုးမွှားတွေကိုထိမိကိုင်မိမယ်။ ပြီးရင် လက်မဆေးပဲ ကိုယ့်ရဲ့မျက်နှာကို ကိုင်မိမယ်ဆိုရင် မျက်နှာမှာဝက်ခြံတွေ ထွက်တတ်ပါတယ်။
မေး။ ဒါဆိုဆေးရုံကနေကူးတာ ဖြစ်နိုင်တာပေါ့နော်။ ကျွန်မက လက်သေချာဆေးကျင့် မရှိတာတော့ အမှန်ပါပဲ။
ဖြေ။ ဆေးရုံကနေအပြန်ဆိုလက်ကိုဆပ်ပြာနဲ့ သေချာစွာဆေးရပါမယ်။ ဒါ့အပြင် ကိုယ်ဝတ်ထားတဲ့အဝတ်အစားတွေကိုလည်း တစ်နေ့တစ်ခါ လျှော်ပေးရပါမယ်။ နောက်နေ့ ပြန်ဝတ်တာမျိုးမလုပ်ရပါဘူး။ အဝတ်အစားတွေမှာလည်း ရောဂါပိုးတွေ ကပ်ငြိနေတတ်ပါတယ်။
ညီမလေးကကံကောင်းလို့ ဝက်ခြံပဲ ထွက်တာပါ။ တချို့ဆိုဆေးရုံမှာလူနာစောင့်လုပ်ရင်းဖျားတဲ့နာတဲ့လူရှိတယ်။ ဝမ်းပျက်ဝမ်းလျော ဖြစ်ကြတယ်။ အဓိကကတော့ လက်မဆေးလို့ဖြစ်တာပါ။
မေး။ လက်ဆေးရင် ကာကွယ်နိုင်တယ်ပေါ့နော်?
ဖြေ။ များသောအားဖြင့်တော့ ဟုတ်ပါတယ်။ လက်ဆေးနည်းကိုဆေးရုံတွေမှာပုံနဲ့တကွ ပြထားတတ်ပါတယ်။ လူတွေသတိမထားမိကြလို့ပါ။ အစာမစားခင် လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။ လက်မဆေးပဲ မျက်နှာကို ခဏခဏမကိုင်မိပါစေနဲ့။
လက်ဆေးရမယ့်အပြင် တခြားသတိထားရမှာတွေကဆံပင်တွေပါ။ ညီမလေးလို ဆံပင်ရှည်တဲ့လူတွေအတွက်ကဆံပင်တွေမျက်နှာပေါ်ဝဲကျနေတတ်ပါတယ်။ဆံပင်တွေပေါ်မှာလည်း ရောဂါပိုးတွေ ကပ်ငြိနိုင်ပါသေးတယ်။ အဲ့ဒီတော့ ဆံပင်ကိုဆေးရုံသွားတဲ့အချိန် စည်းထားပါ။ ခေါင်းကိုလည်း တရက်ခြားတခါလောက် လျှော်ပေးပါ။
ဒါ့အပြင် ကိုယ်ပုံမှန်သုံးနေကျ မျက်နှာသုတ်ပဝါကို သီးသန့်ထားပါ။ သူများတွေ ယူမသုံးမိပါစေနဲ့။ ညီမလေးမှာ ဖြစ်နေတဲ့ ဝက်ခြံတွေကို ပိုဆိုးသွားစေနိုင်တဲ့ ဓာတ်မတည့်တဲ့ အရာတွေ တခြားလူဆီကထပ်ကူးနိုင်သလို သူများဆီကိုလည်း ညီမလေးဆီက ရောဂါပိုးတွေမကူးစက်နိုင်အောင်ပါ။ ပုံမှန်သုံးနေကျ မျက်နှာသုတ်ပဝါကိုလည်း သုံးလေးရက်ခြားတစ်ခါလောက်လျှော်ပေးပါ။ လျှော်ပြီးရင်လည်းနေပူထဲမှာလှန်းပါ။ လှန်းတဲ့ နေရာကလည်းသန့်ရှင်းနေရပါမယ်။
နောက်ထပ်ကတော့ ခေါင်းအုံးအစွပ်ပါ။ ခေါင်းအုံးအစွပ်ကိုလည်း ပုံမှန်လျှော်ပေးပါ။ တစ်ချို့တွေ ဆေးတွေသောက် လိမ်းဆေးတွေလိမ်းနေပေမယ့် ဝက်ခြံတွေ ထွက်နေမြဲဖြစ်နေတာကိုတွေ့ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်အိပ်တဲ့ အိပ်ယာခင်း၊ ခေါင်းအုံးအစွပ် အစရှိသည်တွေကစပြီး မသန့်ရှင်းလို့ပါ။ ဖြစ်နိုင်ရင် နှစ်ပတ်ခြားတစ်ခါလောက် လျှော်ပေးလဲလှယ်ပေးရပါမယ်။
နောက်ဆုံးပြောချင်တာကဝက်ခြံပျောက်ဆေးဆိုပြီး internet တို့ facebook တို့မှာ ပေါ်သမျှ ဆေးတွေကို လျှောက်မလိမ်းဖို့ပါပဲ။ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်ထားတာလည်း မဟုတ်တဲ့အတွက် ဘေးဖြစ်တတ်ပါတယ်။ ဝက်ခြံဆိုတာ ဗက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်တွေညွှန်းတဲ့ ဆေးတွေကိုပဲလိမ်းပါ။ သောက်ခိုင်းတဲ့ ပိုးသတ်ဆေးကိုလည်း ဆေးပတ်လည်တဲ့အထိ သောက်ပါ။ တစ်ခြားရှောင်စရာရှိတာတွေကိုလည်း ရှောင်လိုက်ရင် ပျောက်ကင်း သွားမှာပါ။
မေး။ ဟုတ်ကဲ့ပါ ဒေါက်တာ။
ဆရာဝန်ဆိုတာ လူနာတွေကို ဆေးပေးပြီးရောဂါကုရုံနဲ့ တာဝန်မကျေသေးပါဘူး။ ဘာကြောင့်ဖြစ်တယ်ဘာတွေ ဖြစ်နိုင်တယ်။ ဘာတွေရှောင်ရမယ်ဆိုတာတွေဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာတွေကိုပါ ပညာပေးရှင်းပြမှ ဆရာဝန်ကောာင်းတစ်ယောက် ဖြစ်ပေတော့မည်။
ကျန်းမာရွှင်လန်းကြပါစေ။
Dr. အေးချမ်းမိုး