ဆံပင်ကျွတ်ခြင်း

1,440

ဟယ် ဆံပင်တွေကလည်း ကျွတ်လိုက်တာ။
ဒီလောက်တောင်ကျွတ်နေရင် ငါတော့ထိပ်ပြောင်တော့မှာပဲ။

ဆံပင်တွေ ကျွတ်တာများရင် စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်တတ်တယ်။
ဆံပင် ဘာကြောင့်ကျွတ်လဲ စဉ်းစားကြည့်ရအောင်။

အရင်ဆုံး ဆံပင်ကျွတ်တဲ့အခါ ခေါင်းမှာအမာရွတ်ကျန်ခဲ့လား ကြည့်ပါ။ အမာရွတ်ကျန်တယ်ဆိုရင် မှို ရောဂါလည်းဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးကြောင့်လည်း ဖြစ်နိုင်တယ်။ ထိခိုက်ဒဏ်ရာ၊ အပူလောင်တာ၊ ဓာတ်ကင်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။
အမာရွတ် မပေါ်ဘဲဒီအတိုင်းကျွတ်နေတာက ပိုတွေ့ရတတ်တယ်။ အချောင်းလိုက်လည်း ကျွတ်တတ် တယ်။ အကွက်လိုက်လည်း ကျွတ်တတ်တယ်။

အမျိုးသားတွေမှာတော့ ဟော်မုန်းကြောင့် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတတ်ကြတယ်။ အသက်ကြီး ပိုင်းပိုဖြစ်ပေမယ့် တချို့လည်း ငယ်ငယ်ရွယ်ရွယ်ဖြစ်တတ်တယ်။

အစားအစာတွေ အာဟာရဓာတ်ချို့တဲ့ရင်လည်း ဖြစ်တတ်တယ်။ အဓိကက သံဓာတ်နဲ့ဇင့် (Zinc) ချို့တဲ့တဲ့အခါမှာပါ။
တချို့သောဆေးတွေ သောက်နေရတဲ့သူတွေမှာလည်း ဆံပင်တွေကျွတ်တတ်တယ်။ ဥပမာ- ပဋိသန္ဓေ
တားဆေးတွေ၊ သွေးကျဲဆေးတွေ၊ သိုက်ရွိုက်ဆေးတွေ၊ gout အတွက်ဆေးတွေ၊ ကင်ဆာဆေးဝါးတွေပါ။

ဆံပင်သားမကောင်းတဲ့အခါလည်း ကျွတ်တတ်တယ်။ ဆံပင်ကိုဆေးဆိုးတာ၊ ဖြောင့်တာ၊ ကောက်တာ စတာတွေခဏခဏလုပ်ရင်လည်း ကျွတ်တတ်တယ်။ ခေါင်းလျှော်ရည် မတည့်ရင် ဦးရေပြားခြောက်ပြီး ဗောက်ထနေရင်လည်း ကျွတ်တတ်တယ်။
တချို့စိတ်ဖိစီးမှုတွေများတဲ့အခါ ဆံပင်ကျွတ်တတ်တယ်။ အလုပ်ကြောင့်၊ ကျောင်းစာကြောင့်၊ ပူပန်စ ရာများတာကြောင့်ဖြစ်တတ်တယ်။ တချို့ကလေးအမေတွေ ကလေးမွေးပြီးခါစမှာ ဆံပင်အများကြီး ကျွတ်တတ်တယ်။
ဒါတွေက ဆံပင်အချောင်းလိုက်ကျွတ်တတ်တာတွေပါ။

ကိုယ်ခံအားစနစ် ဖောက်ပြန်နေရင်လည်း ဆံပင်ကျွတ်တတ်တယ်။ တချို့ရောဂါတွေ ရှိတယ်။ တချို့အ လိုလိုကျွတ်တယ်။ အလိုလိုကျွတ်တာတွေက တစ်ချောင်းချင်းစီကျွတ်တာမဟုတ်ဘဲ အကွက်လိုက် ကျွတ်တာပါ။ မျက်တောင်တွေပါ ကျွတ်တတ်တယ်။

ဆံပင်ကျွတ်တဲ့အခါ ဘာတွေလုပ်ကြမလဲ။
ကိုယ်ဘာကြောင့် ကျွတ်ရတယ်ဆိုတာပြန်စဉ်းစားပါ။

မလိုဘဲ ဆေးတွေစွဲမသောက်ရပါဘူး။ အာဟာရပြည့်ဝအောင် စားပါ။ ရေလည်းများများသောက်ပါ။ လိုအပ်ရင်အားဆေးကူပါ။ ဆံပင်သားကို ဂရုစိုက်ပါ။ ပုံမှန်ခေါင်းဖြီးပါ။ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါ အချိန်မှန်လျှော်ပါ။ ဘီးပုံမှန်ဆေးပါ။ ခေါင်းလျှော်ရည် အပြင်းတွေမသုံးပါနဲ့။ လိုအပ်ရင် ခေါင်းမလျှော် ခင် နာရီဝက်လောက် သံလွင်ဆီသေချာလိမ်းပါ။ ပြီးမှလျှော်ပါ။ ဦးရေပြားမခြောက်ဖို့လည်း လိုတယ်။ Hair Drier ကအမြဲမသုံးပါနဲ့။ လိုအပ်ရင် Hair Coat လိမ်းပါ။ စိတ်ဖိစီးမှုတွေလျော့ပါ။
ဆံပင်ကျွတ်တာ အများစုကအလိုလိုပြန်ကောင်းပါတယ်။ ကိုယ်ခံအားစနစ် ဖောက်ပြန်လို့ကျွတ်လည်း ဒီအတိုင်းထားလို့ရတယ်။ နောက်ပြန်ပေါက်တယ်။ အချိန်တော့ပေးရပါတယ်။ ဆံပင်တုလည်းတပ်လို့ရ ပါတယ်။

ဆေးကုချင်တယ် ဆေးလိမ်းချင်တယဆိုရင်တော့ အရေပြားအထူးကုတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါ တယ်။

Author – Dr. CST

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...