လက်မစုပ်ခြင်းကို အချို့သော ကလေးများတွင် တွေ့မြင်ရပါသည်။ လက်မစုပ်ခြင်းကြောင့် လက်မတွင် တွယ်ကပ်နေသော ရောဂါပိုးများသည် ပါးစပ်ထဲသို့ ရောက်ရှိပြီး ရောဂါများ ရရှိနိုင်ပါသည်။ လက်မစုပ်သော ကလေးကို ကြည့်ရသည်မှာ အမြင်အားဖြင့်လည်း တစ်မျိုးဖြစ်နေပါသည်။ မိဘ (သို့မဟုတ်) အုပ်ထိန်းသူများ၏ လွဲမှားစွာ ထိန်းချုပ်မှုများကြောင့်လည်း ကလေးများ စိတ်ညစ်ရပါသည်။
လက်မစုပ်တတ်သောအရွယ်
၁၂ နှစ်အောက်ကလေးငယ်များတွင် မိန်းကလေးဖြစ်စေ၊ ယောကျာၤးလေးဖြစ်စေ၊ လက်မစုပ်ခြင်း၊ အပြုအမူကို ပြုတတ်ကြပါသည်။ အများဆုံး တွေ့ရသော အသက်အရွယ်မှာ လေးနှစ်အောက်ကလေးငယ်များဖြစ်ပါသည်။
လက်မစုပ်ခြင်း အပြုအမူ
လက်မစုပ်ခြင်း အပြုအမှုသည် လက်မတစ်ခုတည်းသာမက အခြားလက်ချောင်းကလေးများကိုလည်း ပါးစပ်ထဲသို့ထည့်ပြီး စုပ်တတ်သော အလေ့အကျင့်တစ်ခုဖြစ်ပါသည်။ တစ်နှစ်အောက်ကလေးများ၏ ပထမဆုံးနှစ်လို ပျော်ရွှင်စေသော အပြုအမူများတွင် လက်မစုပ်ခြင်းလည်း ပါဝင်ပါသည်။ လက်မစုပ်ခြင်းသည် ကလေးငယ်တစ်ဦး၏ အခြေခံအကျင့်တစ်ခုဖြစ်ပါသည်။ မကောင်းမှုတစ်ခုကဲ့သို့ သတ်မှတ်၍ မရနိုင်ကြောင်း မိဘတိုင်းမှ သိရှိထားရပါသည်။
လက်မစုပ်ခြင်း ဖြစ်စေသောအကြောင်းအရင်း
ကလေးငယ်များသည် မည်သည့်အကြောင်းပြချက်မရှိဘဲ လက်မစုပ်နေတတ်ပါသည်။ နာမကျန်းဖြစ်နေစဉ် ဆာလောင်နေချိန်၊ မောပန်းနေချိန်၊ အနားယူချိန်၊ ရုပ်မြင်သံကြားကြည့်ချိန်နှင့် အိပ်ရာဝင်ချိန်စသည့်အချိန်များ၌ လက်မကိုစုပ်နေတတ်ပါသည်။ ဧည့်သည်များ မိမိတို့အိမ်သို့လာရာတွင် မရင်းနှီးခြင်းကြောင့်လည်း လက်မစုပ်တတ်ပါသည်။
လက်မစုပ်ခြင်း အန္တရာယ်
လက်မစုပ်ခြင်းသည် မူမှန်သောအလေ့အကျင့်တစ်ခုဖြစ်သည်။ ကလေးငယ် ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်ရောက်ပါက လက်မစုပ်ခြင်းအလေ့အကျင့်ပျောက်သွားလေ့ရှိပါသည်။ ကြီးထွားသွားပေါက်သောအရွယ် ခုနှစ်နှစ်ကျော်ချိန်တွင် လက်မစုပ်ပါက ကြီးသွားပေါက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။ ရှေ့သွားများ အပေါ်တွင် ဖိအားသက်ရောက်ခြင်းကြောင့် သွားခေါကာ ရုပ်ဆိုးတတ်ပါသည်။
ကုသခြင်း
ခြောက်နှစ်၊ ခုနှစ်နှစ်ကျော်သည်အထိ လက်မစုပ်ပါက ဆရာဝန်ကို ပြသရပါမည်။ လက်မစုပ်ခြင်း ပိုမိုဆိုးဝါးလာပါကလည်း ပြသရပါမည်။ လက်မစုပ်ခြင်း အမူအကျင့်ကို ဖျက်မရပါကလည်း သေချာစွာ ကုသရပါမည်။
ကာကွယ်ခြင်း
လက်မစုပ်ခြင်း မဖြစ်စေရန် ကလေးငယ်ကို အာရုံပြောင်းရပါမည်။ လက်မစုပ်ပါက ချိုလိမ်ပေးစို့ပြီး အာရုံပြောင်းရပါမည်။
အကြံပြုချက်
မိဘ(သို့မဟုတ်) အုပ်ထိန်းသူများအနေဖြင့် လက်မစုပ်သော ကလေးငယ်အား အပြစ်ပေးခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ လက်ကိုချည်နှောင်ခြင်းနှင့် အရသာဆိုးသော ဓာတုပစ္စည်းများ လက်မ၊ လက်ချောင်းများတွင် သုတ်ပေးခြင်းများ မပြုလုပ်သင့်ပါ။ လက်မစုပ်သော အကြောင်းအရင်းကို ရှာဖွေပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ပြသရပါမည်။
Author – ဒေါက်တာကောင်းစံ Healthcare Journal (vol:8/ no:1/pg:24)