ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်းသိကောင်းစရာ

346

ဒီတစ်ပတ်ဆောင်းပါးမှာတော့ ဒီဇင်ဘာလ ၁ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (Acquired Immunodeficiency Syndrome) သို့မဟုတ် အေ့ဒ်စ်ရောဂါ (AIDS) အကြောင်းကို နည်းနည်း လောက်ပြောပြပါရစေ။
ဒီရောဂါကို အေကိုက်တယ်တို့၊ လေးလုံးရောဂါဖြစ်နေတယ်တို့ဆိုတဲ့ အတိုကောက်ဘန်းစကားတွေနဲ့ ပြောကြ တာကို ကြားဖူးနား ဝတော့ ရှိလိမ့်မယ်ထင်ပါတယ်။ အရင်ကတော့ “ကုရာနတ္ထိ၊ ဆေးမရှိ” ဆိုပြီး ပြောခဲ့ကြပေ မယ့် အခုတော့အဲဒီ အေ့ဒ်စ်ရောဂါကို ပိုဆိုးမသွားနိုင်အောင် ထိန်းပေးတဲ့ဆေးတွေလည်း ရှိနေသလို ကုသနိုင် မယ့်နည်းလမ်းတွေကိုလည်း ရှာဖွေတွေ့ရှိနေကြပြီ ဖြစ်ပါတယ်။ ဒီအေ့ဒ်စ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက တော့ အိတ်အိုင်ဗွီ (HIV) လို့အတိုကောက်ခေါ်ကြတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဗိုင်းရပ်စ်ပိုး (Human Immunodeficiency Virus) ပဲဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်ပိုးရဲ့ ပုံစံကလုံးဝိုင်းပြီး အရွယ်အစားက ၁၂၀ညာ အရွယ်သာရှိတဲ့အတွက် လူရဲ့ပုံမှန်သွေးနီဥဆဲလ် (Red Blood Cell, RBC) တစ်ခုရဲ့ အပုံ၆၀ပုံ တစ်ပုံလောက်သာ ရှိတာပါ။ အဲဒီ HIV ဗိုင်းရပ်စ်ပိုးက Retroviridae မိသားစုဝင် Lentivirus မျိုးစိတ်ဖြစ်ပါတယ်။ HIV မှာမှ HIV 1 နဲ့ HIV 2 ဆိုပြီး ဗိုင်းရပ်စ်ပိုးအမျိုး အစား ၂ မျိုးရှိပါတယ်။ HIV 1 က HIV 2 ထက်အဆ ပေါင်းများစွာ ပိုပြီးကူးစက်နိုင်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ HIV 1 ကူးစက်ခံရတာပိုများပါတယ်။ HIV 2ကတော့ ကူးစက်နိုင်မှု အားနည်းတဲ့အတွက် အနောက်အာဖရိကလို နေရာမျိုးမှာတင် ဖြစ်တာများပါတယ်။

သူတို့က ဘယ်လိုနည်းလမ်းနဲ့ ကူးစက်သလဲဆိုရင် အဓိကအားဖြင့် နည်းလမ်း ၃ခုနဲ့ ကူးစက်ပါတယ်။

(၁) ရောဂါရှိသူရဲ့ သွေး၊ သွေးနဲ့ထိတွေ့ထားတဲ့ ပစ္စည်းတွေကတစ်ဆင့် ကူးစက်ခံရခြင်း – သွေးသွင်းခြင်း (၉၀%) – ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း (ဝ.၆၇%) – မတော်တဆ အပ်စူးခြင်း (ဝ.၃၀%)
(၂) ရောဂါပိုးရှိသူရဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း – ရောဂါရှိသူ၏ မိန်းမကိုယ် (Vagina) အတွင်းသို့ လိင် တံထိုးသွင်းခြင်း (ဝ.၀၁ – ဝ.၃၈%) – ရောဂါရှိသူ၏ လိင်တံကို မိန်းမကိုယ်အတွင်းသို့ ထိုးသွင်းခံခြင်း (ဝ.၀၅ – ဝ.၃၀%) – ရောဂါရှိသူ၏ လိင် တံဖြင့်စအို (Anus) အတွင်းသို့လိင်ဆက်ဆံခြင်း (ဝ.၀၃%) – ရောဂါရှိသူ၏ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းခံခြင်း (ဝ.၀၄ – ၃.ဝ%) – ရောဂါရှိသူ၏ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (၀ – ဝ.၀၀၅%) – ရောဂါရှိသူ၏ ပါးစပ်တွင်းသို့ လိင်ဆက်ဆံခြင်း (၀ – ဝ.၀၄%)
(၃) မိခင်မှ ကလေးသို့ကူးစက်ခြင်း (၂၅%)

အဲဒီနည်းလမ်းတွေကနေ တစ်ဆင့်ကူးစက်တာဖြစ်ပြီး ရောဂါရှိတဲ့သူနဲ့ တစ်ခန်းထဲအတူနေတာ၊ အလုပ် အတူလုပ်တာ၊ ခြင်ကိုက်ခံရတာ၊ ရောဂါရှိသူရဲ့ ဆီး၊ မစင်၊ တံတွေး၊ သလိပ်၊ နှာရည်၊ မျက်ရည်၊ ချွေး၊ အန်ဖတ်နဲ့ ထိတွေ့မိတာ၊ သာမန် နမ်းရှုံ့မိတာ၊ ရောဂါရှိသူသောက်ထားတဲ့ ရေခွက်၊ စားထားတဲ့ထမင်းပန်းကန်၊ ဇွန်းတွေနဲ့ စားသောက်တာတွေကနေတော့ ရောဂါမကူးစက်နိုင်ပါဘူး။ ရောဂါကူးစက်ပျံ့နှံ့ပုံအကြောင်း မပြောခင်ကျနော် တို့ကိုယ်ခန္ဓာထဲကို ရောဂါပိုးမွှားတွေဝင်လာတဲ့အခါ အဲဒီရောဂါပိုးမွှားတွေကို ခုခံကာကွယ်တဲ့ ကိုယ်ခံအားစနစ် အကြောင်းကို အကြမ်းဖျဉ်းပြောပြပါမယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာထဲကို ရောဂါပိုးမွှားတွေကျူး ကျော်ဝင်ရောက်လာပြီဆိုတာနဲ့ ကိုယ်ခံအားစနစ်ကစပြီး အလုပ်လုပ်ပါတယ်။ အဲ့လို ရောဂါပိုးတွေ ဝင်ရောက် လာတဲ့အခါ သွေးဖြူဥ အမျိုးအစားတစ်ခုဖြစ်တဲ့ အကူအညီပေး သွေးဖြူဥ “တီ” (Helper T Lymphocytes or helper T Cells or CD4 + T Cells) ကသူ့လုပ်ငန်းတာဝန် နှစ်ခုထဲက တစ်ခုကို အရင်ဆုံးလုပ်ဆောင်ပါ တယ်။ ဒီတီဆဲလ်ကို မြန်မာပြည်က လူတွေကစီဒီဖိုးဆဲလ် (CD4+T Cells) လို့သိကြပါတယ်။

သူ့ပထမတာဝန်က ဘာလဲဆိုရင်ရောဂါပိုးကိုတွေ့တွေ့ချင်း တခြား ကိုယ်ခံအားဆဲလ်တွေကို အကူအညီတောင်းတဲ့အနေနဲ့ ဓာတု ပစ္စည်းတွေလွှတ်ပြီး သူ့ဆီကို စုပြုံလာဖို့ အချက်ပြရတာပါ။ သူရဲ့ အချက်ပြကိုရလို့ ရောက်လာတဲ့ သွေးဖြူဥကိုယ်ခံအားဆဲလ် တွေက ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ခိုက်ချေမှုန်းကြပါတယ်။

ဒုတိယတာဝန်အနေနဲ့ အကူအညီပေးသွေးဖြူဥ “တီ” ဟာဓာတုပစ္စည်းတွေ ထပ်လွှတ်ပေးပြီး ရောက်လာတဲ့သွေးဖြူဥတွေကို ပွား များအောင်လုပ်ပေးပါတယ်။ အသက်ထပ်ပွားလာတဲ့ သွေးဖြူဥတွေက ကိုယ်ခံအားပဋိပစ္စည်း (Antibodies) တွေကို ဖန်တီးပေး ပြီးအဲဒီ ကိုယ်ခံအားပဋိပစ္စည်းတွေက တစ်ကိုယ်လုံးမှာရှိတဲ့ အခုနကကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးရဲ့ ကိုယ်ခန္ဓာမှာတွယ် ကပ်ပြီး ရန်သူဖြစ်ကြောင်းခွဲခြားသတ်မှတ်ပေးပါတယ်။ အဲဒီလို ကိုယ်ခံအားပဋိပစ္စည်းတွေက ရောဂါပိုးကို တွယ်ကပ်ပြီးရန်သူဖြစ် ကြောင်းသတ်မှတ်ပြီးတာနဲ့ ကျန်တဲ့ကိုယ်ခံအားဆဲလ်တွေက အဲဒီမှတ်သားထားတဲ့ ရန်သူရောဂါပိုးတွေကို အမြစ်ပြတ်ချေမှုန်းပါ တော့တယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကအလုပ်လုပ်ပါတယ်။

အဲဒီလိုနဲ့ပဲ HIV ကူးစက်ခံရပြီဆိုရင် ဗိုင်းရပ်စ်ပိုးတွေဟာ ကူးစက်ခံရသူရဲ့သွေးတွေ၊ တခြားအရည်တွေထဲကို ကူးစက်ပျံ့နှံ့သွားပါ တယ်။ ဒါပေမယ့် ဒီကောင်ကဉာဏ်များတဲ့ ရောဂါပိုးဖြစ်လေတော့ သူ့ကို ကိုယ်ခံအားစနစ်က မရိပ်မိအောင် ဦးစားပေးအနေနဲ့ အ ကူအညီပေးသွေးဖြူဥ “တီ” ရဲ့ဆဲလ်ခန္ဓာထဲကို ခိုးဝင်လိုက်ပါတယ်။ သူကဆဲလ်ထဲကို ခိုးမဝင်ခင်မှာ RNA (Ribonucleic Acid) သဘာဝရှိပေမယ့် ဆဲလ်ထဲကိုရောက်သွားတဲ့အခါ သူ့ကိုယ်သူ DNA (Deoxyribonucleic Acid) သဘာဝအဖြစ် ပြောင်းလဲလိုက် ပါတယ်။ အစက ဘင်္ဂါလီ၊ မြန်မာထဲကိုခိုးဝင်ပြီးမှ ရိုဆိုပြီးလုပ်သလိုမျိုးပေါ့။ သဘောပြောပြတာပါ။

အဲလို DNA သဘာဝကို ပြောင်းပြီးတဲ့အခါ တီဆဲလ်ရဲ့ အတွင်းပိုင်းဗဟိုဌာနချုပ်ဖြစ်တဲ့ နျူကလိယ (Nucleus) ထဲကိုအယောင် ဆောင်ဝင်ရောက်ပြီး အဲ့အထဲမှာ HIV ပိုးအမြောက်အများကို မျိုးပွားထုတ်ပါတော့တယ်။ အဲ့ဒီအသစ်ထုတ်လိုက်တဲ့ HIV ဗိုင်းရပ်စ် ပိုးတွေက သူတို့မျိုးပွားတိုက်ခိုက်ခဲ့လို့ ချို့ယွင်းသွားတဲ့ အကူအညီပေးသွေးဖြူဥ “တီ” ကိုစွန့်ခွာပြီး နောက်ထပ် “တီ” ဆဲလ် (စီဒီ ဖိုးဆဲလ်၊ CD4+T Cells) တွေကိုထပ်ပြီး ကူးစက်ပွားများကြပါတယ်။ ကူးစက်ခံခဲ့ရလို့ ချို့ယွင်းသွားတဲ့ တီဆဲလ်တွေကို ချို့ယွင်း ဆဲလ်ဖျက်သိမ်းရေး ကိုယ်ခံအားဆဲလ်ဖြစ်တဲ့ စီဒီအိတ်ဒ် (CD8 Cytotoxic Lymphocytes) တွေက ဖျက်သိမ်းသုတ်သင်ပစ်ပါ တယ်။

ဒါကြောင့် အကူအညီပေးသွေးဖြူဥ “တီ” တွေဟာ သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘဲ သေဆုံးပျက်စီး သွားကြတာကြောင့် ကိုယ်ခန္ဓာထဲကို နောက်ထပ်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ရာမှာ ပါဝင်ကူညီဖို့ မလုပ် ဆောင်ပေးနိုင်တော့ပါဘူး။ အဲ့ဒီလို အကူအညီပေးသွေးဖြူဥ “တီ”တွေ သေဆုံးကုန်တာကြောင့် ကိုယ်ခံအားစနစ်ချို့ယွင်းမှု၊ အား နည်းမှုတွေ ဖြစ်လာပါတော့တယ်။ အဲလိုကိုယ်ခံအားစနစ် ချို့ယွင်းလာတဲ့အခါ (စစ်တပ်အင်အားနည်းသွားတဲ့အခါ) တောမီး လောင်တောကြောင်လက်ခမောင်းခတ် ဆိုသလိုပဲ တီဘီတို့၊ အဆုတ်ရောင်တို့၊ ရေယုန်စတဲ့ တခြားရောဂါပိုးတွေကလည်း အ လွယ်တကူဝင်ရောက်လာကြပါတယ်။ ဒီလိုဝင်ရောက်လာတဲ့ ကူးစက်ရောဂါတွေကို အချောင်ပိုးမွှားကူးစက်မှု (Opportunistic Infections) တွေလို့ခေါ်ပါတယ်။ အဲ့ဒါတွေအပြင် ဦးနှောက်အမြှေးရောင်၊ ဦးနှောင်ရောင်၊ ကင်ဆာရောဂါ စတာတွေပါဖြစ်လာပါ တယ်။ အဲလိုအချောင်ပိုးမွှားကူးစက်မှု တစ်ခုနဲ့အထက် ရှိလာပြီဆိုရင်တော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါစု (AIDS) အဆင့်ထိ ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။

HIV ပိုးစပြီး ကူးစက်ခံရပြီဆိုရင် ကူးစက်ခံရတဲ့သူရဲ့ ၄၀-၉၀ ရာခိုင်နှုန်းမှာ ၂ပတ်၊ ၃ပတ်လောက် တုပ်ကွေးမိသလို ဖျားတာ၊ ပြန် ရည်ကျိတ်တွေရောင်တာ၊ လည်ချောင်းနာတာ၊ အင်ပြင်တွေထွက်တာ၊ ခေါင်းကိုက်တာ၊ ပါးစပ်နဲ့လိင်အင်္ဂါတွေမှာ အနာတွေ ပေါက်တာမျိုး ခံစားရပါတယ်။ တချို့လူတွေမှာတော့ ဘာလက္ခဏာမှ မခံစားရတာမျိုးလည်းရှိပါတယ်။ စပြီးကူးစက်ခံရတဲ့ အချိန် ကနေ HIV ရောဂါပိုးရှိကြောင်း စမ်းသပ်တွေ့ရှိဖို့အတွက် ကြာချိန် (Window Period) က ၁၀ရက်ကနေ ၃လအထိရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုတွေ့ရှိဖို့အတွက်က လူတစ်ဦးချင်းစီနဲ့ စမ်းသပ်တဲ့နည်းစနစ်အပေါ်မှာ မူတည်ပြီးကြာတာမို့ အခုနောက်ပိုင်းနည်းစ နစ်အသစ်သစ်တွေ ပေါ်လာတဲ့အချိန်မှာတော့ ရက်ပိုင်းအတွင်းမှာ ပိုးရှိမရှိ သိနိုင်လာကြပါပြီ။
စမ်းသပ်တဲ့နည်းစနစ်တွေကတော့ Rapid Antibody Test နဲ့စစ်ရင် ရောဂါကူးစက်ပြီး ၃လ အကြာမှာရှိမရှိသိနိုင်မယ်။ ကိုယ်ခံ အားပဋိပစ္စည်း Antibody တွေကအဲ့လောက်ကြာမှထွက်လာတာမို့ပါ။ Rapid Antibody / Antigen Combination Test နဲ့စစ်ရင် ရောဂါစပြီး ကူးစက်ခံရတဲ့အချိန်ကနေ ၁၂ ရက်ကနေ ၄၅ ရက်အတွင်းရောဂါပိုး ရှိမရှိသိနိုင်မယ်။ RNA Test နဲ့စစ်ရင် ၁၀ ရက်က နေ ၁၄ ရက်အတွင်းသိနိုင်မယ်။ Home Testing Kits နဲ့စစ်ရင် ၃လအကြာမှာသိနိုင်မယ်။ PCR Tests (Polymerase Chain Reaction Tests) နဲ့စစ်ရင် ၂ပတ်ကနေ ၃ပတ်အကြာမှာ သိနိုင်ပြီးဗိုင်းရပ်စ် ပိုးကောင်ရေ (Viral load) ပါစစ်လို့ရပါတယ်။

HIV ကူးစက်ခံရတာနဲ့ တန်းပြီးခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) တန်းမဖြစ်ပါဘူူး။ ကျွန်တော်တို့ရဲ့ ပုံမှန်စီဒီဖိုး “တီ” ဆဲလ်အရေအတွက် 500 – 1400 cells/cubic millimeter ကနေ 200 cells/ cubic millimeter အထိကျသွားပြီဆိုမှ ကျန်တဲ့အ ချောင်ပိုးမွားကူးစက်ခံရမှု (Opportunistic Infection) တွေဝင်လာပြီးတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါစု (AIDS) အဖြစ် ရောက်သွားတာပါ။ ဆေးဝါးကုသမှု မခံယူဘဲနေမယ်ဆိုရင် ဒီလို HIV ရောဂါဝေဒနာရှင်ဟာ အာဏာကုန် ၁၀နှစ်၊ ၁၁နှစ်ပဲရှင်သန် ခွင့်ရပါလိမ့်မယ်။ ဆေးဝါးကုသမှုခံယူမယ်ဆိုရင်တော့ ပုံမှန်သက်တမ်းစေ့နီးပါး နေထိုင်ရှင်သန်ခွင့် ရပါလိမ့်မယ်။ “တီ” ဆဲလ်အ ရေအတွက် ၂၀၀ အောက်ရောက်သွားပြီဆိုရင် ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်က လွယ်လွယ်လေးကာကွယ်ခဲ့တဲ့ မှိုပိုး၊ ဗိုင်း ရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး (အကျိုးပြုဘက်တီးရီးယားပိုးတွေ အပါအဝင်) ကပ်ပါးပိုးတွေက အလွယ်တကူဒုက္ခပေးလို့ ရသွားပါ တယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကာပိုစီကင်ဆာ (Kaposi’s sarcoma)၊ ဘာ့ခ်ကစ် ပြန်ရည်ကျိတ်ကင်ဆာ (Burkitt’s lymphoma)၊ ဗဟိုအာရုံကြောစနစ် ပြန်ရည်ကျိတ်ကင်ဆာ (Primary central nervous system lymphoma)၊ သားအိမ်ခေါင်း ကင်ဆာ (Cervical Cancer) တွေပါဖြစ်လာကြပါတယ်။ လျှာနဲ့ခံတွင်းမှာ မှက္ခရုစွဲတာ၊ အရေပြားမှာအနာတွေပေါက်တာ၊ မျက် သားကင်ဆာ (Conjunctival Cancer) ဖြစ်တာတွေလည်း အေ့ဒ်စ်ဖြစ်ပြီဆိုရင် အဖြစ်များပါတယ်။ အဲ့လိုထပ်ဖြစ်တဲ့ အချောင်ပိုး မွှားကူးစက်မှုတွေကိုတော့ ဖြစ်တဲ့ရောဂါအလိုက် သင့်တော်တဲ့ဆေးဝါးတွေ တိုက်ကျွေးပေးရမှာပါ။

HIV မကူးစက်အောင် ကာကွယ်ဖို့အတွက်ကတော့ အထက်ကပြောခဲ့တဲ့ကူးစက်နိုင်တဲ့နည်းလမ်းတွေကို သိရှိပြီးသတိထားလိုက် နာရှောင်ကြဉ်ကြရမှာပါ။ ဒါ့အပြင်ကွန်ဒုံးကို စနစ်တကျသုံးတာ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးတာ၊ တစ်ကိုယ်ရေသုံးပစ္စည်း တွေကိုမျှဝေသုံးစွဲတာမျိုးမလုပ်တာ၊ သွေးနဲ့ထိတွေ့ထားတဲ့ ပစ္စည်းတွေကိုစနစ်တကျ စွန့်ပစ်တာ၊ ပြန်သုံးရမယ်ဆိုရင်လည်း စနစ် တကျပိုးသန့်စင်ပြီးမှ ပြန်သုံးတာမျိုးလုပ်ရင် HIV ကူးစက်ခံရတဲ့ အန္တရာယ်ကနေကာကွယ်နိုင်ပါလိမ့်မယ်။
HIV ကူးစက်ခံသွားရပြီဆိုရင်လည်း စိတ်ဓာတ်မကျဘဲ အာဟာရပြည့်အောင်စားတာ၊ အိပ်ရေး၀၀အိပ်တာ၊ စိတ်ဖိစီးမှုကင်းအောင် တရားထိုင်၊ တရားမှတ်တာ၊ သွေးပုံမှန်စစ်ဆေးပြီး လိုအပ်တဲ့ဆေးဝါးကုသမှုခံယူတာမျိုးတွေကို လုပ်ရပါမယ်။ HIV ကူးစက်ခံရသူ တွေကိုလည်း HIV ရှိမှန်းသိတဲ့သူတွေက ရှောင်ဖယ်ဖယ်မလုပ်ဘဲ အားပေးတာ၊ ကူညီတာ၊ စိတ်ဓာတ်မြှင့်တင်ပေးတာတွေကို လူ သားချင်းစာနာမှု အနေနဲ့လုပ်ပေးရပါမယ်။ အားနည်းသူ ဝါးကူထိုးတဲ့ အဖြစ်မျိုးမဖြစ်ရအောင်တော့ လူတိုင်းကိုယ့်ပင်ကိုယ်အသိ စိတ်နဲ့ ထိန်းသိမ်းပေးကြရမှာပါ။

နိဂုံးချုပ်အနေနဲ့ပြောရရင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) ဆိုတာက HIV ကူးစက်ခံရသူတိုင်း နောက်ဆုံးအဆင့်အ နေနဲ့ ကြုံတွေ့ကြရမှာဖြစ်ပေမယ့် အဲလို့ကြုံရမှာပဲဆိုပြီး စိတ်ဓာတ်မကျဘဲ ကျွန်တော်ပြောခဲ့တဲ့နည်းလမ်းတွေအတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုရင် လူ့သက်တမ်းစေ့နီးပါး ပုံမှန်လူတစ်ယောက်လို ရှင်သန်နေထိုင်ခွင့်ရပါလိမ့်မယ်။ ဒီလိုကူးစက်ခံရသူတိုင်း ကိုလည်း ကျန်းတဲ့သူတွေကဝိုင်းဝန်းဖေးမကူညီ အားပေးပေးရပါမယ်။ HIV / AIDS ရောဂါဝေဒနာရှင်တွေအတွက် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ World AIDS Day အဖြစ်သတ်မှတ်ပေးပြီး ဖဲကြိုးအနီရောင်နဲ့ သင်္ကေတ ပြုပေးထားပါတယ်။ အဲ့လိုနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်နှလုံးနူးညံ့သူတွေပီပီ ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဝေဒနာရှင်တွေကို နွေးနွေးထွေးထွေးဆက်ဆံပြီး ဖေးဖေးမမကူညီပေးကြပါလို့ ပြောရင်း ကျွန်တော့်ရဲ့ “ခုခံအားကျဆင်းမှု ကူး စက်ရောဂါအကြောင်း သိကောင်းစရာ” ဆိုတဲ့ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရစေဗျာ။

Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်) (Healthcare)

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!