HIV နဲ့နေရာ

257

ကျွန်တော်ရေးသားလိုသည့် နေရာဆိုသည့် အဓိပ္ပါယ်မှာ နေထိုင်ရာအရပ်ကိုဆိုလိုခြင်းမျိုး မဟုတ်ဘဲ မိမိအလုပ် အကိုင်နှင့် လုပ်ပိုင်ခွင့်ရှိသည့် ရာထူးကိုဆိုလိုခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏အလုပ်အ ကိုင်နှင့် ရာထူး အသီးသီးတို့တွင် ထိပ်ဆုံးနေရာမှအစ အောက်ခြေနေရာထိလုပ်ပိုင်ခွင့် အသီးသီးရှိနေကြသလို ထိုနေရာများတွင် မိမိတို့အတွက် အဆင်ပြေချောမွေ့နေပါက မရမကဖက်တွယ်ထားလေ့ရှိကြသည်ကို တွေ့ဖူး မြင်ဖူးကြပါလိမ့်မည်။ ဤသို့ရာသက်ပန်မစွန့်လွတ်နိုင်ဘဲ ဖက်တွယ်ထားခြင်းများကြောင့် ကောင်းကျိုးထက် ဆိုးကျိုးများကို ဖြစ်ပေါ်စေ နိုင်သကဲ့သို့ အောက်လက်နာသည်ဟု ပြောဆိုရမည့်နောင်လူများအတွက် အခွင့်အ လမ်းများကို ပိတ်ဆို့တားဆီး မှုများကိုလည်း ဖြစ်ပေါ်စေပါသည်။ ဤသို့ဖြင့် အလုပ်အကိုင်နှင့် နေရာဌာန အသီးသီးတို့တွင် နေရာတစ်ခုကို ဖက်တွယ်ခြေကုပ်ယူထားခြင်းကြောင့် မျှဝေတိုးတက်မှုများဖြစ်မလာသည့် HIV လောကအကြောင်းများကို တင် ပြရေးသားရခြင်း ဖြစ်ပါသည်။ HIV လောကတွင်လည်း ရှေးကနဦးအစမှ ယနေ့ထိတိုင် HIV ပိုးဖြင့် ရှင်သန်နေရ သူအများစုသည်အကြောင်း အမျိုးမျိုးတို့ကြောင့်လည်း လုပ်ငန်းခွင်မှ ထုပ်ပယ်ခံရခြင်းများ၊ HIV ရှိနေသဖြင့် အလုပ်အကိုင်ပေးမည့် နေရာဌာနများမှ လက်မခံခြင်းများဖြင့် အလုပ် လက်မဲ့လူဦးရေတိုးပွားနေသည်ကို မည် သည့်အဖွဲ့အစည်းများမှ စစ်တမ်းကောက်ယူခြင်းမျိုး အလုပ်အကိုင် ရှာဖွေပေးအပ်ခြင်းမျိုးများ အရှိကြဘဲငါးပွက် ရာ ငါးစာချခြင်းလုပ်ငန်းများသာတည်ရှိလျှက် နေပါသည်။

HIV ပိုးရှိ၍ လုပ်ငန်းခွင်မှ ထုပ်ပယ်ခံခဲ့ရပြီး ကျန်းမာရေးများပြန်လည်ကောင်းမွန်လာသည့်အခါ အလုပ် လက်မဲ့ဘဝများအဖြစ်သာ ရပ်တည်ကြရလျှက်ရှိနေပါသည်။ ကုသရေးဆိုင်ရာ ကိစ္စအရပ်ရပ်များကိုသာ ဇောင်း ပေးလုပ်ဆောင်ပြီး ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လျစ်လျူရှုခြင်းဖြင့် HIV လောကအ တွက် ရလဒ်ကောင်းများဖြစ်လာနိုင်မည် မဟုတ်သလိုနိုင်ငံ၏ လူသားအရင်းအမြစ်များလည်း ထွက်ပေါ်လာမည် မဟုတ်ပါ။ HIV ပိုးရှိနေသူအသီးသီးတွင် မိမိတို့တတ်စွမ်းသမျှ လုပ်အားအရင်းအမြစ်များ အသီးသီးရှိနေပြီးဖြစ် သလို ထိုအရင်းအမြစ်များကို ပြန်လည်အသုံးချပေးနိုင်မည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းဌာနများရှိမနေခြင်း သည်လည်း နစ်နာဆုံးရှုံးရမှုများကို ဖြစ်စေပါသည်။ ကျန်းမာရေးများပြန်လည်ကောင်းမွန်နေသော်လည်း မိမိတို့ ၏လုပ်အားအရင်းအမြစ်များနှင့် ဝင်ငွေရှာဖွေခွင့်မရရှိခြင်းသည်လည်း ထိုသူတို့၏ မိသားစုဘဝများရပ်တည်နိုင်မှု ကိုဟန့်တားစေသကဲ့သို့သာ ဖြစ်နေပါတော့သည်။ မြန်မာနိုင်ငံ၏ HIV လောကတွင် INGO နှင့် NGO များဝင် ရောက်လာပြီးနောက်ပိုင်း အချို့သော HIV ရှိသူများအတွက် အလုပ်အကိုင်အနည်းငယ်ပေါ်ပေါက်လာခဲ့ပါ သည်။ သို့သော် အလုပ်လက်မဲ့ HIV ရှိသူလူဦးရေနှင့် ချိန်ထိုးကြည့်ပါက ဆင့်ပါးစပ်နှမ်းပက်သလိုသာ ဖြစ်နေပြီး အလုပ်လက်မဲ့ ဖြစ်နေရှာသော HIV ရှိသူများသာ ထပ်မံတိုးပွားလာလျှက်ရှိနေပါသေးသည်။

HIV ပိုးရှိသူများကို အလုပ်အကိုင်ပေးမည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာသော်လည်း စတင်ပေါ် ပေါက်လာစဉ်ကတည်းက အလုပ်အကိုင်ရရှိခဲ့သော HIV ပိုးရှိသူများသည်လည်း ထိုနေရာမှ မရွှေ့မဖယ်ပေးလို ကြတော့ဘဲ နေရာတစ်ခုကို ဖက်တွယ်ထားသူများဖြစ်နေကြပါသည်။ ရာထူးတာဝန်အမျိုးမျိုး၏ အမည်သာ ပြောင်းလဲသွားတတ်ကြသော်လည်း တာဝန်အသစ်၊ လုပ်ငန်းအသစ်များ ပေါ်ပေါက်လာပါကထိုသူများသာ နေရာရသွားတတ်ကြပါသည်။ အချို့သည်လည်း Project အမျိုးမျိုးကို Cost Share သဘောဖြစ်လုပ်ကိုင်ပြီး နှစ်သီး၊ သုံးသီးစားသူများလည်း ရှိနေကြပါသည်။ ထိုသို့လူတစ်ဦးတည်းကို အလုပ်အကိုင်များစွာပေးခြင်းဖြင့် အလုပ်အကိုင်မဲ့နေသော HIV ရှိသူများ အောက်လက်နာခြင်းအဖြစ်ကို ခံစားရပြီး မိသားစုစားဝတ်နေရေး ဒုက္ခ ရောက်ကြရပါတော့သည်။ အလုပ်အကိုင်ပေးသူများဘက်ကကြည့်လျှင် Cost Share အဖြစ်အလုပ်ပေးပါက သူတို့ပေးရသည့်လုပ်အားခသက်သာသလို သူတို့အဖွဲ့အစည်းအတွက် ငွေပိုငွေလျှံပေးလာခြင်း အမြတ်ရရှိနိုင်ပါ သည်။ ထိုအလုပ်အကိုင်များပေးရာတွင်လည်း ထိုသူသည်အတွေ့အကြုံရှိ၍ ပေးရခြင်းဆိုသည့်အကြောင်းပြ ချက်တစ်မျိုးသာရှိပြီး နောက်ကွယ်တွင် အလုပ်ပေးသူနှင့်အလုပ်ရရှိသူတို့၏ အကျိုးကိုသာဖြစ်ပေါ်စေပါသည်။ ထိုအချက်အလက်များသည် ပေါ်လွင်ထင်ရှားမှုရှိသလို လူမသိ၊ သူမသိသာဖြစ်ကြပါသည်။ အလုပ်မရတော့ သည့် HIV ပိုးရှိသူများနှင့် မိသားစုဝင်များ၏ စားဝတ်နေရေးဒုက္ခရောက်ကြရသည်ကို ထည့်သွင်းစဉ်းစားမှုမျိုး များမည်သူမျှ မလုပ်ကြပေ။

အချို့သောနှစ်ချို့ HIV ရှိသူများသည် အလုပ်အကိုင်နှစ်မျိုး၊ သုံးမျိုးတစ်ပြိုင်နက်တည်း လုပ်ကိုင်နေကြ သလိုအလုပ်ပေးကြသည့် အဖွဲ့အစည်းများနှင့် ဆရာ၊ ဆရာမများ၏အလိုကျ လုပ်ကိုင်ပေးခြင်းဖြင့်သူတို့၏ နေ ရာများကို ရာသက်ပန်ဖက်တွယ်ထားသူများလည်း ရှိနေကြပါသည်။ ထိုသူများသည်သာ HIV ရှိနေသော်လည်း ဝင်ငွေကောင်းများခံစားရရှိကာ အိမ်ဝယ်၊ ကားဝယ်၊ ခြံဝယ်ဖြင့် ဝင်ငွေကောင်းသူများဘ၀ ဖြစ်ကြသူများလည်း ရှိနေကြပါသည်။ အလုပ်ပေးသူများကလည်း ထိုသူမှထိုသူသဘောထားကာ အလုပ်အကိုင်များပေးအပ်ကြပြီး စားဝတ်နေရေးခက်ခဲနေသော အခြား HIV ရှိနေသူများကို ထည့်သွင်းစဉ်းစားခြင်းမပြုသည်မှာ ကြာမြင့်နေပြီဖြစ် ပါသည်။ ထို့အပြင် HIV လောကခေတ်စားချိန်တွင် ပြည်တွင်းအဖွဲ့အစည်းများကလည်း NGO များထူထောင်ကာ HIV လုပ်ငန်းနှင့်အခြားသောလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်လျှက် ရှိလာကြပါသည်။ ထိုထဲတွင်မှ အချို့သော NGO ထူထောင်သူများသည် HIV လုပ်ငန်းလုပ်သည်ဆိုသော်လည်း HIV ပိုးရှိသူများကို အလုပ်အကိုင်ရေရှည် ပေးခြင်းမျိုး၌ အလုပ်ခန့်ထားမှုမျိုးမရှိဘဲ သူတို့၏ ဆွေမျိုးသားချင်းများ၊ ရပ်ဆွေရပ်မျိုးများနှင့်ပြောဆို၍ ရမည့်သူ များကိုသာအလုပ်အကိုင်ပေးခြင်းများလည်း ရှိနေကြပါသေးသည်။ ထို့အတွက်ကြောင့် HIV လောကတွင်ငွေရ သည့်နေရာမှန်သမျှသည် ပတ်သက်ရာပတ်သက်ကြောင်းများနှင့်သာ ရပ်တည်လျက်ရှိနေပါကြောင်း တင်ပြ လိုက်ရပါတော့သည်။

READ :   HIV နဲ့အရေပြားရောဂါ

Author – လှိုင် (PEER) Healthcare Journal

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ