သဘာဝအားဖြင့် ရွှေပန်းကို ဖုံးအုပ်ထားတဲ့အရေပြားဟာ ငယ်စဉ်က လိင်တံတစ်ခုလုံးကို လုံခြုံစွာ ဖုံးအုပ်ထား သော်လည်း အရွယ်ရောက်လာတဲ့အခါ အဲဒီအရေပြားဟာ နောက်ဘက်ကို တွန့်ဆုတ်သွားပြီး လိင်တံထိပ်ဖူးဟာ သူ့အလိုလို ပေါ်လာရပါတယ်။
တချို့ကတော့ လက်နဲ့နောက်ဘက်တွန်းလိုက်မှ အတွင်းက လိင်တံခေါင်းပေါ်လာပြီး တချို့ကတော့မပေါ်လာတော့ပါ။အဲဒီလိုမပေါ်လာ၍ဖြစ်ဖြစ် ပေါ်လာဖို့ လက်နဲ့နောက်ဘက်ဖြဲရ၍ဖြစ်ဖြစ်အပေါ့သွားတဲ့အခါ မေ့လျော့ပြီးလိင်တံအရေပြားကို နောက်သို့ဆွဲယူခြင်းမပြုတဲ့အတွက် ဆီးကျန်မယ်။ လိင်တံအရေပြားက ဆီးတစ်စိုစိုဖြစ်ပြီး ယားယံမယ်။ အနာဖြစ်မယ်။ အနာပြန်ကျက်မယ်။ အဲဒီလိုအနာဖြစ်လိုက် ပြန်ကျက်လိုက်နဲ့ ထိပ်ဝဟာ တဖြည်းဖြည်းကျဉ်းသထက် ကျဉ်းလာတာပြီး ပိတ်သထက် ပိတ်လာပါတယ်။ လိင်တံ ထုတ်မရတဲ့အတွက် ဆီးကျဉ်၊ ဆီးပူလောင်ဖြစ်ပြီး လိင်တံအတွင်းသားတွေစားပြီး အရေပြားနဲ့ ပူးကပ်စွာ ခွာမရ ဖြစ်တာ တွေ၊ လိင်တံပြောင်းထဲ ဆီးဂျိုးတွေကပ်ပြီး အနံ့ဆိုးထွက်၊ အနာတွေဖြစ်တတ်ပါတယ်။ မွေးရာပါ ထိပ်မပွင့် တာဟာ အပ်ပေါက် လောက်အဆင့်အထိ ပိတ်နေရင် ဆီးတစ်ခါသွားရင် နာရီဝက်ထိတောင် ကြာတတ်သလို ထိပ်မှာ ဆီးတွေနဲ့ ဖောင်းကား နေတတ်တယ်။ နောက်ဆုံးလက်နဲ့ ညှစ်လိုက်မှ လက်ကျန်ဆီးများ ထွက်ကျသည်အထိ ဖြစ်တတ် ပါတယ်။ ဒီလို ဆီးထွက် နှေးသောကြောင့် ဆီးကျောက်တည်တာ၊ ဆီးပြွန်ကြီးတာ၊ ကျောက်ကပ်ရေအိတ်တည်၍ ကျောက်ကပ်သား ပျက်စီးတာ တွေလည်း ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ အရေပြားထိပ် မပွင့်လို့ အတွင်းဆီးလမ်းကြောင်း ပိတ်နေတာကို မသိနိုင်တဲ့ အတွက် ကျောက်ကပ်ထိတာက ပိုဖြစ်တတ်ပါတယ်။ လိင်အပျော်အပါးလိုက်စားရင်တောင် ထိပ်ပိတ်သူတွေက ပိုပြီးရောဂါရလွယ်ပါတယ်။ တချို့ထိပ်ပိတ်နေလို့ လာဖွင့် ကြတယ်။ အဲဒီလို ခွဲစိတ်မှုလုပ်တဲ့အခါမှာ လိင်တံမှာ ကြွက်နို့တွေ ဗလပွနဲ့ဖြစ်တာကို တွေ့ရလို့ လိင်တံထက်ဝက် ဖြတ်ပစ်လိုက်ရတာတွေ၊ လိင်တံနဲ့အရေပြား လောင်မြိုက်ကပ်ပြီး ခွာမရတဲ့အထိဖြစ်နေတာတွေ တွေ့ရပါတယ်။ ဒီတော့ ထိပ်အရေပြားရှည်တာကို စောစီးစွာ ဖြတ်သင့်ပါတယ်။ အပ်ပေါက်လောက်ဖြစ်ပြီး ဆီးသွားရခက်ခဲတဲ့ လသား၊ နှစ်သားအရွယ်တွေလည်း ပြကြပါတယ်။ ငယ်လွန်းတဲ့အတွက် လူကြီးလို ခွဲစိတ်မှုမပြုဘဲ ဆီးပေါက်ကျယ်အောင် ရှည်နေတဲ့အရေပြားကို ခွဲ၍ ဆီးသွားရခက်ခဲတာကို ဖြေရှင်းပြီး အရွယ်ရောက်မှ လူကြီးတွေမှာ ခွဲသလို ခွဲရတာ ပိုအဆင်ပြေပါတယ်။ လူကြီးတွေမှာ ထိပ်ဖုံးဖွင့်တဲ့အခါ လိင်တံပြောင်းထိ ဖြတ်တောက်ခြင်းမပြုဘဲ အနည်းငယ်ချန်လှပ်ပြီး ဖြတ်သင့် ပါတယ်။ အရေပြားဖြတ်တာများရင် လိင်တံပြောင်းကို ဆွဲထားသလိုဖြစ်ပြီး အနည်းငယ် နေရခက်သလို သုတ်လွှတ် မြန်တာတွေဖြစ်တတ်ပါတယ်။ ခွဲစိတ်တဲ့အခါ မေးသိုင်းကြိုးနေရာရောက်ရင် ပိုသတိထားရမှာက သွေးကြောစုံ တဲ့အတွက် သွေးထွက်များမှာကို ပိုသတိထားရပါမယ်။ အသားကြိုးနဲ့သော်လည်းကောင်း အပ်ချည်နဲ့သော်လည်းကောင်း ချုပ်နိုင်ပါတယ်။ ပိုးသတ်ဆေးမှန်မှန် သောက်ဖို့ နဲ့ ဆေးမှန်မှန်ထည့်ဖို့တော့လိုပါတယ်။ ခွဲစိတ်ချိန်ဟာ ၁၅ မိနစ်သာ ကြာမြင့်မှာဖြစ်ပါတယ်။ အဲဒီလို ထိပ်ပိတ်ပြီး ဆီးကျန် ဖြစ်တဲ့အတွက် ခွဲစိတ်လိုက်တဲ့အခါ လိင်တံနဲ့ အရေပြားကြားမှာ ဆီးဂျိုးတွေစုပြီးဖြစ်နေတဲ့ ဆီးကျောက်တောင် တွေ့ရ တတ်ပါတယ်။ အကယ်၍ လိင်တံထိပ်ဖုံးရှိလျှက်နှင့် မဖြတ်ဘူးဆိုပါစို့ သာမန်အနေအထားအရ လိင်တံဟာ အရေပြားထဲက ဝင်ထွက်နိုင်ပေမယ့် လိင်စိတ်ထတဲ့အခါ ကြီးထွားလာတဲ့အတွက် အရေပြားထဲက ထွက်ရဖို့ ခက်ခဲတတ်ပါတယ်။ ဒါကို ဇောကပ်နေ၍ အတင်းထိုးထွက်မယ်၊ ပြီးတော့မေ့လျော့ပြီး အထဲကို ပြန်မထည့်မိတဲ့အတွက် လိင်တံပြောင်းမှာ အရေပြားက ညှစ်ထားသလိုဖြစ်ပြီး ယောင်ကိုင်းလာတာမျိုးဖြစ်တတ်ပါတယ်။ လိင်တံကို ညှစ်ထားသလိုဖြစ်တဲ့အတွက် နာကျင်မှုဝေဒနာကို ခံစားရပါတယ်။ ဒါကို Paraphimosis လို့ခေါ်ပါတယ်။ ဖြစ်ဖြစ်ချင်းရောက်လာလျှင် ကုသရလွယ်ကူ ပေမယ့် ရက်ကြာလာလျှင် ကုသရခက်ခဲပါတယ်။ ပြန်ပြီးလှန်ထုတ်တဲ့နည်းပါပဲ။ ယခုအခါ လိင်တံကြီးဆေးတွေ အသုံးပြု လာကြတဲ့အတွက် လိင်တံအရေပြားရှည်သူတွေမှာ ဖြစ်တတ်တဲ့ ပြဿနာက လိင်တံက အရေပြားအပြင်ဘက် ရုန်းမထွက် နိုင်တော့ဘူး။ အတင်းထွက်ရင်တောင် နောက်ပြန်မဝင်တဲ့အတွက် ကြပ်ညှပ်ပြီး အဲဒီကနေ အနာဖြစ်ခြင်း ယောင်ခြင်းများ ဖြစ်၍ လှန်မရဖြစ်တတ်ပါတယ်။ ညှစ်ထားတဲ့ကွင်းကို ဖြေလို့မရရင်တော့ ဖြတ်ပစ်ရပါမယ်။ ရွှေပန်းအငုံဖြစ်သလို လိုရင်း လုပ်ရပါတော့တယ်။ ရွှေပန်းငုံသည်ဖြစ်စေ မငုံသည်ဖြစ်စေ အရေပြားထိပ်ကို ဖြတ်ထားရင် အသက်ကြီးသောအခါ အငုံပြဿနာ ဖြစ်ခြင်းကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။
AUTHOR – အေးကမ္ဘာ ဒေါက်တာချစ်
Credit to Health Care Journal (Vol-7, No-11)