မေး- ။ ဆရာရှင့်ကျွန်မအသက်၂၆နှစ်ပါ။၂၈လုံး နေ့စဉ်သောက်ရတဲ့ တားဆေးအကြောင်းသိရှင်လို့ပါရှင့်။ အဲ့ဒီတားဆေး နောက်ဆုံးအရောင်ပါတဲ့အတန်းသောက်နေပါတယ်။အဲ့ဒီ နောက်ဆုံးအတန်းသောက်နေတုန်း ရာသီလည်းလာနေတဲ့အချိန် အတူနေမိရင် အရေးပေါ်ဆေး ထပ်သောက်ဖို့လိုဦးမလား သိချင်လို့ပါ။ နောက်ပြီးအရောင်ပါတဲ့ ဆေးသောက်နေတုန်းရာသီစလာပြီဆိုရင် ဆေးကဒ်အသစ်စသောက်ရတော့မလားဆိုတာ သိချင်လို့ ပါရှင့်။ ဖြေကြားပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။
ဖြေ-။ ဟော်မုန်း ၂ မျိုးပါ ကိုယ်ဝန်တားဆေးဟာ လူအများဆုံးသုံးတယ်။ ဈေးချိူတယ်။ ရှာရတာလွယ်တယ်။ အီစတိုဂျင်နဲ့ပရိုဂျက်စတင် ဟော်မုန်းတွေပါတယ်။ တစ်ကပ်မှာ ၂၈ လုံးပါတယ်။ ၂၁ လုံးက အရောင် တစ်မျိုး။ ရာသီစလာတဲ့နေ့ကို ပထမနေ့အဖြစ် သတ်မှတ်ပြီး၊ ၂၁ လုံးပါ အရောင်ဆေးစသောက်ပါ။ နေ့စဉ်တစ်လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန်မှန်ပါစေ။ နောက်ဆုံးသောက်ရမယ့်အရောင်မတူတဲ့ဆေးပြား၇ ပြားဟာအားဆေးသာဖြစ်တယ်။အဲ့ဒီ၇ရက်အတွင်း သွေးပြန်ဆင်းမယ်။ သွေးဆင်းတာနည်းမယ်။ ရက်လည်းတိုမယ်။ သွေးဆင်းရက်မှန်မယ်။ ရာသီမလာခင်ဖြစ်တတ်တဲ့ လက္ခဏာတွေနည်းတယ်။ ဝက်ခြံ၊ အလုံးအကျိတ်၊ တစ်ချို့ ကင်ဆာဖြစ်နိုင်ချေနည်းနိုင်တယ်။ လစဉ်ထွက်နေကျမမျိုးဥထွက်လာမှာကိုတားဆီးပေးမယ်။သားအိမ်ဝမှာရှိနေတဲ့အကျိအချွဲကို စေးပျစ်စေလို့ သုက်ပိုးဝင်လာမှာကို တားပေးတယ်။ ဖို-မ နှစ်ခု မတွေ့စေနိုင်ဘူး။ သားအိမ်အတွင်းနံရံကို ပါးလွှာစေလို့ ဖို-မ မျိုးဥတွေ တွေ့ကြဦးတော့ လာမတွယ်စေနိုင်ဘူး။ ဆေးရက်ကိုသာမက အချိန်လဲ တိကျနိုင်လေ ကောင်းလေဖြစ်တယ်။ နာရီပိုင်းနောက်ကျရင် မကာကွယ်နိုင်တာတော့ မဟုတ်ပါ။ ဟော်မုန်း အတက်အကျဆိုတာ မှန်နေရင် ပိုကောင်းပါတယ်။ စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ ၂၈ လုံးပါတဲ့ တားဆေးအမျိုးမျိုး Mala-D, Marvelon, Enovid, Alesse, Ortho-Novum, Modicon, Microgestin တားဆေးကို ပထမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တစ်လလုံး အတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။အတူမနေတာဒါမှမဟုတ်ကွန်ဒုံးသုံးရမယ်။တစ်ရက်ဆေးသောက်ဖို့မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။ ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဖို့ ၂ ရက် မေ့သွားရင် ၂ လုံး တွဲသောက်ပြီး အရံအတားတစ်ခုခု ဥပမာ ကွန်ဒုံးသုံးတာနဲ့သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။ရာသီလာပြီးတတိယပတ်အတွင်းမှာ ဆေးသောက်ဖို့၂ရက်မေ့သွားရင် ဆေးစသောက် နေကြရက်အထိတစ်ရက်၁လုံး သောက်ပြီးနောက် ဆေးကပ်သစ်စသောက်ပါ။ ဆေးသောက် နေကြရက်ဆိုတာ မှတ်ရလွယ်အောင် ကိုယ့်ဘာသာ အကျင့်လုပ်ထားတာကို ဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်လေ့ရှိကြတယ်။ တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဖို့၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက် ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကဒ်ကို ဆက်မသောက်ဘဲ ဆေးကဒ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်း တစ်ခုခုသုံးပါ။ အဲဒီလမှာ ရာသီမလာဘဲနေတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန်ရှိ မရှိစစ်ပါ။ ဆေးကို အလားဂျစ် ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိနေသူ၊မျက်စိသွေးကြော ရောဂါရှိသူ၊နှလုံးတိုက်ခိုက်ခံရဘူးသူ၊အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ် ရောဂါရှိသူ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ မွေးလမ်း ကနေ သွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။ ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ကိုယ်အလေးချိန်သိပ်များသူ တွေမှာလဲထိရောက်မှုနည်းနိုင်တယ်။ ဆေးသောက်ကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာစသည့် ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။ ဘေးထွက်ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းဘဲကိုယ်လှုပ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိူတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။ ကိုယ်ဝန်တားဖို့ မဟုတ်တာအတွက် အိမ်ထောင်မရှိပေမယ့် ပေးနိုင်တယ်။ ရာသီလမှန်ဖို့လဲ သုံးနိုင်တယ်။ ဝက်ခြံပေါက်တာ၊ ရာသီလာချိန်မှာ နာလွန်းတာ၊စိတ်မူပြောင်းတာတွေအတွက်လည်း ပေးနိုင် တယ်။ အဲလို အမျိုးသမီးတွေကတော့ ဆေးကဒ် ၃-၄ လ သောက်ပြီး နားထားနိုင်တယ်။ လိုရင် ပြန်သောက် ရမယ်။
AUTHOR – ဒေါက်တာတင့်ဆွေ
Credit to Health Care Journal (Vol-7, No-16)