မေး။ ဆရာခင်ဗျား “ဆွေးနွေးကြရအောင်” စကားဝိုင်းမှာ လိင်ကျန်းမာရေးပညာပေးရန်လို၊ မလိုဆိုတာနဲ့ စချင်ပါတယ်။
ဖြေ။ ဟုတ်ကဲ့ပါ။ လိင်ကျန်းမာရေးပညာပေးခြင်းနဲ့ ပတ်သက်ပြီး အမှန်တကယ် ပညာပေးမဆွေးနွေးခင် ပညာပေးရန်လို၊ မလိုဆိုတာက စတာဟာအကောင်းဆုံးပါ။ ကျွန်တော့်ကိုမမေးခင် ခင်ဗျားကို အရင်မေးပါရစေ။ခင်ဗျားအနေနဲ့လိင်ကျန်းမာရေးပညာပေးဖို့လိုတယ်ထင်ပါသလား၊မလိုဘူးထင်ပါသလား။
မေး။ဒီတစ်ခါတော့ ပြောင်းပြန်စသွားပြီဆိုရမှာပဲ။ မေးရမှာကကျွန်တော်။ ဖြေရမှာကဆရာ။ တစ်ခုတော့ဆရာက စမေးလိုက်ပြီ။ ကျွန်တော့်အမြင်ပြောရရင် လိုအပ်ပါတယ်ဆရာ။ လိုတာမှ ကျယ်ကျယ်ပြန့်ပြန့်ပညာပေးဖို့ကိုလို တာပါ။
ဖြေ။ အေးဗျ။ ရောင်းသူဝယ်သူအသံတူလို့ဆိုရမှာပေါ့။လိင်ကျန်းမာရေးပညာပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့်အရေးကြီးတာတစ်ခုကအသက်အရွယ်အလိုက်ပညာပေးတတ်ဖို့တော့လိုတယ်။ ဘယ်အရွယ်မှာ စသင့်သလဲ။ ဘယ်အကြောင်းတွေကစရမလဲ။ ပညာပေးရာမှာ နည်းမှန်လမ်းမှန်ဖြစ်ဖို့ ဂရုစိုက်ရ ပါမယ်။
မေး။ ဘာကြောင့်လိုတာပါလဲဆရာ။
ဖြေ။ဘာကြောင့်လိုတာပါလဲဆရာကိုမဖြေခင်ခင်ဗျားကိုပဲပြန်မေးရဦးမယ်။ခင်ဗျားကလည်းလိုတယ်လို့ ပြောခဲ့တယ်။ ကျယ်ကျယ်ပြန့်ပြန့်ပညာပေးဖို့တောင်လိုတယ်လို့ပြောခဲ့တယ်။ ခင်ဗျားကကော ဘာကြောင့် လိုတယ်လို့ ပြောခဲ့တာပါလဲ။
မေး။ ဒီလိုပါဆရာ ကျန်းမာရေးနဲ့ပတ်သက်ရင် ဆိုစကားတစ်ခုရှိပြီးသားမဟုတ်လား ‘ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ။ Prevention is better than Cure. ပညာပေးလို့ ဗဟုသုတရှိရင် ကာကွယ်မှုအပိုင်း မှှာပိုထိရောက်လာမှာပဲလေ။ အသိကို အလုပ်အဖြစ် ပြောင်းခိုင်းရမယ်။ ကျွန်တော်မှတ်သားဖူးတာလေး ပြောပြပါ့ မယ်ဆရာ။ ဗဟုသုတ အနည်းငယ်ဟာလုံးဝမရှိတာထက် အန္တရာယ်များတယ်လို့ဆိုထားတယ်။အဲဒါဟာအခြား နေရာမှှာမှန်ပေမယ့်ကျန်းမာရေးဗဟုသုတအတွက်တော့ မှားတယ်လို့ဆိုထားပါတယ်။ နည်းနည်းသိရင် နည်းနည်း အကျိုးရှိမှာပဲ။ များများသိရင် များများအကျိုးရှိမှာပါ။ ကျန်းမာရေးဗဟုသုတကတော့ ဘယ်သောအခါမှ အကျိုးမယုတ်ပါဘူး။
ဖြေ။ခင်ဗျားပြောတာသိပ်မှန်တယ်။လိင်ကျန်းမာရေးပညာပေးလိုတာက ရောဂါကိုကြိုတင်ကာကွယ်ဖို့လည်း ဖြစ်ပါတယ်။ နောက်ပြီးအရေးကြီးဆုံးအချက်တစ်ချက်က အယူအဆအမှားတွေပယ်ဖျောက်ပစ်ဖို့။ အယူအဆ အမှား ဆိုတာကျန်းမာရေးနဲ့ပတ်သက်ပြီး အများကြီးရှိတယ်။ အဲဒီအယူအဆအမှားတွေမှာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ဆိုပိုများတယ်။ ပိုဆိုးတယ်။
မေး။ ဆရာပြောလိုက်တဲ့ “ပိုဆိုးတယ်၊ ပိုများတယ်” ဆိုတဲ့အဓိပ္ပါယ်က။
ဖြေ။ ဒီလိုပါဗျာ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အယူအဆအမှားတွေ အများကြီးရှိတယ်။ လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကပိုများတယ်။ အဲဒီကပွင့်ပွင့်လင်းလင်း ဆွေးနွေးပိုင်ခွင့်မရှိခြင်းဟာ အဓိကပြ ဿနာပါပဲ။ ယောက်ျားလေးမိန်းကလေးတွေအရွယ်ရောက်လာပြီ။ လိင်ကျန်းမာရေးအတွက် သိသင့် သိထိုက် တာတွေ ဘယ်သူကမှမပြောပြကြဘူး။ မိဘတွေကိုယ်တိုင်လည်းတိကျ မှန်ကန်တဲ့ ဗဟုသုတမရှိကြတော့ လူငယ်တွေဆီကိုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဗဟုသုတတွေမရောက်လာဘူး။ အယူအဆ အမှားတွေက ပိုဆိုးတယ်ဆိုတာလဲ ပြောပြပါမယ်။ ဗဟုသုတမရှိတော့ တစ်နည်းအားဖြင့် အသိမှားတော့ အလုပ်မှားတယ်။ နောက်ကျမှသိ လွန်မှသိရတော့ အန္တရာယ်ပိုကြီးတယ်။ တစ်ချို့ကမိမိသိထားတဲ့အသိကို လုံးဝအမှန်ထင်နေတတ်ကြတယ်။ အမှားကိုပြင်ပေးနိုင်မယ့်သူမရှိဘူး။ ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲက အယူအဆအမှားတစ်ခုပြောပြပါမယ်။ ဒါတောင်ကျွန်တော်တို့ ခင်ဗျား တို့က ပွင့်လင်းလွန်းပါတယ်လို့ ယူဆထားတဲ့နိုင်ငံတစ်နိုင်ငံကအကြောင်းပါ။
မေး။ ဟုတ်ကဲ့ပါဆရာ သိပါရစေဦး။
ဖြေ။အဲဒီအယူအဆအမှားက ပြောရင်းရယ်စရာတောင်ဖြစ်မယ်။လူတစ်ယောက်ကလူတစ်ယောက်ဆိုတာ ကအမျိုးသားတစ်ယောက်ပါ။သူ့ရဲ့လိင်အင်္ဂါအရွယ်အစားဟာ သေးငယ်တယ်လို့ထင်ခဲ့တယ်။အဲဒီအပေါ်မှာသူ အားငယ်နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ယောက်ျားမပီသသူ၊ လူစဉ်မမီသူဆိုပြီး ထင်ခဲ့တယ်။ အဲဒါက စာအုပ်တွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်၊ ဗွီဒီယိုတွေမှာမြင်တွေ့ရတာတွေနဲ့ သူ့အင်္ဂါအရွယ်အစားက သိပ်ကွာနေတာကိုး။သူ့အင်္ဂါအရွယ်အစားဟာအမှန်တော့ပုံမှန်အရွယ်ပါ။ဒါကိုသူ့အသက်၈၀အရွယ်လောက်မှအမှန်အတိုင်းသိခဲ့တာပါလို့ဝန်ခံသွားတယ်။သူ့အင်္ဂါအရွယ်အစားသေးငယ်တယ်ထင်ပြီး စိတ်ဓာတ်ကျခဲ့တာ။ ရှက်နေခဲ့ တာကြောင့် မိန်းမမယူခဲ့ဘူး။ တစ်နည်းဆိုရင်တော့ဗျာ ရှက်ပြီး မယူရဲခဲ့တာ။ ဒါမျိုးတွေ အများကြီးဗျာ။ မှားယွင်းတဲ့အယူအဆကြောင့် လုပ်ရပ်တွေအများကြီး မဖြစ်သင့်တာတွေဖြစ် ကုန်တတ်တယ်။ ဒါကြောင့် လိင်ကျန်းမာရေး ပညာပေးဖို့လိုတယ်လို့ ခိုင်ခိုင်မာမာပြောချင်တာပါ။
AUTHOR – ဒေါက်တာဇာနည်