အတိုက်အခံ

2,233

ဦး လှမင်းတစ်ယောက် မနက်မိုးလင်းကတည်းက ဗိုက်တွေ ရစ်ပြီးဝမ်းတွေသွားနေသည်။ အစားမှားလို့ဖြစ်နိုင်သည်။ တစ်နေ့ကတော့ အလှူတွင် ထမင်းသွားစားလိုက်သည်။ သုံးကြိမ်လောက် သွားပြီးနုံးနေသည်။

“ကြက်သွန်ဖြူလေး မီးဖုတ်စားလိုက်ရင် ဝမ်းသွားတာရပ်သွားလိမ့်မယ်”
မိန်းမက ကျွေးနေကျ ဓာတ်စာကို လှမ်းပြောပြီး မီးဖိုထဲဝင်သွားသည်။ ကြက်သွန်ဖြူ မီးဖုတ်အနံ့လေးက သင်းနေသည်။
“ဒါလေးစားလိုက်။ ခဏနေပျောက်သွားလိမ့်မယ်” ခဏနေတော့ မီးဖိုခန်းထဲမှ ပြန်ထွက်လာသည်။ ကြွက်သွန်ဖြူ ငါးဥလောက်ကို မီးရဲရဲနှင့် ဖုတ်ထားသည်။ ဦးလှမင်း စားလိုက်သည်။

“ညနေကျရင် ထပ်လုပ်ပေးမယ်။ ဒီမနက်တော့ ဒါကုန်အောင်စားထား” အိမ်တွင်တော့ မိန်းမက ဆရာဝန်။ သူပြောသည့်အတိုင်းသာ တသွေမသိန်းလိုက်နာရမည်။ တစ်နေ့လုံးနေတော့ ဝမ်းက ခြောက်ခါလောက်ဖြစ်နေပြီ။
“ငါ ဓာတ်ဆားရည် သောက်လိုက်မယ်။ ဝမ်းသွားတာ များနေပြီ။”
“ရှင့်မှာ သွေးတိုးရှိတယ်လေ။ ဓာတ်ဆားရည်သောက်ရင် သွေးတိုးလိမ့်မယ်။”
ဆရာဝန်တစ်ယောက်လို ပြောနေသည်။ ဦးလှမင်းတစ်ယောက် ညနေပိုင်းရောက်တော့ ခေါင်းက မူးနောက်မူးနောက်။ လမ်းလျှောက်ရသည်ကိုပင် အားမရှိသလိုလို။ ညပိုင်းရောက်တော့ မိန်းမက ကြက်သွန်ဖြူ မီးဖုတ်ကို နောက်တစ်ကြိမ်ထပ်လုပ်ပေးသည်။

“ ဒါလေးစားလိုက်။ ညကျရင် ကောင်းသွားလိမ့်မယ်” ညနေဖက်ရောက်တော့ ဝမ်းက မရပ်သေး။ အိမ်သာကို သွားနိုင်တဲ့ အားမရှိတော့။ သားငယ်က အဖေ့ အဖြစ်ကို ကြည့်ပြီး “အဖေရယ်။ ဆေးခန်းသွားပြလိုက်ရအောင်။ ကျွန်တော်လိုက်ပို့ပေးမယ်လေ”
ဦးလှမင်းက ဆေးခန်းသွားချင်နေသူ။ မိန်းမကိုကြောက်လို့သာ သွားမပြခြင်းဖြစ်သည်။

“အမယ်လေးတော် ဆေးခန်းက ဘာကိစ္စသွားချင်ရတာတုန်း။ ကြက်သွန်ဖြူစားထားတာပဲလေ။ ကောင်းသွားမှာပါဆိုမှ”
“အမေကလည်း ညဖက်ညဥ့်နက်မှ အဖေ ဝမ်းတွေ သွားနေရင် ဘယ်လိုလုပ်မလဲ။ အခုသွားပြရင် ဆေးခန်းမှီသေးတယ်။ ဆရာဝန်က ဆေးလေးဘာလေးပေးရင် သက်သာမှာပေါ့။ အခုတော့ ဓာတ်ဆားရည်တောင် မသောက်တော့ အဖေက မူးနေတာပေါ့”
သားက သူ့အမေကို အတိုက်အခံ ပြန်ပြောသည်။ ဦးလှမင်းကြိတ်၍ ဝမ်းသာသွားသည်။ သားက အမေကို ဘာမှ မပြောပဲ အဖေကို တွဲသည်။ ထို့နောက် ဆေးခန်းသို့ သားအဖနှစ်ယောက် ဆိုက်ကားလေးနှင့် ထွက်လာကြသည်။ ဆေးခန်းက ပိတ်တော့မည်။
“ဆေးခန်းမပိတ်ပါနဲ့ဦး ဆရာ။ ကျွန်တော့် အဖေ ဝမ်းတွေ သွားနေလို့ပါ”
သားမှ ဆရာဝန်လေးအား တောင်းပန်လိုက်သည်။

“ရပါတယ် လာပါ။ သွေးပေါင်လေးချိန်ကြည့်ရအောင် ကုတင်ပေါ်တက်နော်။ ဘယ်နှစ်ခါရှိပြီလဲ”
“ခုနစ်ခါလောက်တော့ရှိပြီဆရာ”
“ဗိုက်ရစ်ရစ်နာလား”
“နာတယ်ဆရာ။ အရည် ပျော့ပျော့တွေ သွားတာများတယ်”
“သွေးပေါင်တွေကျနေတယ်။ ဝမ်းသွားတာများလို့နေမှာ။”
သားက ဝင်ပြောသည်။
“ဟုတ်လိမ့်မယ်။ ဝမ်းသွားတာ ဓာတ်ဆားရည်လည်း မသောက်ဘူး။ သွေးတိုးမှာ စိုးလို့တဲ့”
“သွေးတိုးရှိလို့လား”
“သွေးက တစ်ခါတစ်လေတော့ တိုးတယ်ဆရာ”
“သွေးတိုးအတွက် ဆေးတွေရော သောက်နေရလား”
“ဆေးတော့ ပုံမှန်မသောက်ရပါဘူး။”

“အခုတော့ သွေးပေါင်ကျနေတယ်။ ဓာတ်ဆားရည်တောင် မဟုတ်ဘူး။ Drip တောင် ချိတ်ရမယ်။ ပြီးမှ ပြန်ပေါ့။”
“ဆရာကို အားနာလိုက်တာ။ ဆေးခန်းပိတ်ချိန်ကြီးမှ”
မနက်ခင်းစောစော ဆေးရုံသို့ သွားရဦးမည့် ဆရာဝန်လေးကိုလည်း သားသမီးချင်းကိုယ်ချင်းစာသည်။ မိန်းမကိုလည်း စိတ်ထဲမှာ ကျိန်ဆဲမိသည်။ စောစောကသာ သွားရလျှင် ဒီလောက်ကြီးဖြစ်ချင်မှ ဖြစ်မှာ။
“ရပါတယ်။ ဝမ်းသွားရင် ဓာတ်ဆားရည်သောက်ရတယ်ဆိုတာ မသိတာလား”
သားငယ်က ဆရာဝန်အားရှင်းပြသည်။

“အိမ်မှာက အမေက ဆရာဝန်ပဲ။ အဖေက တစ်ခါတစ်လေသွေးပေါင် တတ် တတ်တယ်။ အမြဲတော့လည်း မဟုတ်ဘူး။ အဲဒါ သွေးတိုးတယ် ဓာတ်ဆားရည် မသောက်နဲ့လို့ ဆိုပြီး အဖေ့ကို မသောက်ခိုင်းဘူး”
ကြက်သွန်ဖြူစားသည့် ကိစ္စကိုတော့ ထည့်မပြောတော့။
“ဖြစ်ဖြစ်ချင်းသာ ဓာတ်ဆားရည်သောက်ရင် ဒီလောက်ကြီး သွေးပေါင်တွေ ကျနေမှာ မဟုတ်ဘူး။ ကိုယ့်မှာ လည်း သွေးတိုးမရှိတော့ ဓာတ်ဆားရည်သောက်ပါနော်။ အခုတော့ ဆေးတွေလည်း ပေးလိုက်မယ်။ ဆေးလည်း သောက်ပေါ့”
“ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်”
ဦးလှမင်းလှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

“အဖေကလေ အမေ့ကို သိပ်ကြောက်တာ။ အမေက ဒါမလုပ်နဲ့ဆိုရင် ဘာမှ မလုပ်ရဲဘူး။ ဒါတောင် ကျွန်တော် အမေ့ကို အတိုက်အခံလုပ်ပြီး ဆေးခန်းခေါ်လာရတာ”
ဦးလှမင်း သားကို ဘုကြည့်ကြည့်လိုက်သည်။ သားကတော့ အဖေကို လှည့်မကြည့်။ ဆရာဝန်လေးပေးသော ဆေးများကို သာ ကြည့်နေသည်။ ဒီညတော့ သန်းခေါင်ကျော်မှ ဆေးခန်းပိတ်ရဦးမည့် ဆရာဝန်လေးကို ဦးလှမင်း အားနာလှပါသည်။ ဆရာဝန်လေးအား စိတ်ထဲမှ နေ၍ ဆုတောင်းများပေးနေလိုက်သည်။

Author – ဒေါက်တာအေးချမ်းမိုး

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!