အပျိုကြီးများ ရှက်တတ်တော့

1,343

ညီမဖြစ်သူ မိမိကြီးတစ်ယောက် ကို ကြည့်ရသည်မှာ ပုံမှန်မဟုတ်ဟု ဒေါ်တင်တင်ထင်သည်။ လူကကြည့်ရသည်မှာ အားနည်းနေပုံရသည်။ နွမ်းနယ်နေသည်ဟုလည်းထင်သည်။ မျက်နှာကလည်း ဖြူဖတ်ဖြူရော်နှင့် တစ်ခုခုတော့ ဖြစ်နေသည်မှာ သေချာသည်။ အခုတစ်လော မူးသည်ဟုပြောကာ အိပ်ယာထဲလှဲနေတတ်သည်မှာလဲ မကြာခဏ။ နေမကောင်းဘူးလား လို့မေးတော့လည်း ကောင်းပါတယ် လို့ ပြောနေ၍ ဘာဆက်ပြောရမှန်းမသိ။

တစ်နေ့ မိမိကြီး ရေချိုုးခန်းမှ အထွက် မူး လဲသည်။ ဒေါ်တင်တင်၏ သားအကြီးဆုံး မောင်မောင်က ပွေ့ပြီး ကုတင်ပေါ်တင်၊ ပြီး လမ်းထိပ်ကဆရာဝန်လေး ဒေါက်တာအောင်နိုင် ကိုပြေးခေါ်ရသည်။
ဆရာဝန်ကစမ်းသပ်ပြီးတော့
“လူနာက အရမ်းကိုသွေးအားနည်းနေတယ်။ ဖြူဖတ်ဖြူရော်ကို ဖြစ်နေတာ။”

“ဟုတ်တယ် ဒေါက်တာရယ် ကျွန်မလည်းထင်နေတာပဲ။ သူ့ကိုနေကောင်းလား လို့မေးတော့လည်း နေကောင်းတယ်လို့ပဲ ပြောနေတာ။ ခေါင်းမူးမူးနေတယ်လို့ ပြောပြောနေတော့ ကျွန်မသိတယ်။ မောတယ်လို့လည်း ပြောတယ်။ အဲဒါ ဆေးခန်းသွားပြပါဆိုတာကို သွားမပြဘူးလေ”
“သွေးအားနည်းနေတာပါ။ အစားအသောက်ကော ပုံမှန်စားရဲ့လား။ ရာသီသွေးရော အများကြီး ဆင်းသလား။”
“အစားအသောက်က ပုံမှန်စားပါတယ်။ သွေးဆုံးသွားတာကလည်း ကြာပါပြီ။”
“သွေးဆင်းတာလည်း မဟုတ်ပဲနဲ့ ဘာလို့ သွေးအားတွေ အဲဒီလောက်ကြီးနည်းနေရတာလဲ။”
“သူ့မှာ လိပ်ခေါင်းရောဂါတော့ ရှိတယ်။ အရင်ကတော့ လိပ်ခေါင်းက သွေးကျတယ်လို့တော့ပြောတယ်။ အဲဒါကြောင့်များသွေးအားနည်းတာလား”

“ဖြစ်နိုင်တာပေါ့။ အခုရောလိပ်ခေါင်းက သွေးကျလား”
“ကျွန်မလည်း မပြောတတ်ပါဘူး ဒေါက်တာရယ်။ သူက အပျိုကြီးမလား။ သိပ်ရှက်တတ်တာ။ သူ့ရဲ့ရောဂါ အကြောင်းလည်း ဘယ်သူ့မှ မပြောဘူး။ ဆေးခန်းတော့ အရင်ကသွားပြတယ်။ သောက်ဆေးတွေတော့ သောက်နေတယ် ဒေါက်တာ။”
“အခုပိုဆိုးလာလား။ သွေးတွေဆင်းတာများလို့ မူးလဲတာလည်း ဖြစ်နိုင်တယ်။”

“ဟုတ်မှာပေါ့ ဒေါက်တာရယ်။ ဆေးခန်းကိုလည်း ဘယ်သူ့မှ မခေါ်ဘူး။ သူတစ်ယောက်တည်းသွားတာလေ။ အဲဒီတော့ ကျွန်မတို့လည်း သူ့ရောဂါအကြောင်းဘာမှ မသိဘူး”
“ဘာလို့လိုက်မသွားကြတာလဲ။”

“သူ့မှာ တူတွေရော တူမတွေရော ရှိတာပါ ဒေါက်တာရယ်။ သူက လိပ်ခေါင်းဖြစ်တာကို သိပ်ရှက်တာ။ အပျိုကြီးမလား။ ဆရာဝန်ပြရတာကိုလည်းရှက်တယ်လေ။ ဒါကြောင့်ဘယ်သူမှကို ခေါ်မသွားတာ။ ခေါ်သွားပြီး ပြန်ရောက်ရင် သူ့တူတွေတူမတွေက စမှာဆိုးလို့လေ။”

“လိပ်ခေါင်းကြောင့်သွေးအားနည်းတာဖြစ်နိုင်တယ်”
“သြော် ..သတိရပြီ ဒေါက်တာ။ ဟိုတစ်ခေါက်ကတော့ ဆရာဝန်က ခွဲခိုင်းတယ်လို့ပြောတယ်။ အဲဒါ ဆေးခန်းက အပြန် စိတ်ဆိုးလာတယ်။ မခွဲနိုင်ဘူးပေါ့။ သောက်ဆေးပဲ သောက်မယ်ဆိုပြီးနေ နေတာ။ ဟိုက လိုအပ်လို့ခွဲခိုင်းတာနေမှာ။”
“ဖြစ်နိုင်ပါတယ်။ လိုအပ်လို့ ခွဲခိုင်းတာကို ဆေးသောက်ရင်ပျောက်မယ်လို့ ထင်တတ်ကြတယ်လေ”
“သူကိုပဲ မေးကြည့်ရမှာပဲ”
မိမိကြီးအခန်းထဲသို့ ဒေါ်တင်တင်ကြီးနှင့် ဒေါက်တာ အောင်နိုင်တို့နှစ်ယောက်ဝင်ခဲ့ကြသည်။ တူတွေ တူမတွေကို အပြင်ထွက်နေဖို့ မျက်နှာရိပ် မျက်နှာကဲပြလိုက်သည်။ သူတို့ရှိနေလျှင် မိမိကြီးက ဆရာဝန်မေးသည်ကို ဖြေမည်မဟုတ်။
“ဒေါ်ဒေါ်နေကောင်းရဲ့လား”
“ကောင်းပါတယ် ဒေါက်တာ”
“ဒေါ်ဒေါ် သွေးအားနည်းနေတယ်”
“ဟုတ်မှာပါဒေါက်တာ။ အားဆေးတွေ သောက်နေပါတယ်။”

“အားဆေးသောက်ရုံအပြင် ဘာကြောင့် သွေးအားနည်းတာလဲဆိုတာကိုလည်း သိဖို့လိုတယ်။ သွေးအားနည်းတဲ့အကြောင်းရင်းတွေထဲမှာ ကိုယ်ခန္ဓာရဲ့ တစ်နေရာကနေ သွေးဆုံးရှုံး တာလည်းဖြစ်နိုင်တယ်လေ။ ဥပမာ ရာသီသွေးဆင်းတာမျိုးပေါ့။ ဒါပေမယ့် ဒေါ်ဒေါ်က သွေးဆုံးပြီးပြီဆိုတော့”
ဒေါ်မိမိကြီးသက်ပြင်းရှည်ကြီးချလိုက်သည်။
“လိပ်ခေါင်းပေါ့ ဒေါက်တာရယ် လိပ်ခေါင်းပေါ့။”

ဒေါ်တင်တင်ကြီးတစ်ယောက် ညီမဖြစ်သူကိုကြည့်ရင်း ဂရုဏာသက်မိသည်။
“ လိပ်ခေါင်းကနေ သွေးတွေ အများကြီးဆင်းလို့လား ဒေါ်ဒေါ်”
“ဆင်းတယ် ဒေါက်တာ။ ပိုများလာတယ်လို့တော့ မဟုတ်ပါဘူး။”
“ဆရာဝန်သွားမပြဘူးလား။ ပြနေကျဆရာဝန်ရှိတယ်ဆို”
“သွားပြပါတယ် ဒေါက်တာရယ်။ အရင်ကတော့ သောက်ဆေးတွေ ပေးတယ်။ အခု ခွဲရမယ်ပြောနေလို့သွားမပြတော့ဘူး။”
တွေ့ပါပြီ။ ပြသနာရဲ့ အရင်းအမြစ်ကို။
“ခွဲစိတ်ဆရာဝန်က လိုအပ်လို့ခွဲရမယ်လို့ပြောရင် ခွဲရမှာပေါ့။ ခွဲရမှာကြောက်လို့လား။ အခုခေတ်က ခေတ်မီ စက်ပစ္စည်းတွေ အများကြီးရှိနေပါပြီ။ ကြောက်စရာမလိုတော့ပါဘူး။”

“စက်ကိရိယာတွေကို မယုံကြည်လို့ မဟုတ်ပါဘူး”
“ဒါဆို ဘာကြောင့် လဲ”
“ဆရာမသိပါဘူး”
“ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေ အများကြီးရှိပါတယ်။ ကျွန်တော့် ဆရာတွေနဲ အပ်ပေးရမလား။”
“ဆရာဝန်တွေကို မယုံကြည်လို့မဟုတ်ပါဘူး”
“ဒါဆို ဘာလို့သွားမပြတာလဲ”
“ကျွန်မရှက်လို့ပါ”

ဒေါ်မိမိကြီးတစ်ယောက် ညီမဖြစ်သူကို သည်းလွန်းသည်ဟု အကြည့်မျိုး ဖြင့် ပြောင်းကြည့်လိုက်သည်။
“ဆရာဝန်မတွေနဲ့ပြလို့ရပါတယ်။ ခွဲခန်းတွေထဲမှာလည်း ဆရာမလေးတွေပဲရှိတာပါ။ ဆရာဝန်မကြီးရော လက်ထောက်ဆရာဝန်မတွေရော ဆရာမလေးတွေရော အားလုံးကို အမျိုးသမီးတွေနဲ့ပဲ လုပ်လို့ရပါတယ်။ ”

READ :   ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ

“ဟုတ်လို့လား ဒေါက်တာရယ်”
“သြော် ဟုတ်တာပေ့ါ။ သေသေချာချာပြောပြရင် ရတာပေါ့။ လိပ်ခေါင်းဆိုတာမျိုးက သေသေချာချာ ကုရတာနော်။ လိုအပ်လို့ ခွဲစိတ်ရမယ်လို့ပြော ရင်လည်း ခွဲစိတ်ရမယ်။ သောက်ဆေးနဲ့တော့ အရှင်းမပျောက်ကင်းနိုင်ဘူးလေ။ လိပ်ခေါင်းရောဂါကို သောက်ဆေးသောက်လိုက်လို့ ပျောက်သွားတယ်လို့ ပြောနေတဲ့ ဆေးခန်းတွေရှိတယ်။ အဲဒါ လိမ်တာပဲ”
“ဟုတ်ကဲ့ပါ ဒေါက်တာ ကျွန်မ စဉ်းစားပါရစေဦး။”
“ဘာ စဉ်းစားပါရစေဦး။ ဟုတ်လား။”

ဒေါ်တင်တင်ကြီးတစ်ယောက် ညီမဖြစ်သူကို ငေါက်လိုက်သည်။
“အခုက ခွဲစိတ်ဖို့လိုအပ်နေပြီလို့ ဆရာဝန်က ပြောရင် ခွဲစိတ်ရမှာပေါ့။ အသက်ထက် ဘာကများပို အရေးကြီးနေလို့လဲ။”
“မမ ကဘာသိလို့လဲ ခွဲရင် နေရမဲ့ပုံစံကို မမသိလို့လား”
“သိတာပေါ့။ ငါက ကလေး ၅ ယောက်မွေးလာတာ။”

ဒေါက်တာ အောင်နိုင်တစ်ယောက် ညီအစ်မနှစ်ယောက်ကို ကြည့်ပြီးပြုံးနေမိသည်။
“ဘာစကားမှ မရှည်နဲ့ နက်ဖြန်ကျရင် ဆေးခန်းသွားပြမယ်။ နင့်ကို ဒီလိုမျိုး နင့်သဘော လွှတ်ထားလို့ မရဘူး။ ငါကိုယ်တိုင် ဆရာဝန်နဲ့ ဝင်ဆွေးနွေးမယ်။ ဒါပဲ”
ထို့နောက် ဒေါက်တာအောင်နိုင်ဖက်လှည့်၍
“ကျွန်မ ဆရာဝန်ဆီခေါ်သွားလိုက်မယ် ဆရာ။ အခုတော့ သူ့ အခြေအနေ စိုးရိမ်ရလား။ ခွဲစိတ်ဖို့ အားအင်ရှိရဲ့လား။ အဆင်ပြေရဲ့လား။”

“အားတော့ အရမ်းနည်းနေတယ်။ ခွဲသင့် မသင့်ကတော့ အရင်ပြနေကျ ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။ လိုအပ်ရင်လည်း လိုအပ်သလို ညွှန်ကြားပါလိမ့်မယ်။ အခုတော့ အားရှိအောင် နားပါစေဦး”
“ကျေးဇူးပါဒေါက်တာ”

ဒေါက်တာ အောင်နိုင်တစ်ယောက် အပြန်လမ်းတစ်လျောက် စဉ်စားခန်းဖွင့်လာခဲ့သည်။
လူနာတော်တော်များများသည် ခွဲစိတ်ရမည်ဆိုလျှင် ကြောက်ကြသည်။ ဆေးလေးပေးပြီး ပျောက်အောင်ကုခိုင်းသည်။ ခွဲစိတ်ရမည်ဟုဆိုလျှင် ဆရာဝန်ဆီ မလာတော့။ ဆေးမြီးတိုများနှင့် ကုကြသည်။ အခုက လိပ်ခေါင်းရောဂါမို့လို့။ ကင်ဆာရောဂါဆိုလျှင်တော့ မလွယ်ပါ။ မြန်မာလူမျိုးတို့၏ ကျန်းမာရေးအသိက တော်တော်ကို နောက်ကျနေသေးသည် မှာ အမှန်ပင်ဖြစ်သည်။

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ