အနာမကျက်သောအခါ

292

ဒေါ်သောင်းတင် မနက်ခင်း ဈေးက အပြန် လမ်းထိပ်တွင် ချော်လဲလာ၏။ ခြေမ ခေါက်လဲသဖြင့် ခြေမတွင် အနာဖြစ်သွားသည်။ ပရုတ်ဆီလေးလိမ်းထားလိုက်သည်။ တစ်ပတ်ကျော်တဲ့ အထိ အနာက မကောင်းသေး။ နှစ်ပတ်ကျော်တဲ့ အထိလည်း အနာက မပျောက်သေး။

“သောင်းတင် နင့်အနာက မပျောက်ဘူးနော်။ ဆေးခန်းလေးဘာလေး သွားပြလိုက်ဦး”
သူငယ်ချင်းဖြစ်သူ ဒေါ်လုံးက စိုးရိမ်စိတ်နှင့် သတိပေးသည်။
“အနာက သေးသေးလေးပါဟာ။ သူ့အလိုလို ပျောက်သွားလိမ့်မယ်။”

ဒေါ်သောင်းတင်တို့က ဆေးခန်းမသွားချင်။ ဆေးခန်းသွားလျှင် ပိုုက်ဆံကုန်သည်။ သူ့တွင် အပိုဝင်ငွေရှိသည်မဟုတ်။ မြန်မာဆေးလေးလိမ်းထားလိုက်သည်။

မီးဖိုချောင်တွင် အညှော် အမြဲမိနေသောကြောင့်လားမသိ။ အနာက တစ်လကျော်သည်အထိ မပျောက်ပဲနေသည်။ ဒီထက်ပိုဆိုးလာသည်က အနာက ကြီးလာခြင်းပင်။ ခြေမကနေ ခြေညိုးလေးကိုတောင် ကူးချင်နေပြီ။ ဒေါ်လုံးက တော့ ထပ်သတိပေးသည်။
“သောင်းတင်နော်. နင် အခုချိန်ထိ ဆေးခန်းသွားမပြသေးဘူး။ အနာက မပျောက်တဲ့ အပြင် ပိုလို့တောင်ကြီးလာပြီ။ အပ်နဲ့ထွင်းရမဲ့ ဟာ ပုဆိန်နဲ့ပေါက်ရမလို ဖြစ်တော့မယ်။ ငါလည်း အဖော်လိုက်ခဲ့ပါမယ်”
“အေးပါဟယ်”
“အေး…ဆိုပြီးလုပ်မနေနဲ့။ဘယ်တော့သွားပြမှာလဲ”

ဒေါ်လုံးတိုက်တွန်းသောကြောင့် ဒေါ်လုံးနှင့် အတူတူ ဆေးခန်းသွားပြရန်ဆုံးဖြတ်လိုက်သည်။ သူ့တို့ရွာတွင်က ဆေးခန်းမရှိ။ ဒါအပြင် ကျန်းမာရေးမှူးလည်း မရှိ။ တခြားရွာတွင်သာ ကျန်းမာရေးမှူးရှိသည်။ ကျန်းမာရေးမှူးက လည်း မြို့တွင် သင်တန်းသွားတတ်နေ၍ သူ့တို့ရွာများတွင် ကိစ္စကြီးငယ်ရှိလျှင် မြို့ပေါ်သို့သာ တက်ရသည်။ မြို့သို့လည်း တက်ရသည်မှာ လွယ်ကူသည်မဟုတ်။ ရွာမှထွက်သော ဈေးဝယ်ကားနှင့် လိုက်ရသည်။ ကားက မနက်စောစောထွက်သည်။ မြို့ကို ရောက်ဖို့ နှစ်နာရီလောက်မောင်းရသည်။ နေ့လည်ပိုင်းလောက် ကားက ရွာကိုပြန်သည်။ မြို့သွားမည့်ကားနှင့်ပဲ ဒေါ်သောင်းတင်နှင့် ဒေါ်လုံးတို့ နှစ်ယောက် လိုက်ခဲ့ရသည်။

ဆေးခန်းတွင်လူနာများနေသည်။ ကိုယ်လိုနာမကျန်းသော လူနာများ များပြားလိုက်တာဟုထင်မိ သည်။
“ဆရာ ကျွန်မ အနာလေး မပျောက်လို့ပါ။”
ဒေါ်သောင်းတင် ထမီလေးမ၍ ဆရာဝန်လေးအားပြလိုက်သည်။
“ဘယ်လိုစဖြစ်တာလဲ”

“ဈေးသွားရင်းချော်လဲတာက စဖြစ်တာပဲ။ ဖြစ်စကတော့ အနာက ခပ်သေးသေးပဲ။ မပျောက်ပဲ ကြီးကြီးလာတယ်။ ဆေးတွေလည်း လိမ်းပါတယ်။ မပျောက်ဘူး။ ”
“ဖြစ်တာဘယ်လောက်ကြာပြီလဲ။”
“တစ်လလောက်တော့ရှိပြီဆရာ။”
ဒေါ်သောင်းတင်ကလျော့ပြောလိုက်သည်။

“တစ်လ ဘယ်ကတော့မလဲ။ တစ်လကျော်နေပြီဆရာ”
ဒေါ်လုံးကဝင်ပြောသည်။ ဒေါ်သောင်းတင် သူငယ်ချင်းဖြစ်သူကို စိတ်ထဲမှ ဆဲမိသည်။
“ဆီးချိုုရောဂါရှိလား” ဆရာဝန်လေးမှ စိတ်ရှည်ရှည်မေးသည်။
“မရှိပါဘူး”

“မရှိဘူးလို့ပြောတော့ ဆီးချိုရှိမရှိ စစ်ကြည့်ဖူးလား”
ဒေါ်သောင်းတင်တစ်ယောက်ခေါင်းလေးပု၍ဖြေလိုက်သည်။
“မစစ်ဖူးပါဘူးဆရာရယ်”

“မစစ်ဖူးရင် ဆီးချိုရှိမရှိ စစ်ကြည့်လိုက်ရအောင်။ အနာမကျက်တာ ဆီးချိုကြောင့်လည်း ဖြစ်တတ်တယ်”
လက်ထိပ်လေး ဖောက်၍ ဆရာဝန်လေးမှစစ်ဆေးပေးသည်။
“ဘယ်တုန်းက အစာစားလာတာလဲ”
“မနက်အစောကြီးကစားခဲ့တာပါ”
“ဘာစားခဲ့လဲ”

“ထမင်းစားခဲ့တယ်”
“ဆီးချိုတွေ အများကြီးတက်နေတယ်။ ”
“ဟုတ်လားဆရာ”
“ဆီးချိုရောဂါရှိတဲ့သူတွေဟာ အနာဖြစ်ရင် အနာမကျက်တတ်ဘူး”
“ဟုတ်ကဲ့ပါ”

“ဒါကြောင့် အနာအတွက် ပိုးသတ်ဆေးတွေ သောက်နေရမဲ့အချိန်မှာ ဆီးချိုအတွက် ဆီးချိုကျဆေးတွေ သောက်နေရမယ်”
“ဟုတ်ကဲ့ပါ” ဒေါ်သောင်းတင် စိတ်ထဲတွင်တော့ ဆေးဖိုးတွေကုန်တော့မည်ကို စိုးရိမ်နေသည်။
“စိတ်ရှည်ရှည်ထားရမယ်။ ဆေးတွေကိုလည်းပုံမှန်သောက်ရမယ်။ ဆေးကို သောက်ချင်တဲ့နေ့သောက်။ မသောက်ချင်တဲ့နေ့ မသောက်ပဲလည်း မနေရဘူး။ ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါ။ ဖြစ်ပြီးရင် မပျောက်တော့ဘူး.။ ဆေးကို တစ်သက်လုံးသောက်ရတော့မယ်။”

“ဟုတ်ကဲ့ပါ”
ဒေါ်သောင်းတင် တစ်ယောက် အားငယ်စွာ ပြန်ပြောလိုက်သည်။ တူတွေတူမတွေဆီက ပိုက်ဆံတောင်းရဦးမည်။ကိုယ့်တွင်အပိုဝင်ငွေရှိသည်မဟုတ်။ ဒေါ်လုံးက သူငယ်ချင်းဖြစ်သူ၏ စိတ်ကို ဖတ်မိပုံရသည်။
“ဘာမှ စိတ်ညစ်မနေနဲ့ နင့် တူတွေတူမတွေကိုလည်း ငါကူပြောပေးမယ်။ ပိုက်ဆံဆိုတာ ရှာလို့ရပါတယ်။ ကိုယ့်ရောဂါကိုသာ ကုဖို့ စဉ်းစားရမယ်”

“ဆီးချိုရောဂါက ဆေးတစ်မျိုးတည်းနဲ့ ဆီးချိုကို ထိန်းလို့မရဘူး။ အစားအသောက်ကိုလည်း ထိန်းရတယ်။ ထမင်းတွေ အများကြီး မစားရဘူး။ ချိုတာတွေ မစားရဘူး။ စားရင်လည်း အသီးအရွက်ကို ဦးစားပေးစားရမယ်။ ပြီးရင်လည်း လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရမယ်။”

“ဘယ်လို လေ့ကျင့်ခန်းမျိုးလဲ”
ဒေါ်လုံးတစ်ယောက် ဆရာဝန်လေးအား ဝင်မေးလိုက်သည်။ ဒီအသက်အရွယ်ကြီးရောက်မှ ဘယ်လိုမျိုး လေ့ကျင့်ခန်းတွေလုပ်ရမည်နည်း။

“လေ့ကျင့်ခန်းလုပ်ခိုင်းတယ်ဆိုတာ တစ်နေကုန်ထိုင်နေမှာ စိုးလို့ပြောတာပါ။ လှုပ်လှုပ်ရှားရှားနေရင် ဖြစ်ပါတယ်။ မနက် တစ်နာရီလောက် ညနေပိုင်းတစ်နာရီလောက် လမ်းမြန်မြန်လေးလျှောက်ပေးရင်ရပြီ။ ချွေးတော့ထွက်ရမယ်နော်”
“ဟုတ်ကဲ့ပါ ဆရာလေးရယ် ကျွန်မတို့နှစ်ယောက်အတူတူလုပ်လိုက်ပါမယ်”
ဒေါ်လုံးက ဝင်ပြီးကတိပေးလိုက်သည်။ ဒေါ်သောင်းတင်ထက် ဒေါ်လုံးတို့က ပိုတက်ကြွနေသည်။
“ရက်ချိန်းလည်း မှန်မှန်ပြန်လာပြနော်”
“ဟုတ်ကဲ့ပါဆရာ”

ဒေါ်သောင်းတင် ဆေးခန်းထဲမှ လေးလံသော ခြေလှမ်းများနှင့် ထွက်လာခဲ့သည်။ ရောဂါ တစ်ခုဖြစ်ပြီဆိုတာနှင့် ပိုက်ဆံက ကုန်တော့မည်။ ကိုယ်တွေက တူတွေ တူမတွေအိမ်မှာ ကပ်နေရသည့် ဘဝ။

“အို ဘာဖြစ်လဲ။ ငါက အိမ်မှာအလကားနေတာမှ မဟုတ်တာ။ အိမ်မှုကိစ္စတွေ အားလုံးကို လုပ်ပေးနေတာပဲလေ။ ထမင်းချက် အဝတ်လျှော် ဒါတွေအားလုံးငါလုပ်နေတာပဲ။ ဒီအတွက်တော့ ငါကို ဒင်းတို့ ဆေးဖိုးလေးတော့ ပေးရမှာပေါ့”
ဒေါ်သောင်းတင်တစ်ယောက် အားတင်းရင်း ကားဂိတ်ဆီသို့ ခြေလှမ်းများဦးတည်လိုက်သည်။ ရင်ထဲတွင်တော့ မွန်းကျပ်လျှက်။

Author – ဒေါက်တာအေးချမ်းမိုး

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!