တစ်နေ့တွင် ဇီဝက တစ်ယောက် လူနာတွေကြည့်ပြီးလူနာစဲခိုက် နားမည် အပြု ဆေးခန်း
အတွင်းသို့ အမျိုးသမီးတစ်ဦးကလေးတစ်ယောက် လက်ဆွဲလျက် ဝင်လာလေ၏ ။အနီးရောက်မှ
ကြည့်မိတော့ ဇီဝကအသိ ဝတ်ဆံပင် ။ သူမခေါ်လာတဲ့ ကလေးကယောကျာၤးလေး ၊အလွန်ဆုံးရှိလှ
ခြောက်နှစ်ပေါ့ ။ ကလေးကငိုမဲ့မဲ့ နဲ့ ပါးကလေးကိုင်လျက် ။ကျန်လက်တစ်ဖက်ကစုပ်ပြားချိုချဉ်လေးကိုင်လျက် ။
၀တ်ဆံ ။ ။ ဆရာရေ ၊ပြောမပြောချင်တော့ပါဘူး ။ တူအရီး နှစ်ယောက် မုန့်စားထွက်လာတာ ၊
ဒီဖိုးသာထူးပေါ့ ၊အအေးတွေ ၊ရေခဲမုန့်တွေ စားပြီးသွားကျဉ်လို့တဲ့ဆရာရေ ။
ဇီဝက ။ ။ အေးပါ ၊ဆရာ ကြည့်စမ်းပါဦးမယ် ။
ဖိုးသားနာမည် က ဖိုးသာထူးတဲ့လား ။နာမည်ကလေးကလှသားဟေ့ ။
သားသားအသက်ဘယ်လောက်ရှိပြီတုန်း ။
ဖိုးသာထူး။ ။ ငါးနှစ် ။
ဇီဝက ။ ။သားသားကဘာဖြစ်လို့တုန်းကွ။ ဦးကိုပြောပြပါဦး ။
ဖိုးသာထူး။ ။ သားသွားတွေ ကျင်လို့ ။
ဇီဝက ။ ။ အေး ၊အေး ။ဦးဆရာ ကြည့်စမ်းမယ် ၊သားသားပါးစပ်လေး ဟ ။
ဟ ပြတင်းပေါက်ဖွင့်ထားတယ် ဟေး ။သွားတွေကျိုးနေတာကိုး ။သွားပိုးလေးတွေ
စားနေပါလား ။ သားသားသွားတွေ နာသေးလား ။
ဖိုးသာထူး။ ။ နာတယ် ၊အချိုစားပြီးရင် နာတယ် ။
ဇီဝက ။ ။ သွားတိုက်ရင်ရောနာလား ၊သွေးရောထွက်တတ်လား ၊သား။
ဖိုးသာထူး ။ ။ အင်း ။
ဝတ်ဆံ ။ ။ ဟဲ့ ကောင်းကောင်းဖြေလေ ။ဆရာမေးနေတာကိုး ။
ဟုတ်ကဲ့ပါ ခင်ဗျာလို့ ဖြေလေ ။
ဇီဝက ။ ။ ရပါတယ် ၊ဝတ်ဆံရ ။ကလေးဖြေတတ်သလိုဖြေပါစေ။နော် ဟုတ်ကဲ့လား ၊ သားသား ။
ဖိုးသာထူး။ ။ ဟုတ်ကဲ့ပါ ခင်ညာ့ ။
ဝတ်ဆံ ။ ။ ကလေးကဘာဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ သွားကျင်တဲ့ရောဂါပေါ့ကွယ် ။
ကလေးကညအိပ်ရင် သွားကြိတ်တတ်လား ၊ဝတ်ဆံ ။
ဝတ်ဆံ ။ ။ အဲ့လိုတော့ သူ့မိဘတွေပြောတာမကြားမိဘူး ၊ဆရာ ။
ဇီဝက ။ ။ ကလေးကအချိုတွေ ကြိုက်တယ်ပေါ့ ။သွားရောပုံမှန်တိုက်ဖြစ်လား ။
ဝတ်ဆံ ။ ။ အချိုကတော့ ဘာကြိုက်သလားမမေးနဲ့ ဆရာရေ ။ခုရေခဲမုန့် ၊တော်ကြာရေခဲချောင်း
တော်ကြာဇီးထုပ်နဲ့ ။သွားတော့ တိုက်ဖြစ်ပါတယ် ။ သွားကျင်တာ က ဘာလို့ဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ သွားကျင်တာတော့ အသက်မရွယ်မရွေး ဖြစ်တတ်တယ် ၊ဝတ်ဆံရေ ။
ဆရာတို့တောင် တစ်ခါတစ်လေကျင်တတ်သေးတာ ၊ဟုတ်တယ်မလား ။
ဘာလို့ဖြစ်တာလဲဆိုတော့ အအေးနဲ့ တွေ့တဲ့အခါ သွားအတွင်းကအပူတွေက
အေးတဲ့ပတ်ဝန်းကျင်ဘက်ကို ကူးပြောင်းသွားတော့ သွားတွေ ကျင်လာတာပေါ့ ။
ဥပမာပြောရရင် ဝတ်ဆံတို့ ရေခဲတုံးနည်းနည်း ကြာကိုင်ရင် ဘာဖြစ်တုန်း ။
ဝတ်ဆံ ။ ။ လက်တွေ ကျင်လာတာပေါ့ ၊ ဆရာ ။
ဇီဝက ။ ။ အဲ့သဘောပဲပေါ့ကွာ ။အဲ့လိုအပူတွေ အေးတဲ့ အရာဝတ္ထုထဲကူးပြောင်းသွားတဲ့
ခံစားမှုကိုအရေပြား ၊သွားမှာရှိတဲ့ အာရုံကြောလေးတွေကဦးနှောက်ရှိပို့တော့
ကျင်တယ်လို့ ခံစားရတာပေါ့ ကွာ ။အဲ့တာတော့ ပုံမှန်ပေါ့ကွာ ။တချို့ကတော့
တခြားအကြောင်းတွေကြောင့်လည်းပိုဖြစ်တတ်တယ်။
ဝတ်ဆံ။ ။ ဆရာအချိန်ရရင် နည်းနည်းပြောပြပါလား ။ညီမလည်းသိထားရအောင်ပေါ့ ။
ဇီဝက ။ ။ အေးပါ ၊ဆရာဆက်ပြောပြမယ် ။ ဟုတ်ပလား ။
သွားတိုက်နည်းမမှန်တဲ့သူတွေ ၊ အစာမာတွေစားတဲ့သူတွေ ၊ကွမ်းစားသူတွေ ၊
ညဘက် သွားကြိတ်တတ်တဲ့ သူတွေမှာသွားရဲ့ ကြွေလွှာတွေပါးတတ်တယ်။
အချဉ်အစားများသူတွေ ၊အစာအိမ်အချဉ်ပေါက်လို့ ပါးစပ်ထဲထိအက်ဆစ်ဓာတ်တွေ
တက်တဲ့သူတွေ ၊ဆိုဒါ Soda အသောက်များသူတွေမှာအဲ့ဒီကြွေလွှာတွေစားတတ်တယ်။
တချို့ကတော့ ရေစီးကမ်းပြိုနာဖြစ်တော့ သွားဖုံးတွေကအောက်ပိုနိမ့်ဆင်းပြီးကျင်တတ်
တယ် ။
တချို့ကျတော့လည်း အစာဝါးတဲ့နေရာက သွားပိုးစားပြီးသွားဂလိုင်ပေါက်ဖြစ်ရင်လည်း
ကျင်တတ်ပြန်ရော ။
အထူးသဖြင့်တော့ အသက်ကြီးတဲ့သူတွေမှာသွားအမြစ်တွေပေါ်ပြီးသွားပိုးစားက
ပိုကျင်တတ်တယ် ။
ဝတ်ဆံ။ ။ ဘယ်လိုကုသရမလဲ ၊ဆရာ ။ကာကွယ်လို့ ရောရလား ။
ဇီဝက ။ ။ သွားကျင်ခြင်းအတွက်တော့ သီးသန့် ကုထုံးရယ်လို့ မရှိပါဘူး ။
သူ့ကိုဖြစ်စေတဲ့ အခြေခံရောဂါတွေပဲကုရမှာ ။ဥပမာ-သွားပိုးစားရင် သွားဆရာဝန်နဲ့
ပြရမယ် ။ရေစီးကမ်းပြိုနာကိုကုရမယ် စသဖြင့်ပေါ့ ကွယ်။
ဖိုးသာထူးဆို သွားဆရာဝန်နဲ့ ပြရမယ် ။ဘာဖြစ်လို့လဲဆိုတော့ သွားပိုးစားနေတာ
ကိုး။
ဝတ်ဆံ ။ ။ နောက်မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ၊ဆရာ ။
ဇီဝက ။ ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ် ၊ဝတ်ဆံရ ။
သွားကိုနည်းစနစ်မှန်မှန်နဲ့ အနည်းဆုံးမနက်တစ်ခါ ၊ညတစ်ခါ တိုက်ရမယ်။
အစာမာတွေ ပဲကြီးလှော်တို့ ၊ကွမ်းတို့ တတ်နိုင်သမျှ ရှောင်ရမယ် ။
သွားပိုးမစားအောင် အချိုတွေလျှော့ရမယ် ၊အချိုစားပြီးတိုင်းအာလုတ်ကျင်းရမယ်။
ဖြစ်နိုင်ရင် ခံတွင်းသန့်ဆေးရည်နဲ့ ကျင်းပေါ့ ဟာ ။
အချဉ်တွေ ၊ဆိုဒါတွေ လိုတာထက် ပိုပြီးမစားမသောက်နဲ့ ။
သွားမှာအပေါက်ရှိကဖာရမယ် ။
ဟုတ်ပြီလားဖိုးသား ။အချိုတွေလျှော့ ၊သွားမှန်မှန်တိုက် ၊စားပြီးတိုင်းအာလုတ်ကျင်း
ရမယ်နော် ။
ဖိုးသာထူး။ ။ဟုတ်ကဲ့ပါ ခင်ညာ့ ။
ဇီဝက ။ ။ ကလေးကလိမ္မာလိုက်တာကွာ ။
ကဲဦးကသွားနာသက်သာအောင် ဆေးပေးလိုက်မယ် ၊အာလုတ်ကျင်းဖို့ ပူရှိန်း
ဆေးရည်လေးလည်းထည့်ပေးလိုက်မယ် ။
ဟုတ်ပလား ။
ဖိုးသာထူး ။ ။ဟုတ်ကဲ့ ။
ဇီဝက ။ ။ ကဲ ဝတ်ဆံရေ ၊ပြီးရင်တော့ သွားပိုးစားတာအတွက်သွားဆရာဝန်နဲ့ သွားပြလိုက်ဦးနော်
ဝတ်ဆံ ။ ။ ဟုတ်ကဲ့ပါ ၊ဆရာ ။ခုလိုစိတ်ရှည်ရှည်နဲ့ ရှင်းပြတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။
နောက်လူနာလည်းစောင့်နေတဲ့အတွက် ၊ဝတ်ဆံတို့ကို ပြန်ခွင့်ပြုဦးနော် ။
ဖိုးသာထူးရေဦးဆရာကို နှုတ်ဆက်လိုက်ပါဦး ။
ဖိုးသာထူး။ ။ဦးဦးရေသားသားတို့ ပြန်လိုက်ပါဦးမယ် ၊ခင်ညာ့။
ဇီဝက ။ ။ ဟုတ်ကဲ့ပါ ဗျား ။
ဇီဝကလည်း နောက်လူနာကိုမေးမြန်းစမ်းသပ်နေရင်းကမျက်စိကဆေးခန်းအပြင်ဘက်
တစ်ချက်လှမ်းကြည့်လိုက်ရာဖိုးသာထူးလေးတစ်ယောက် အစောကကိုင်ထားသောချိုချဉ်စုပ်ပြား
လေးကိုလမ်းဘေးအမှိုက်တောင်းထဲလှမ်းပစ်လိုက်တာကိုတွေ့လိုက်ရတော့ ဇီဝက မျက်နှာတွင်
အပြုံးပန်းကလေးပွင့်လျက်………………………………………….
AUTHOR – ခေတ်သစ် ဇီဝက