‘အား…ခါးဆစ်ဘေးက အရမ်းအောင့်၊ အရမ်းနာနေတယ် ဆရာရယ်…’
‘ဆီးသွားရင်းနဲ့ ကျောက်သေးသေးလေးတွေ ထွက်ကျလာတယ်ဆရာ…’
‘ဆီးသွားရင် တခါတလေ အဖြူရောင်အနှစ်တွေပါလာတယ်…တခါတလေ သွေးရောင်ပါတယ်ဆရာ…’
ကျနော့်ဆီလာပြကြတဲ့ ကျောက်ကပ် ကျောက်တည်တဲ့ လူနာတွေပြောနေကျ စကားလေးတွေလေ…
ကျနော်တို့ မြန်မာနိုင်ငံရဲ့ နေရာဒေသအလိုက် သောက်သုံးရေတွေထဲမှာ ထုံးဓာတ်ပါဝင်မှုများတာကြောင့်ပဲဖြစ်ဖြစ်၊ ထုံးဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ၊ ကွမ်းယာတွေစားကြတာကြောင့်ပဲဖြစ်ဖြစ်၊ အသားတွေ စားတာများရင်ပဲဖြစ်ဖြစ်၊ မျိုးရိုးလိုက်တာကြောင့်ပဲဖြစ်ဖြစ်။ နေ့စဉ်ရေသောက်သုံးမှုနည်းတာကြောင့်ပဲဖြစ်ဖြစ် လူတော်တော်များများမှာ ဆီးကျောက်တည်တဲ့ရောဂါ ဖြစ်ပွားနေကြပါတယ်…
ဆီးကျောက်တည်တယ်ဆိုတဲ့နေရာမှာ ကျောက်ကပ်ထဲမှာကျောက်တည်တာ၊ ကျောက်ကပ်ကနေ ဆီးအိမ်ထဲသွားတဲ့ပြွန်ထဲမှာ ကျောက်ဆို့တာ၊ ဆီးအိမ်ထဲမှာ ကျောက်တည်တာ၊ ဆီးစွန့်ပြွန်အဝမှာ/အထဲမှာ ကျောက်ဆို့တာဆိုပြီး သူ့ဆီးလမ်းကြောင်းနေရာအလိုက် ကျောက်တည်တတ်သလို၊ တည်တဲ့နေရာပေါ်မူတည်ပြီး ခံစားရတဲ့ ဝေဒနာ၊ လက္ခဏာလည်း အနည်းငယ် ကွဲပြားတတ်ပါတယ်… ရောဂါလက္ခဏာတွေက ကျောက်တည်ပြီး ၅ နှစ်လောက်ကြာမှ လက္ခဏာ စပြတတ်ကြတာပါ…
ကျနော် ဒီနေ့ပြောမယ့် ကျောက်ကတော့ ကျောက်ကပ်ထဲမှာ တည်တဲ့ကျောက် အကြောင်းပါ… အဲဒီ ကျောက်ကပ်ဆိုတဲ့နာမည်ကို ကျောက်တွေ ကပ် ကပ်နေတတ်လို့များ ကျောက်ကပ်ရယ်လို့ သတ်မှတ်ထားသလားလို့တောင် စဉ်းစားမိပါတယ်…
ကျောက်ကပ်မှာ ကျောက်တည်တဲ့အကြောင်းလေးမပြောခင် ကျောက်ကပ်ဆိုတာ ဘာလဲလို့ အရင်ရှင်းပြဖို့လိုမယ်ထင်ပါတယ်… ကျောက်ကပ်ဆိုတာ ပဲစေ့ပုံစံရှိပြီး ကျွန်တော်တို့လူတွေမှာ ခါးရိုးဆစ်ရဲ့ အတွင်းဘက် ဘေးဘယ်၊ညာ နှစ်လုံးတစ်စုံစီပါပါတယ်… အရွယ်အစားက လက်တစ်ဝါးစာလောက်ရှိပါတယ်… ဘယ်ဘက်ကျောက်ကပ်ကတော့ အစာအိမ်ရဲ့နောက်နေရာမှာရှိပြီး ညာဘက်ကျောက်ကပ်ကတော့ အသည်းရဲ့အောက်မှာရှိပါတယ်… ဒါပေမယ့် သူတို့ဟာ ဝမ်းတွင်းကလီစာတွေကိုဖုံးအုပ်ထားတဲ့ ဝမ်းခေါင်းမြှေး (Peritoneum) ရဲ့အပြင်ဘက် အနောက်မှာ သီးခြားတည်ရှိနေတဲ့ အင်္ဂါတွေပဲဖြစ်ပါတယ်…
သူတို့ရဲ့ ချက်၊ ပဲစေ့ပုံရဲ့ အညှာနေရာကနေ ဆီးအိမ်ဆီကိုသွားတဲ့ ဆီးပြွန်တစ်ခုစီရှိပါတယ်… ကျောက်ကပ်ရဲ့ လုပ်ငန်းတာဝန်က ကျွန်တော်တို့ သွေးထဲမှာပါတဲ့ ခန္ဓာကိုယ်က မလိုအပ်တော့တဲ့၊ ပိုလျှံ ပျော်ဝင်ပစ္စည်းတွေနဲ့ ရေတွေ၊ အဆိပ်အတောက်တွေကို ဆီးအဖြစ် စစ်ထုတ်ပေးရတဲ့ တာဝန်ဖြစ်ပြီး ဇီဝရေစစ်တစ်ခုလို့ တင်စားရင်လည်း မမှားပါဘူး… ဒါ့အပြင် ကျောက်ကပ်ကနေ သွေးနီဥဆဲလ်တွေကို ထုတ်ပေးအောင်လှုံ့ဆော်ပေးတဲ့ ဟော်မုန်းဓာတ်ဖြစ်တဲ့ Erythropoietin၊ သွေးဖိအားကို အခြေအနေပေါ်မူတည်ပြီး ထိန်းသိမ်းပေးတဲ့ Renin ဟော်မုန်းနဲ့ အရိုးတွေကို အားဖြည့်ပေးတဲ့ ဗီတာမင် D တွေကိုလည်း ထုတ်ပေးပါသေးတယ်… ဒါကြောင့် ကျောက်ကပ်ပျက်စီးတာကြာရင် သွေးအားနည်းတာ၊ သွေးတိုးတာ၊ အရိုးပွတာတွေကို ဖြစ်စေတတ်တာပါ…
ကျောက်ကပ်ပျက်စီးတယ်ဆိုတဲ့နေရာမှာလည်း ကျနော်တို့ရဲ့ ကျောက်ကပ်က တစ်စုံ(နှစ်လုံး)ရှိတာမို့ တစ်လုံးပျက်စီးရင် နောက်တစ်လုံးနဲ့ အသက်ရှင်နေနိုင်ပါသေးတယ်… ကျောက်ကပ်လှူတယ်ဆိုတဲ့သူတွေကလည်း သူတို့ရဲ့ ကျောက်ကပ်တစ်လုံးကိုထုတ်လှူတာမို့ ကျန်တစ်လုံးနဲ့ အသက်ဆက်ရှင်နိုင်တာပါ… အဲ့ဒီ ကျန်တဲ့တစ်လုံးပျက်ရင်တော့ အပိုမရှိတော့လို့ ဒုက္ခရောက်တတ်ပါတယ်…
ပဲစေ့ပုံကျောက်ကပ်မှာ အပြင်အကာပိုင်းနဲ့ အတွင်းပိုင်းဆိုပြီးတော့ ထပ်ခွဲလို့ရပြန်ပါတယ်… အပြင်အကာပိုင်းမှာ ကျောက်ကပ်ရဲ့ ဆီးစစ်ထုတ်တဲ့တာဝန်ကို အဓိကလုပ်ပေးရတဲ့ Nephron လို့ခေါ်တဲ့ ရေစစ် အဏုအင်္ဂါ အစိတ်အပိုင်းလေးတွေ တစ်သန်းလောက် ပါဝင်ပါတယ်… ကျနော်တို့ရဲ့ခန္ဓာကိုယ်က မလိုအပ်တော့တဲ့ ရေနဲ့ ရေမှာပျော်ဝင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သွေးထဲကတဆင့် အဲ့ဒီ အဏုအင်္ဂါလေးတွေက အဆင့်ဆင့်စစ်ထုတ်ပြီးတော့ အတွင်းပိုင်းမှာရှိတဲ့ ဆီးခံပြွန်ငယ်တွေဆီကို ပို့ပေးပါတယ်… အဲ့ဒီကမှတဆင့် Renal Pelvis လို့ ခေါ်တဲ့ ဆီးပြွန်နဲ့ဆက်ထားတဲ့ ကတော့ကြီးထဲကို စီးထွက်ပြီး ဆီးအဖြစ် ဆီးအိမ်ထဲကို စွန့်ထုတ်ပေးပါတယ်…
အဲ့လိုစစ်ထုတ်ပေးရာကနေ ကိုယ်သောက်သုံးနေတဲ့ရေ၊ အစားအစာထဲမှာပါတဲ့ ထုံးဓာတ်တွေကြောင့်ပဲဖြစ်ဖြစ်၊ ရောဂါပိုးကြောင့်ပဲဖြစ်ဖြစ်၊ ဂေါက်ရောဂါလို ယူရစ်အက်ဆစ် (Uric Acid) များလွန်းတဲ့အခြေအနေမှာပဲဖြစ်ဖြစ်၊ ယူရစ်အက်ဆစ်ဖြစ်စေတဲ့ အစားအစာတွေ အစားများတာကြောင့်ပဲဖြစ်ဖြစ်၊ အဝါရောင်ခြယ်ပစ္စည်းတွေ အကြောင်းကြောင်းကြောင့် စုပုံလာတာကြောင့်ပဲဖြစ်ဖြစ်၊ ရေသောက်နည်းလို့ပဲဖြစ်ဖြစ်၊ ဆီးသွားချင်တာကို မသွားဘဲ အောင့်ထားတာကြောင့်ပဲဖြစ်ဖြစ် ရေရှည်မှာ အနည်ထိုင်ပြီး ကျောက်တည်လာကြပါတယ်… ဆီးကျောက်တည်တယ်ဆိုတဲ့နေရာမှာလည်း အမှုန်အမွှားလေးတွေကနေ ကျောက်အကြီးကြီးတွေအရွယ်အထိ ရှိနိုင်သလို တစ်လုံးထဲကနေ အများကြီးအထိ ရှိနိုင်ပါတယ်… ပုံစံကလည်း အလုံးပုံစံရှိနိုင်သလို အချွန်အတက်တွေနဲ့လည်း ရှိနိုင်ပါတယ်…
ပုံစံ၊ အရွယ်အစား၊ တည်နေရာကိုလိုက်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားနိုင်ပါတယ်…
ကျောက်ကပ်မှာတည်တဲ့ကျောက်ကြောင့်် ကျောက်ကပ်ရှိတဲ့ နောက်ကျောဘက်(Renal Angle)၊ ခါးနေရာကနေ မခံမရပ်နိုင်အောင်ထိုးအောင့်တာ၊ ဆီးထဲမှာ သွေးပါလာတာ၊ ပြည်ပါလာတာတွေ ဖြစ်နိုင်ပါတယ်… နောက်ပြီး ကျောက်က ကြီးလွန်းပြီး ဆီးစွန့်ပြွန်ထဲကိုထွက်တဲ့အဝမှာဆို့နေလို့ရှိရင် စွန့်ထုတ်လိုက်တဲ့ဆီးတွေက ရှေ့ဆက်မဆင်းနိုင်တော့ဘဲ ကျောက်ကပ်ထဲမှာတင် အိုင်ထွန်းနေတဲ့အခြေအနေ (Hydronephrosis) ဖြစ်လာပါတယ်…ကျောက်ကပ်ကထွက်ပေမယ့် ဆီးပြွန်ထဲမှာ ကျောက်ကတစ်ပြီးပိတ်နေရင်တော့ ကျောက်ကပ်ဘက်ခြမ်းက ဆီးပြွန်ပါ ဆီးတွေနဲ့ပြည့်ဖောင်းပြီး တင်းနေတဲ့အခြေအနေ (Hydroureter) ဖြစ်သွားနိုင်ပါတယ်… အဲ့ကျောက်က ဆီးပြွန်ကနေ အောက်ဆီးအိမ်ထဲအထိဆင်းသွားပေမယ့် ဆီးစွန့်မယ်ဆိုရင် ဆီးစွန့်ပြွန်အပေါက်မှာ သွားပိတ်တာကြောင့် ဆီးအိမ်ပြည့်ဖောင်းနေပေမယ့် ဆီးမသွားနိုင်တာမျိုးဖြစ်နိုင်ပါတယ်…
ဆီးကျောက်ရှိတယ်ဆိုတိုင်းလည်း လက္ခဏာမပြတတ်ပါဘူး… အခုနကလို ဒုက္ခပေးနိုင်တဲ့အရွယ်အစားရောက်မှသာ လက္ခဏာတွေ ပေါ်လာတတ်ကြပါတယ်… ဆီးကျောက်ရှိမရှိ ရိုးရိုးဓာတ်မှန် (Plain X ray) ရိုက်ကြည့်ရင်သိနိုင်သလို ဆေးထိုးပြီးဆီးလမ်းကြောင်းကိုဓာတ်မှန်ရိုက်ကြည့်တာမျိုး (Intravenous Pyelogram) လည်းလုပ်လို့ရပါတယ်… တီဗွီဓာတ်မှန် (Ultrasonogram) ရိုက်ပြီးတော့လည်း ဆီးကျောက်ရှိမရှိ စစ်ဆေးကြည့်နိုင်ပါတယ်…
ကျောက်ကပ်ထဲမှာ ကျောက်တည်ကာစဆိုရင် ဘာဆေးမှ သောက်စရာမလိုပါဘူး… ရေများများသောက်ပေးပြီး ကျောက်တည်စေတဲ့ ထုံးဓာတ်ပါတဲ့ရေတွေ၊ အစားအစာတွေ၊ ယူရစ်အက်ဆစ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပေးရပါမယ်… ဆီးသွားချင်ရင် အောင့်မထားဘဲ ချက်ချင်းသွားရပါမယ်… ကွမ်းစားတတ်ရင် ကွမ်းလုံးဝဖြတ်ရပါမယ်… ရေထဲမှာ ထုံးဓာတ်ပါတယ်လို့ သံသယရှိရင် ရေကို ကြိုချက်သောက်တာမျိုး၊ ရေသန့်ဘူးသောက်တာမျိုးက ပိုကောင်းပါလိမ့်မယ်… ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်…
ကျောက်ကြီးရင်တော့ ဆေးဝါးနဲ့ ကုသတာမျိုး၊ ခွဲစိတ်ထုတ်တာမျိုး၊ စက်နဲ့ခြေတာမျိုး( ESWL, Extracorporeal Shock Wave Lithotripsy) တွေနဲ့ ကုသမှုခံယူနိုင်ပါတယ်…
အကောင်းဆုံးကတော့ မဖြစ်ခင် ကြိုတင်ကာကွယ်တာပါပဲ… ဒါကြောင့် ဆီးကျောက်တည်စေတတ်တဲ့ အစားအစာတွေကို အတတ်နိုင်ဆုံးဖော်ပြပေးပါ့မယ်… ထုံးဓာတ်ပါတဲ့အစားအစာတွေဖြစ်တဲ့ ကွမ်း၊ ထုံးဓာတ်ပါတဲ့ရေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဒိန်ခဲ၊ ထောပတ်စတာတွေ၊ ကယ်လ်ဆီယမ်ဓာတ်ပါတဲ့ ဆေးဝါးတွေ၊ အရိုးတွေ၊ ငါးကြီးဆီ၊ ကွေကာ စတာတွေကို ရှောင်ရပါမယ်… ပြီးရင် ယူရစ်အက်ဆစ်တက်စေတတ်တဲ့ အဆီများလွန်းတဲ့ အစားအစာတွေ၊ အရက်၊ ဘီယာ၊ ဝိုင်၊ အနီရောင်အသား(ဝက်၊ အမဲ၊ ဆိတ်၊ သိုး) ၊ ဝမ်းတွင်းသား၊ ကလီစာ( အသည်း၊အူစုံ) ၊ငါးဥ၊ ငါးသလောက်၊ ငါးပါးနီ၊ ဆာဒင်းငါး၊ ငါးသေတ္တာ၊ ပင်လယ်စာ(ယောက်သွား၊ ဂုံးကောင်၊ ပြည်ကြီးငါး၊ ပုစွန်၊ ပုစွန်ထုပ် စသည်)၊ဝက်ပေါင်ခြောက်၊၊ အသားစွပ်ပြုတ်၊ မှို၊ ကြွက်နားရွက်မှို၊ ပဲလုံး၊ ပဲတောင့်ရှည်၊ ပဲနီလေး၊ ကညွတ်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ငှက်သား ၊ ကြက်ဆင်သား စတာတွေ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ကွတ်ကီး၊ ဂျယ်လီ၊ ချောကလက်၊ ရှာလကာရည်၊ အချိုရည်၊ ရေခဲမုန့်၊ ခရင်မ်ပါသော မုန့်များ၊ လက်ဘက်ရည်၊ ကော်ဖီသောက်စားတာမျိုးတွေ၊ အစေ့အဆံ၊ ခရမ်းချဉ်စေ့၊ စပြစ်သီးခြောက်၊ ပြောင်းဖူး၊ ပြောင်းဖူးပါတဲ့ အစားအစာတွေ၊ အသားဟင်းအနှစ်တွေ၊ ဆား၊ ဆော်ဒါ စတာတွေကို ရှောင်ကြဉ်ရပါမယ်… နောက်ပြီးရင် ရေများများသောက်ပြီးတော့ ဆီးသွားချင်ရင် အောင့်ထားတာမျိုးမလုပ်ရပါဘူး… ဒါဆိုရင် ဆီးကျောက်တည်တဲ့ အန္တရာယ်ကို အထိုက်အလျောက် ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်…
နိဂုံးချုပ်အနေနဲ့ပြောရရင် ကျောက်ကပ်ထဲမှာ တည်တဲ့ကျောက်အကြောင်းကို ဒီဆောင်းပါးကနေ သိသင့်သလောက် သိပြီးကြပြီဆိုရင် ဖြစ်မှ ကုသမှုခံယူတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်သွားကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်…
ဒါကြောင့်မို့ ကျနော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုတွေအနေနဲ့ ဒီလို ကျန်းမာရေးဗဟုသုတတွေကို ရှာဖွေ မှတ်သားလေ့လာကြပြီး လက်တွေ့လိုက်နာကျင့်သုံးကြမယ်ဆိုရင်ဖြင့် ကျန်းမာခြင်းဆိုတဲ့ ဆုလာဘ်ကြီးကို လက်ဝယ်ပိုင်ပိုင် စွဲကိုင်နိုင်မှာဖြစ်ပါကြောင်းပြောကြားရင်း ကျနော့်ရဲ့ ‘ကျောက်ကပ်မှာတည်တဲ့ ကျောက်’ဆိုတဲ့ ဆောင်းပါးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေဗျာ…
AUTHOR – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)