သွေးကြောအတွင်း၌ရှိသော “သွေး” သည် သွေးကြော၏ နံရံကို ဘေးတိုက်အားတစ်ခုဖြင့် တွန်းကန်လျက်ရှိသည်။ ယင်းကဲ့သို့ တွန်းသောအား (Hydrostatic Pressure) ကို သွေးဖိအား (Blood Pressure) ဟုခေါ်ဆိုခြင်းဖြစ်သည်။ ခွက်တစ်ခုအတွင်းရှိ ရေ သို့မဟုတ် အရည်တစ်မျိုးသည် ခွက်၏ နံရံသို့ တွန်းလျက်ရှိသောအားနှင့် အလားတူဖြစ်ပါသည်။
သွေးကြောသည် သွေးပြန်ကြော (Vein) ဖြစ်ပါက Venous Pressure ဟူ၍လည်းကောင်း သတ်မှတ်ခေါ်ဆိုပါသည်။ အကြမ်းအားဖြင့်မှု “သွေးဖိအား” ဟူသည်မှာ သွေးလွှတ်ကြောအတွင်းရှိ ဖိအားကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။
သွေးဖိအားကို တိုင်းရာတွင် နှလုံးတွင်းညှစ်စဉ် ဖြစ်ပါက Systolic Blood Pressure ဟူ၍ သုံးနှုန်းပါသည်။ ပြင်ပလောကတွင် အပေါ်သွေးဟူ၍ လွယ်လွယ်ကူကူ ခေါ်တတ်ကြပါသည်။ နှလုံးသွေးလက်ခံနေစဉ်တိုင်းသော ဖိအားကိုမှု Diastolic Blood Pressure (ပြင်ပအောက်သွေး) ဟုခေါ်ကြပါသည်။ သာမန်လူတစ်ယောက်၏ သွေးဖိအားကို မီလီမီတာ ပြဒါး (၁၂၀/၈၀ mmHg) သတ်မှတ်ဖော်ပြကြသည်။ အများအားဖြင့် သွေးပေါင်ချိန်သို့မဟုတ် သွေးဖိအား ၁၂၀/ ၈၀ ဟုပြောလျှင် သဘောပေါက်နားလည်ကြပြီး ဖြစ်ပါသည်။
အပေါ်သွေး Systolic Blood Pressure သည် ၉၀ မှ ၁၄၀ အတွင်းရှိပြီး အောက်သွေး Deastolic Blood Pressure သည် ၆၀ မှ ၉၀ အတွင်းရှိပါက ယေဘူယျအားဖြင့် “ကောင်းသည်” သို့မဟုတ် “သာမန်ဖြစ်သည်” ဟု ယူဆနိုင်ပါသည်။ သွေးတိုးရောဂါရှင် အများစုသည် မူလရောဂါ ဇစ်မြစ်မရှိတတ်ကြပါ။ တစ်နည်းဆိုပါလျှင် မည်သည့်အတွက် သွေးတိုးရောဂါဖြစ်ရသည်ကို အတိအကျ မပြောနိုင်ပေ။ အချို့သော သွေးတိုးရောဂါရှင်များသည် ကျောက်ကပ်ရောဂါများ၊ နှလုံးသွေးကြောမ ကျဉ်ခြင်းနှင့် ဟော်မုန်းဂလင်းများ၏ ရောဂါများဖြစ်ကြောင်း တွေ့ရပါသည်။
ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း ကိုယ်ဝန်ဆိပ်တက်ခြင်းသည် သွေးတိုးရောဂါဖြစ်ကြောင်း သိရပါသည်။
ဤဆောင်းပါးတွင် သွေးတိုးရောဂါဖြစ်ရခြင်းထက် သွေးတိုးရောဂါရှင်များအတွက် “ဆေးဝါးမပါ သွေးတိုးကုသနည်း” အကြောင်း အဓိက ဆွေးနွေးတင်ပြပါမည်။
အထက်ပါ တင်ပြပြီးသကဲ့သို့ သွေးတိုးရခြင်း၏ အကြောင်းဇစ်မြစ် အတိအကျကို မသိနိုင်သဖြင့် လုံးဝပျောက်ကင်းအောင် ကုသရန်လည်း မလွယ်ကူပေ။ သွေးတိုးရောဂါ အမြစ်ပြတ် ပျောက်ကင်းသွေးသည်ဟူ၍ မရှိသလောက်ပင်ဖြစ်၏။
သို့အတွက် သွေးတိုးရောဂါရှိသူများအနေဖြင့် သွေးမတက်စေရန် အစားအသောက်အနေအထိုင် ဆင်ခြင်၍လည်းကောင်း၊ စိတ်ကျန်းမာ ကိုယ်ချမ်းသာစေရန် ဂရုစိုက်၍လည်းကောင်း၊ ဆေးဝါးများကို မှီဝဲ၍လည်းကောင်း နေထိုင်ကြရန် လိုပါသည်။ ဤသို့နေကြရသည်မှာလည်း ခဏတာမဟုတ်ပါ။ တစ်သက်တာ ဖြစ်ပါသည်။
သွေးတိုးရောဂါရှင်များအား အောက်ပါအချက်များကို ဂရုစိုက်လိုက်နာဆောက်ရွက်ကြရန် တိုက်တွန်းချင်ပါသည်။
ဆား (အငန်) လျော့စားပါ
ခန္ဓာကိုယ်အလေးချိန်လွန်ကဲသူ (ဝလွန်းသူ) များ ကိုယ်အလေးချိန်လျှော့ပေးပါ
အရက်သောက်ခြင်းကို ဆင်ခြင်ပါ
ပိုတက်ဆီယမ် (Potassium) ကြွယ်ဝသော အစားအစာများကို စားသုံးပါ
အားကစားလေ့ကျင့်မှုတစ်ခု မှန်မှန်ပြုလုပ်ပေးပါ
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)