ဦးရှက်ကြီးတစ်ယောက် အမှန်အကန် စိတ်ညစ်လို့နေသည်။ ညစ်ဆို နေ့စဉ်ရက်ဆက် ကြုံတွေ့နေရသော ကိစ္စ အလေးသွားပြီးတိုင်း သွေးကျနေသော ကိစ္စဖြစ်သောကြောင့်ပင်။ ဒီမနက်တွင်တော့ အိမ်သာအဆင်းတွင် မိုက်ခနဲပင် ဖြစ်သွားသေးသည်။ ထပ်ဖြစ်၍ လဲကျမည်ကို စိုးသည်က တစ်ကြောင်း နုန်းနေသည်က တစ်ကြောင်းကြောင့် အိပ်ယာထဲတွင် ခွေနေမိသည်။ မူးရိပ်ရိပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ အလေးသွားတိုင်း သွေးမြင်နေရသဖြင့် စိတ်စနိုးစနောင့်ဖြစ်တာနေမှာပါဟုသာ ပေါ့ပေါ့တွေးခဲ့မိသည်။
ဟိုတစ်နေ့ကပင် မဆုံတာကြာသောအသိတစ်ယောက်ဖြင့် လမ်းမှာတွေ့စဉ် ဖြုဖျော့နေသလိုပဲဟု ပြောသွားသေးသည်။ မိမိလိုလူလတ်ပိုင်း ယောကျ်ားရင့်မာကြီးက မူးလဲသည်ဆိုလျှင် ကျော်မကောင်းကြားမကောင်းဖြစ်တော့မည်ဟုတွေးမိတော့ ပိုတော်စိတ်ညစ်သွားသေးသည်။ ဆေးခန်းပြမည် စဉ်းစားတော့လည်း မိမိ၏လျှို့ဝှက်အပ်သော နေရာကို သူစိမ်းတစ်ယောက်အား ပြသရမှာ ဖြစ်နေလေတော့ နာမည်နှင့်လိုက်အောင် အရှက်ကြီးသော ဦးရှက်ကြီးအဖို့ အလွန်ခဲယဉ်းသော ကိစ္စဖြစ်နေသည်။ ဟိုလှိမ့် ဒီလှိမ့်ဖြင့် စဉ်းစားရင်း ရှေ့ဆက်ပိုဆိုးလာမည်ကို စိုးရိမ်သဖြင့် ရှေ့မျက်နှာနောက်ထားကာ ဆေးခန်းပြဖို့ ဆုံးဖြတ်လိုက်သည်။ ပြမည်ဆိုတော့ ဘယ်ဆေးခန်း ဘယ်ဆရာဝန်နှင့် ပြရမည်ကို ထပ်စဉ်းစားရပြန်သည်။ အမျိုးသမီးဆရာဝန်တော့မဖြစ်။ ဘယ်နည်းနဲ့မှမဖြစ်။ ဒီလိုဆိုတော့ ရပ်ကွက်ထိပ်တွင် မကြာခင်ကမှ ဆေးခန်းလာဖွင့်ထားသော ဆရာဝန်လေးထိုင်သည့် ဆေးခန်းသေးသေးကို ပြေးမြင်မိလာသည်။ ထိုဆေးခန်းနာမည်ကိုလည်း စိတ်ထဲသိပ်မရှိလှ။ ဆရာဝန် နာမည်ကို သိဖို့ ပိုဝေးသည်။
လူချေနည်း၍ တစ်ယောက်အိမ်တစ်ယောက် အိမ်လှည့်လည်နေသော ဦးရှက်ကြီးတို့ရပ်ကွက်ထဲတွင် ထိုဆရာလေးနှင့် ပြဖူးသူတိုင်းက ပေးထားသောနာမည်သာ တစ်ယောက်စကားဖြင့်တစ်ယောက်သိကြရသည်။ “ဆရာအာလူးလေး” ဟူ၍ဖြစ်သည်။ နာမည်ကြားကြားချင်းတုန်းကတော့ လျှောက်ရွှ့ီးနေသဖြင့် ထိုနာမည်အပေးခံရသည်ဟု ထင်ခဲ့မိသည်။ နောက်တော့မှ ဆောင်ရန်ရှောင်ရန်များကို မပြီးနိုင်မစီးနိုင် အာလူးဖုတ်နေသဖြင့် ထိုနာမည်ပိုင်ဆိုင်သွားကြောင်းသိရတော့သည်။ ဘာပဲဖြစ်ဖြစ် တူသားအရွယ်လေးဆိုတော့ အရမ်းကြီးရှက်နေစရာမလိုပါဘူးလေဟု ကိုယ့်ကိုယ်ကို အားပေးကာ ညနေဆေးခန်းသွားဖို့ဆုံးဖြတ်လိုက်သည်။
ညနေဆေးခန်းရောက်တော့ အဝင်ဝကနေ တစ်ချက်အကဲခတ်ကြည့်မိသည်။ ဆေးခန်းလေးမှာ ခပ်ကျဉ်းကျဉ်း သွပ်အမိုးမိုးထားသော အခန်းလေးသာဖြစ်သည်။ ကာရံထားသော သစ်သားပြားများက မညီမညာ။ ကြမ်းခင်းအနေနဲ့ မြေသားကို ပြောင်နေအောင် ခင်းထားသည်။ “အိမ်း ထည်ဝါသကွဲ့” ဟု စိတ်ထဲမှ ရေရွတ်မိသေးသည်။ ဦးရှက်ကြီးဝင်သွားသည်ကို ဒေါက်တာအာလူးလေးက သတိမပြုမိ။ ဖုန်းကို သဲကြီးမဲကြီးပွတ်၍နေသည်။ တခြားဆေးခန်းများတွင် လူနာရှင်းချိန်၌ ဘိုလိုရေးထားသော စာအုပ်ထူထူကြီများကို ထိုင်ဖတ်နေလေ့ရှိသော ဆရာဝန်များအား သဘောကျမိသော ဦးရှက်ကြီးစိတ်ထဲ ထိုဆရာဝန်လေးကို အမြင်တစ်မျိုးဖြင့် မြင်မိသည်။ “အဟမ်း အဟမ်း” ချောင်းသံကို ကျယ်ကျယ်ပြုမိသည်။
ဒီတော့မှာ ဆရာအာလူးလေးက လှည့်ကြည့်သည်။ ထိုဆရာဝန်လေးမှာ လူကောင်သေးသေး အသားညိုညို နဖူးကျယ်ကျယ် မျက်ခုံးကောင်းကောင်းဖြင့် မျက်မှန်ကိုင်းအမည်းအထူကိုုတပ်ထားသည်။ ရှပ်အကျီၤကော်ဖီရောင်နှင့် ယောပုဆိုးကို ဝတ်ထားသည်။
ဦးရှက်ကြီးစိတ်ထဲတွင်တော့ ကောလိပ်ဂျင်နေဝင်းခေတ်က တက္ကသိုလ်ကျောင်းသား ပုံစံဖြင့်သာ တူနေလေသည်။ တစ်ဆက်တည်း ဘာရယ်မဟုတ် ထန်းလျက်ရေဇလုံထဲ ပြုတ်ကျနေသော အာလူးခပ်သေးသေးတစ်လုံးကို ပြေးမြင်မိသဖြင့် စပ်ဖြဲဖြဲဖြစ်သွားသော မိမိမျက်နှာကို မနည်းထိန်းလိုက်ရသေးသည်။ “ဆေးခန်းပြချင်လို့ပါ” ဦးရှက်ကြီးက ဆရာလို့ ခေါ်ချင်စိတ်မရှိသဖြင့် တိုတိုပြောမိသည်။ “ဦးလေးနာမည်နဲ့ အသက်တစ်ချက်ပြောပါ ။ ဦးရှက်ကြီး အသက် ၅၅နှစ်ပါ” ဆရာအာလူးလေးကု ဆေးမှတ်တမ်းစာအုပ်လေး အဖုံးတွင် လိုက်ဖြည့်သည်။ “ဟုတ်ကဲ့ ဘာဖြစ်သလဲပြောပါ” ဆရာလေးက မေးသည်။ အသံကတော့မဆိုးလှ သြဇာသီးစား အဲလေ အသံသြဇာတော့ရှိသားဟု တွေးမိသည်။ “ဝမ်းသွားရင် သွေးပါလို့ပါ” ဆရာလေး၏ မျက်ခုံးနက်နက်နှစ်ခု ဆတ်ခနဲပင့်သွားလေသည်။
“ဝမ်းနဲ့ရောပြီးပါတာလား။ ဝမ်းသွားပြီးမှ သွေးကျတာလား” “ဝမ်းသွားပြီးမှ ကျတာပါ။” ဦးရှက်ကြီးက ဖြေသည်။ “စအိုထဲကနေ တစ်ခုခုထွက်တာမျိုးရှိပါသလား။” “ထွက်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် လိပ်ခေါင်းဖြစ်နေတယ်လို့ထင်ပါတယ်။” “ဟုတ်ကဲ့ ဖြစ်နိုင်ချေရှိပါတယ် ဟဲဟဲ” ပြောင်စပ်စပ်ရုပ်ဖြင့် ထိုဆရာအာလူးလေးကဖြေသည်။ “ဖြစ်တာဘယ်လောက်ကြာပါပြီလဲ စဖြစ်ကတည်းက ခုထိ ခံစားရသမျှကို ပြောပါ။” “စဖြစ်တာတော့ နှစ်နှစ်လောက်ရှိပြီ အစပိုင်းတော့ ဝင်လိုက်ထွက်လိုက်ပဲ နောက်ပိုင်း လက်နဲ့သွင်းမှ ဝင်တယ်။ အစက သွေးမထွက်ဘူး နောက်မှ နည်းနည်းစီထွက်လာတာ တစ်နေ့တစ်နေ့ဝမ်းသွားရမှာတောင် တော်တော်စိတ်ညစ်ရပါတယ်” ဟု ခပ်ညည်းညည်းပြောမိသည်။ “ဦးလေးကြည့်ရတာ ဖြူဖျော့နေတယ်နော်။ မူးတာ၊ နုန်းနေတာ၊ မိုက်ခနဲဖြစ်တာမျိုး ခံစားရပါသေးလား။” “ဘယ်လိုသိတာလဲ ဆရာရယ် မှန်လိုက်လေ မနက်က အိမ်သာကအဆင်း မိုက်ခနဲဖြစ်သွားတယ်ဆရာ။ လူကလည်းနုန်းနေတာကြာပါပြီ။” “တခြားဘာဖြစ်ပါသေးလဲ ဖျားတာ လိပ်ခေါင်းက နာတာ ပြည်ထွက်တာရောဖြစ်ပါသေးလား။” “အဲ့လိုမျိုးတော့ မရှိပါဘူး။” “အရင်ကရော အသည်းနဲ့ပတ်သတ်တဲ့ရောဂါ ဖြစ်ဖူးပါသလား။ တခြားဘာတွေဖြစ်ဖူးပါသေးလဲ။” “ဒါကလွဲပြီး ဘာမှမဖြစ်ပါဘူးဆရာ။” “ဟုတ်ကဲ့ သေချာအောင် လိုအပ်တဲ့ စမ်းသပ်မှုလေးတွေလုပ်ပါမယ်။ စအိုနေရာကိုလည်း စမ်းသပ်ပါမယ်။ သဘောတူပါသလား။” ဆရာလေးက မေးသည်။
“မဖြစ်မနေဆိုတော့လည်း ရှေ့မျက်နှာနောက်ထားရတော့မှာပေါ့ဆရာရယ် ကျွန်တော်က နာမည်နဲ့လိုက်အောင် အရှက်အကြောက်အရမ်းကြီးတာဗျ” ဦးရှက်ကြီးရင်ဖွင့်မိလေသည်။ “ဟုတ်ကဲ့ မရှက်ပါနဲ့ခင်ဗျာ ကျွန်တော်တို့ဆရာဝန်တွေအဖို့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို တစ်သတ်မတ်တည်းပဲသဘောထားပြီးစမ်းသပ်တာပါ။ ခု ကျွန်တော် ဦးလေးရဲ့ မျက်ခွံအောက်ခမ်းကို တစ်ချက်ကြည့်ပါမယ်။ သွေးခုန်နှုန်းကို စမ်းသပ်ပါမယ်။ စအိုနေရာကို ကြည့်ပါမယ်။ ဒီသုံးနေရာကို စမ်းသပ်တဲ့ ကျွန်တော့်ရဲ့စိတ်ဟာ တစ်သဘောထဲပါပဲ။” ဆရာအာလူးလေးက အားပေးပြုံးပြုံးရင်း နားလည်စွာပြောတော့ ဦးရှက်ကြီးစိတ်ထဲ ဆရာအာလူးလေးကို နှစ်လိုခင်မင်မိလာလေသည်။ စမ်းသပ်စစ်ဆေးပြီးနောက် ဆရာလေးက “ဦးလေးအခုခံစားနေရတဲ့ ဝေဒနာကို လိပ်ခေါင်းရောဂါ အဆင့်သုံးလို့ ကျွန်တော်သတ်မှတ်ပါတယ်။ ကာလကြာရှည်ဝမ်းသွားတိုင်းသွေးပါနေတော့ နောက်ဆက်တွဲအနေနဲ့ သွေးအားနည်းရောဂါဝင်လာတာပါ။ ခု ကျွန်တော် လိုအပ်တဲ့ဆေးတွေပေးထားပါတယ်။ သွေးအားကောင်းအောင် သံဓါတ်အားဖြည့်ဆေးလည်း ပေးထားပါတယ်။ ဒီအတောအတွင်း ဝမ်းမချုပ်အောင်နေပါ။
အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ ဝမ်းတကယ်သွားချင်မှ အိမ်သာထဲဝင်ပါ။ အိမ်သာထဲမှာ အကြာကြီးထိုင်နေတာမျိုး မလုပ်ပါနဲ့။ ခုအခြေအနေအရတော့ အစိုးရဆေးရုံမှာ ခွဲစိတ်ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး လိုအပ်သော ကုသမှုများ ဆက်လက်ခံယူဖို့လိုနေပါပြီ။” “ဟုတ်ကဲ့ ကျေးဇူးပါဆရာ”။ “တခြားမိတ်ဆွေတွေကိုလည်း ဦးလေးကတစ်ဆင့် လိပ်ခေါင်းရောဂါအကြောင်း ဗဟုသုတဖြန့်ဝေနိုင်အောင် ကျွန်တော့် ကျန်းမာရေးပညာပေးပါရစေ။” ဒီလိုဆိုတော့လည်း မပြောပါနဲ့ဟု တားလို့မှ မကောင်းတာ “ဟုတ်ကဲ့ ပြောပါဆရာ” ဟုသာ ညှောင်နာနာဖြင့် ပြောရတော့တာပေါ့။ ဆရာအာလူးလေးက အဟမ်း အဟမ်း ဟု လည်ချောင်းရှင်းကာ ပတွတ် ပတွတ်ဖြင့် ပြောလေတော့သည်။
“လိပ်ခေါင်းရောဂါဟုဆိုတာ တော်တော်များများ ကြားဖူးကြသောရောဂါနာမည်တစ်ခုပါ။ ပြူတစ်ပြူတစ်နှင့် ဝင်လိုက်ထွက်လိုက်ဖြစ်နေသောကြောင့် လိပ်ခေါင်းဟုခေါ်ကြပါတယ်။ ဂရိဘာသာစကားဖြင့် Haemorrhoid (သွေးထွက်နေသော) လက်တင်ဘာသာစကားဖြင့်မူ Pile (အလုံး) ဟု အဓိပ္ပာယ်ရပါတယ်။ဖြစ်ရသည့်အကြောင်းမှာ စအိုနံရံအတွင်းရှိ သွေးပြန်ကြောလေးများ ပုံမှန်ထက် ဖောင်းလာကြခြင်းသာဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါတွင် အဆင့်(၄)ဆင့် ရှိပါတယ်။
ပထမအဆင့် – သွေးသာထွက်၍ စအိုထဲမှ ကျွံကျလာခြင်း မရှိသောအဆင့်
ဒုတိယအဆင့် – ဝမ်းသွားစဉ် လိပ်ခေါင်းကျွံကျလာ၍ ဝမ်းသွားပြီးသောအခါ အလိုအလျှောက်ပြန်ဝင်သွားသောအဆင့်
တတိယအဆင့် – ဝမ်းသွားစဉ် လိပ်ခေါင်းကျွံကျလာ၍ ဝမ်းသွားပြီးသောအခါ လက်ဖြင့်ပြန်သွင်းမှဝင်သောအဆင့်
စတုတ္ထအဆင့် – လိပ်ခေါင်း အမြဲထွက်နေသော အဆင့်တို့ပဲဖြစ်ပါတယ်။
လိပ်ခေါင်းဖြစ်ပွားစေသောအကြောင်းရင်းတွေကတော့
မတ်တပ်ရပ်ရသော လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ
အသည်းသွေးပြန်အဖွဲ့အစည်းအတွင်း မွေးရာပါ အဆို့ရှင် မပါရှိမှု
အသည်းသွေးပြန်အဖွဲ့အစည်းအတွင်း ဖိအားတက်မှု
သွေးပြန်ကြောနံရံများ မွေးရာပါအားနည်းခြင်း
ကြာရှည်ဝမ်းချုပ်ခြင်းအလေ့
ကိုယ်ဝန်ဆောင်ခြင်း
အစာဟောင်းအိမ်ကင်ဆာနှင့် စအိုကင်ဆာ
ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်သူများ
လိပ်ခေါင်းဖြစ်ပါက ခံစားရမည့် ရောဂါလက္ခဏာတွေကတော့
အတွေ့ရအများဆုံးနှင့် အစောဆုံးဖြစ်သော လက္ခဏာမှာ စအိုအတွင်းမှ သွေးထွက်ခြင်းပါ။ ဝမ်းသွားစဉ် သွေးအနီရဲရဲ တစ်စက်ပြီးတစ်စက် ထွက်ခြင်းမျိုးဖြစ်ပါတယ်။ ကာလကြာလာပါက သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။ ခု ဦးလေးခံစားနေရသလိုမျိုးပါ။
လိပ်ခေါင်းအမြဲထွက်နေသော စတုတ္ထအဆင့်တွင် မသက်မသာဖြစ်မှုကို ခံစားရနိုင်ပါတယ်။
အကျိအချွဲထွက်ခြင်း၊ ယားယံခြင်း
ကျွံထွက်နေသော လိပ်ခေါင်းကို ရောဂါပိုးဝင်ပါက နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။
ထို့ကြောင့် လိပ်ခေါင်းဝေဒနာ ခံစားနေရသူများ အနေဖြင့်
ဝမ်းမှှန်စေရန်ဂရုပြုခြင်း၊ ဝမ်းမသွားချင်သေးဘဲ အိမ်သာထဲတွင် ကြာရှည်ထိုင်နေသော အဆင့်ကို ရှောင်ရှားခြင်း၊ အသီးအရွက်များများစားခြင်း၊ ဝမ်းပျော့စေသော အစာများစားခြင်း၊ ရေများများသောက်ခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။
ကုသနိုင်သောနည်းလမ်းများမှာ လိပ်ခေါင်းအခြေအနေပေါ်မူတည်၍ သားရေကွင်းပစ်ခြင်း၊ ဆေးထိုးခြင်း၊ လိပ်ခေါင်းဖြတ်ခြင်းတို့ဖြစ်ပါတယ်။
AUTHOR – ဒေါက်တာအေးမြမြအောင်