အိမ်မှာ ကြောင်ကလေးတွေ မွေးထားပါသလား

နိုင်နိုင်လင်းက ငယ်ငယ်တည်းက တိရိစ္ဆာန်လေးတွေကိုချစ်တတ်သည်။ တစ်ဦးတည်းသော သမီးဖြစ်တာကြောင့်လည်း အချိန်အများစုကို အိမ်တွင်မွေးထားသော ကြောင်ကလေးများကို အဖော်ပြုနေရချိန် များသည်။ ဒီလိုနဲ့ အသက်ကြီးလာ တော့လည်းကြောင်တွေနဲ့ နိုင်နိုင်လင်းနဲ့က ခွဲမရ။

အိမ်ထောင်ကျပြီး တော့လည်း ကြောင်တွေတစ်ပွေ့တစ်ပိုက်နှင့်။ အမျိုးသားကတော့ ကြောင်တွေခေါ်လာတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်ပုံ မပေါ်ပါ။ သူအလုပ်သွားနေချိန်ဆို နိုင်နိုင်လင်းက ဒီကြောင်တွေနဲ့ပဲ အဖော်ပြုနေရတာကြောင့်ကအဓိကအကြောင်းဖြစ်မယ်ထင်ပါတယ်။
လက်ထပ်ပြီးတစ်နှစ်လောက်ရှိတော့ နိုင်နိုင်လင်းမှာ ကိုယ်ဝန်ရှိလာတယ်။ အစမှာတော့ မစားချင်မသောက်ချင်နဲ့ အချိန်တိုင်းပျို့ချင်အန်ချင်နေပေမယ့် ကိုယ်ဝန်လေးလလောက်ရှိတော့ အစားအသောက် ပြန်စားနိုင်လာတယ်။ ပုံမှန်အတိုင်းဖြစ်လာတယ်။

တစ်ရက် အမျိုးသားရဲ့ သူငယ်ချင်းတွေ အိမ်ကိုလာလည်ကြတယ်။ ဆရာဝန်၊ စစ်ဗိုလ်၊ ကျောင်းဆရာ၊ စီးပွားရေးလုပ်နေတဲ့သူ၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ စုံလို့။ ကြောင်တွေနဲ့လုံးနေတဲ့ နိုင်နိုင်လင်းကိုတွေ့တော့ ဆရာဝန်မမက အမျိုးသားဘက်လှည့်ပြီးပြောတယ်။

” ကောင်းမော် (အမျိုးသားရဲ့နာမည်)၊ နင့်အိမ်မှာ ကြောင်တွေမွေးထားတာလား အများကြီးပဲ ”
ကိုကောင်းမော်က ” နိုင်နိုင်လင်းက ကြောင်ချစ်တယ်လေ။ မင်္ဂလာဆောင်ပြီး ကတည်းက သူ့အိမ်က သယ်လာတာ။ ငါတို့ အိမ်ရောက်နေတာ တစ်နှစ်ကျော်ရောပေါ့ ” လို့ပြန်ပြောတယ်။
ဆက်ပြီး ဆရာဝန်မမကပဲ
” ကြောင်တွေအများကြီး မွေးတာတော့ မွေးတာပေါ့။ ကိုယ်ဝန်ဆောင်တွေ နဲ့ တပူးပူး တကပ်ကပ ်မနေရဘူး။ ”
” ဟင် ကိုယ်ဝန်ဆောင်ကကြောင်မမွေးရဘူးလို့ ရှိလို့လား။ တစ်သက်လုံးမွေးလာတာပဲလေ။ ” ဒီတစ်ခါအသံထွက်လာတာက နိုင်နိုင်လင်း။
ဒါနဲ့ပဲ ဆရာဝန်မမက လုံးစေ့ပတ်စေ့ ဒီလိုရှင်းပြပါတယ်။
” ကိုယ်ဝန်ဆောင်တွေ ကြောင်တွေ ဒါမှမဟုတ် တခြားအိမ်မွေးတိရစ္ဆာန်တွေနဲ့ တပူးပူးကပ်ကပ်နေရင် သူတို့ဆီက မမြင်ရတဲ့ ရောဂါပိုးတွေဟာ အဆိုပါကိုယ်ဝန်ဆောင်တွေဆီကို ကူးစက်နိုင်ပါတယ်။ မိခင်ကတော့ လူကောင်းပါပဲ။ ဒါပေမယ့် မွေးလာတဲ့ ကလေးမှာ ကိုယ်လက်အဂါၤ မစုံမလင်ဖြစ်တတ်တာကစလို့ ဆွံ့အ နားမကြားနဲ့ ဉာဏ်ရည်မမှီတာတွေ အဆုံး မထင်မှတ်ထားတာတွေဖြစ်တတ်တယ် ”
နိုင်နိုင်လင်းက အလန့်တကြားနဲ့ ရှင်းပြပါဦး၊ ရှင်းပြပါဦး လုပ်ရော။ ဆရာဝန်မမက ဆက်ပြောတာပေါ့။
” ကြောင်တွေက သူတို့ရဲ့မွေးရာပါအကျင့်အတိုင်း ငှက်တွေ၊ ကြွက်တွေနဲ့၊ အခြားသေးငယ်တဲ့ တိရစ္ဆာန်တွေကို စားတတ်တယ်လေ။ အဲ့ဒီအခါ အဲ့ဒီ ကြွက်တို့၊ ငှက်တို့မှာရှိတတ်တဲ့ Toxoplasma gondii ဆိုတဲ့ ရောဂါပိုးက ကြောင်ဆီကိုအရင်ဆုံးကူးတယ်။ ပြီးတော့ရောဂါပိုး ကြောင်ဆီရောက်ပြီး သုံးပတ်လောက်ကြာတဲ့ အချိန် ရောဂါပိုးက ကြောင်ရဲ့မစင်ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်တယ်။ အဲ့ဒီ မစင်ထဲက ရောဂါပိုးတွေဟာ လူတွေစားတဲ့ အစားအစာတွေထဲ မတော်တဆ ရောက်မိရင် ရောဂါပိုးဟာ လူ့ဆီရောက်ရောပေါ့ ”
နိုင်နိုင်လင်းကတွေးတယ်။ သူ့ကြောင်တွေက သန့်သန့်ရှင်းရှင်းပဲနေတယ်။ ကြွက်မခုတ်၊ ငှက်မလိုက်ဘူးလေ။ ခြွင်းချက်တော့ရှိတယ်။ သူသတိမထားမိတဲ့ အချိန်တွေဆိုရင်တော့ မသိဘူး။ ဒါပေမယ့် လက်မခံနိုင်ဆုံးက ကြောင်ရဲ့မစင်ကနေကူးတယ်ဆိုတာကိုပဲ။ ဆရာဝန်မမကို အထွန့်တက်တာပေါ့ ။
ဒါနဲ့ သူက
” သြော် အတုံးလိုက်ကြီးတော့ စားမယ့်ထမင်းထဲ ဘယ်ဝင်မလဲ။ ကြောင်တွေနဲ့တပူးပူးတသပ်သပ် နေမယ်ဆိုရင် မတော်တဆ သူတို့ ခန္ဓာကိုယ်မှာပေနေတဲ့ မမြင်ရတဲ့ မစင်အကြွင်းအကျန်တွေ လက်ကိုကပ်ပါလာတာမျိုး၊ လက်ဆေးတာမပြောင်လို့ ပဲဖြစ်ဖြစ် အစာစားမိတဲ့အခါ ပါသွားနိုင်တယ်လေ။ ဒါကဖြစ်နိုင်ခြေရှိတာတွေထဲက တစ်ချက်။ တခြားအချက်တွေလည်းရှိနိုင်နေသေးတယ်။ ရောဂါပိုးက မိခင်ဆီ ကူးစက်ပြီးသွားတဲ့အခါ မိခင်မှာတော့ ဘာလက္ခဏာမှ မပြဘူးနော်။ ဒါပေမယ့် သန္ဓေသားရဲ့ အချင်းကနေ တစ်ဆင့် ကလေးဆီရောက်နိုင်တယ်။ ဒါဆိုရင်မွေးလာမယ့် ကလေး ကိုဒုက္ခစပေးပြီလေ။ ကိုယ်ဝန် နုနေချိန်ဆိုရင် ဘယ်လောက်အထိဖြစ်နိုင်လဲဆိုရင် ကလေးတောင်ပျက်ကျနိုင်ခြေရှိတယ်။ တချို့ကလေးတွေ ဆိုရင်လည်း မွေးတုန်းကအကောင်း။ နှစ်လ သုံးလလောက်နေမှ ရောဂါလက္ခဏာတွေ ပေါ်တယ်။ ကလေးက တက်မယ်။ ဦးနှောက်ကျုံ့သွားမယ်။ အမြင်အာရုံထိခိုက်နိုင်ခြေရှိတယ်။ အရမ်းဆိုးရင် မျက်စိကွယ်မယ်။ ကိုယ်တွင်းထဲမှဆိုရင် အသည်း ကြီးတာ၊ အသားဝါတာ၊ အစရှိသဖြင့် ဖြစ်နိုင်ခြေရှိတယ်။ ”
အောင်မလေး နိုင်နိုင်လင်းတစ်ယောက် ကြားရုံနဲ့ ကြက်သီးမွေးညင်းတွေထလာတယ်။ ဘယ်လိုလုပ်ရမလဲ။

ဆရာဝန်မမကဆက်ပြောတယ်။
” ကိုယ်ဝန်ဆောင်နေတုန်းတော့ ကြောင်တွေကို အမေ့အိမ်ဖြစ်ဖြစ် ပေးထားပါ။ ပြီးရင်တော့ ညီမလေးဆီမှာ Toxoplasma ပိုးရှိ မရှိ ဆေးခန်းမှာအမြန်ဆုံးစစ်ကြည့်ရမယ် ”
နိုင်နိုင်လင်းတစ်ယောက် စားလက်စထမင်းတောင် လက်စမသတ်နိုင်။ အဝတ်အစား အပြေးသွားလဲသည်။ ဆရာဝန်မမတော့ ယနေ့ သူငယ်ချင်းတွေဆုံတုန်း စကားမပြောနိုင်ရှာတော့။ ဘာပဲဖြစ်ဖြစ် နိုင်နိုင်လင်းအဖို့ တော့ ဆရာဝန်မမကကယ်တင်ရှင်။ ဘာလေးမှန်းမသိရသေးသည့် ကလေး အဖို့လည်း ကယ်တင်ရှင်။ ကြောင်တွေကတော့ နိုင်နိုင်လင်း အမေ့ဆီ ခေတ္တခဏအလည်သွားရဦးမည်။

 

AUTHOR – ဒေါက်တာအေးချမ်းမိုး

-- Advertisement --

You might also like

Comments

Loading...