တစ်နေ့ ဆေးခန်းထိုင်နေစဉ်
“ဟယ်..ကလေးလေးကချစ်စရာလေး၊ ဖောင်းကားနေတာပဲ”
အပြင်က မိန်းမကြီးအသံကိုကြားလိုက်လို့ ဆက်နားထောင်နေတုန်း
“ဒီဖောင်းကားနေတာကိုပဲ ဆေးခန်းလာပြတာ အစ်မရေ” ဆိုပြီး ကလေးကိုချီထားတဲ့ အသက်ခပ်လတ်လတ် အမျိုးသမီးက ဆေးခန်းထဲဝင်လာရော
“ဆရာရေ ကလေးဆေးခန်းပြချင်လို့ပါ”
“ဟုတ်ကဲ့ပါ။ ကလေးအသက်က”
“လေးနှစ်ပြည့်တော့မှာပါ၊ ယောကျ်ားလေးပါ ဆရာ”
“ဘာဖြစ်လို့ပါလဲ”
“တစ်ပတ်လောက်ရှိပြီ၊ အလိုလိုဖောလာတာ။ အစကတော့ ဝလာတယ်၊ ပြည့်လာတယ်ထင်တာ။ အခုတော့ တစ်ကိုယ်လုံးကို ဖောလာတာ ဆရာရေ့”
“ဘယ်နေရာက စဖောတာလဲ သတိထားမိလား”
“သေချာတော့ သတိမထားမိဘူး။ မျက်နှာပြည့်လာတာတော့ သတိထားမိတယ်”
“ကလေးကဖျားထားတာ၊ ဝါထားတာ ရှိလား”
“မရှိပါဘူး ဆရာ”
“ကလေးမောနေသေးသလား”
“မမောပါဘူးဆရာ ပုံမှန်ပါပဲ”
“ကလေးဆီးရော သတိထားမိလား၊ နည်းသွားလား၊ နီနေလား၊ အနည်ပါသေးလား၊ အမြှုပ်အရမ်းထလား”
“အဲဒါတော့ သတိမထားမိဘူး ဆရာ။ သွားတော့သွားပါတယ်။ ဆီးတော့ မနီပါဘူး”
“ကလေးက အရင်ကရော ဒီလိုဖြစ်ဖူးလား”
“မဖြစ်ဖူးပါဘူး ဆရာ။ အခုမှပါ။ အရင်က ဘာမှကြီးကြီးမားမား မဖြစ်ဖူးပါဘူး”
“တခြားမွေးရာပါ ရောဂါတွေရောရှိလား”
“မရှိပါဘူး ဆရာ။ ဆေးရုံမှာပဲ မွေးတာပါ။ ရိုးရိုးမွေးတာပါ။ အားလုံးကောင်းပါတယ်”
“ကလေးက ဘာဆေးတွေသောက်နေရတာ ရှိလဲ”
“မရှိပါဘူး ဆရာ။ အားဆေးတောင် တစ်ခါတစ်လေမှ တိုက်တာပါ။ အစာလည်း ကောင်းကောင်းစားပါတယ်”
“ကလေးကာကွယ်ဆေးရော အပြည့်အစုံထိုးလား”
“ထိုးပါတယ် ဆရာ။ မှတ်တမ်းလည်း ရှိပါတယ်”
“အဖေအမေ ဘာရောဂါတွေ ရှိလဲ”
“မရှိပါဘူး ဆရာ။ သူ့ကိုယ်ဝန်နဲ့တုန်းက အားလုံးစစ်ပါတယ်”
“ဒါသားဦးလား”
“ဟုတ်ပါတယ် ဆရာ။ သားဦးပါ”
“ဟုတ်ကဲ့ပါ”
မေးစရာရှိတာတွေ မေးပြီးစမ်းကြည့်တော့ ဖောနေတာကလွဲလို့ ကျန်တာဘာမှ မတွေ့ပါ။ ကလေးက လန်းလန်း ဆန်းဆန်း၊ သွေးပေါင်လည်းကောင်းနေတယ်။ စိတ်ထဲမှာတော့ Nephrotic ကိုစဉ်းစားရင်း ကလေးအမေကိုရှင်း ပြဖို့စပါတယ်။
“ဒါက ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ကျောက်ကပ်ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။ သေချာအောင် ဆီးစစ်တာ၊ သွေးစစ်တာ လုပ်ဖို့တော့ လိုပါတယ်”
“ဟုတ်ကဲ့ဆရာ။ ဘာတွေစစ်ရမှာလဲ ဆရာ။ ဒီမှာရော စစ်လို့ရလား”
“ကလေးအတွက်ကတော့ ဆေးရုံသွားတာ ပိုကောင်းပါတယ်”
“စိုးရိမ်ရလို့လား ဆရာ”
“အရမ်းစိုးရိမ်ရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုဖောနေတာကို ကျောက်ကပ်ကြောင့်လား သေချာ အောင်စစ်ဆေးဖို့ လိုပါတယ်။ ကျောက်ကပ်ကြောင့် ဆိုလည်း နေ့တိုင်းဆီးစစ်ဖို့ လိုပါမယ်။ သွေးပေါင်တွေချိန် မယ်။ ဆေးပေးပြီး စောင့်ကြည့်မယ်။ သွေးစစ်ဖို့လည်း လိုတတ်တယ်။ သက်သာလား၊ မသက်သာဘူးလားဆို တာကြည့်ရမှာပါ။ မသက်သာရင် ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ အထိပါလိုက်ရှာရမှာပါ”
“ဟုတ်ကဲ့ပါ ဆရာ။ ဒါကဘာရောဂါပါလဲ ဆရာ”
“ကျွန်တော်တို့ ခေါ်တာကတော့ Nephrotic Syndrome လို့ခေါ်တာပါ။ ဒါလို့တော့ ထင်ပါတယ်။ အလိုလိုဖြစ် တာလည်းရှိ ပါတယ်။ တခြားကြောင့် ဖြစ်တာလဲရှိပါတယ်။”
“ဘာကြောင့်လဲ ဆရာ”
“ကလေးငယ်တွေမှာ အများစုက အလိုလိုဖြစ်တာပါ။ တခြားကတော့ ကိုယ်ခံအားစနစ် ဖောက်ပြန်တဲ့ရောဂါ တွေ အကိုက်အခဲ ပျောက်ဆေးနဲ့ တချို့ဆေးတွေ စွဲသောက်တဲ့အခါ၊ ကင်ဆာအချို့နဲ့ အသည်းရောင် အသား ဝါ ဘီ၊ စီရှိတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်”
“ဟုတ်ကဲ့ဆရာ။ ဒါပေမယ့် ကလေးကအခုမှ ငယ်ငယ်လေးပါဆရာ”
“ဟုတ်ပါတယ်။ ဒီရောဂါက ဒီလိုအရွယ် ကလေးတွေမှာ ဖြစ်တတ်တာပါ”
“သြော်”
“ဒါကြောင့် ဆေးရုံတော့ သွားပြလိုက်ပါ။ ကျွန်တော်လွှဲစာရေးပေးပါမယ်။ ဆေးရုံတက်ဖို့တော့ လိုပါတယ်”
“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မသွားပြလိုက်ပါမယ်။ ကျေးဇူးတင်ပါတယ်ဆရာ”
“ဟုတ်ကဲ့ပါ”
လူနာပြန်သွားမှပဲ အာခြောက်သလိုလိုရှိလို့ ရေထသောက်မိလိုက်ပါတော့တယ်
Author – Dr. CST