သားသမီးမွေးဖွားခြင်းနှင့် ပတ်သက်၍ ကိုးလလွယ် ဆယ်လဖွားဟူ၍ မြန်မာတို့ပြောဆို သုံးနှုန်း လေ့ရှိကြသည်။ ဆေးပညာသဘောအရကြည့်လျှင် အမျိုးသမီးကိုယ်ဝန်ဆောင်သည့်ရက်မှာ မီးယပ်သွေး နောက်ဆုံးပေါ်ခဲ့ခြင်း၏ ပထမနေ့မှစ၍ ရေတွက်သော် ရက်ပေါင်း၂၈၀ ကြာမြင့်ပါသည်။ အင်္ဂလိပ် ပြက္ခဒိန်လ ၉လနှင့် ၇ရက်ကြာပါသည်။ မြန်မာလ၊ မြန်မာရက်နှင့်တွက်လျှင် (၁၀) လအတွင်းရောက်ပါသည်။ ၁၀လကြာမှ သို့မဟုတ် ၁၀လအတွင်းရောက်မှ မွေးဖွားလေ့ရှိပါသည်။ တချို့ဒေသများ အထူးသဖြင့် ကျေးလက်ဒေသများတွင် ကလေးမွေးဖွားရာ၌ ၇လနှင့်မွေးလျှင် အသက်ရှင်သည်။ ၈လအတွင်း မွေးလျှင် ကလေးသေတတ်သည်ဟူသော အယူအဆများရှိနေတတ်ကြသည်။ ကလေးငယ်အဖို့ ရက်ပတ် ၃၇ ပတ်ထက်စောမွေးလျှင် လမစေ့မွေးဖွားခြင်းဟု သတ်မှတ်ပါသည်။ လမစေ့မီမွေးဖွားသော (အချိန်မစေ့မီမွေးဖွားသော) ကလေးများအဖို့သေဆုံးမှုမှာ သာမန်ကလေးများ ထက် များပါသည်။ ယနေ့အချိန်တွင် ဆေးပညာ၏တိုးတက်မှုများကြောင့် လမစေ့မီ မွေးဖွားသော ကလေး သေဆုံးနှုန်းမှာ လျော့နည်းကျဆင်းလာခဲ့ပြီဖြစ်သည်။ ၇လနှင့်မွေးသော ကလေးထက် ၈လ ကျမှမွေးသော ကလေးက ပို၍ လစေ့သည်ဆိုသော ဖော်ပြချက် မှာ မှားယွင်းပါသည်။ ကိုယ်ဝန်၈လနှင့် မွေးဖွားပါကလည်း အသက်ရှင်နိုင်ပါသည်။
Author – ဒေါက်တာနှင်းကေသီ