နောက်ဆုံးသုတေသနတွေ့ရှိချက်အရကိုယ်ဝန်ဆောင်ချိန်တွင်အဆီများသောအစားအစာနှင့်သကြားများသော အစားအစာများ အလွန်စားသုံးပါက ကလေးအသေမွေးခြင်း၊ မွေးရာပါ ချို့ယွင်းချက်များပါလာခြင်း၊ အဝလွန်ခြင်းနှင့် နှလုံးရောဂါများ ဖြစ်နိုင်ချေပိုများသည့်အပြင်အဆိုပါအကျိုးသက်ရောက်မှုသည်ပထမမျိုးဆက်နှင့် မပြီးဆုံးသေးဘဲ မျိုးဆက်သုံးဆက်အထိ သက်ရောက်နိုင်သည်။ အဆိုပါ တွေ့ရှိချက်ကို ဝါရှင်တန်ဆေးတက္ကသိုလ်မှ ဒေါက်တာမိုးလ်လေကဦးဆောင်၍ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီးဆဲလ်ရီပို့ဂျာနယ်မှာ ဖော်ပြခဲ့သည်။ ကိုယ်ဝန်ဆောင်မိခင်များ အဝလွန်ခြင်းသည် ပိုမိုတွေ့ရှိနေရပြီး အဝလွန်ခြင်းကြောင့် ကလေးမွေးဖွားရာတွင် ချို့ယွင်းချက်များ ဖြစ်နိုင်ချေပိုများနိုင်သည်။ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟို CDC ၏ စစ်တမ်းချက်များအရ နောက်ဆုံး ဆယ်နှစ်အတွင်း ကိုယ်ဝန်ဆောင်သည်များ အဝလွန်မှု ၆၉%ကျော် တိုးတက်လာခဲ့ကြောင်းသိရှိရသည်။ ယခုသုတေသနခေါင်းဆောင် ဒေါက်တာမိုးလ်လေ၏ ပြောကြားချက်အရ ကိုယ်ဝန်ဆောင်များ အဝလွန်နေပါက မျိုးဆက်၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်နိုင်နှင့် အမေရိကန်တွင်အရွယ်ရောက်ပြီးသူအမျိုးသမီးသုံးပုံနှစ်ပုံမှာအဝလွန်နေကြောင်း၊စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်းသိရှိရသည်။ကိုယ်ဝန်ဆောင်များအဝလွန်ခြင်းကြောင့်မျိုးရိုးဗီဇချို့ယွင်းမှုများသည် နောက်မျိူးဆက်သုံးဆက်အထိ သက်ရောက်နိုင်ပြီး အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါနှင့် နှလုံးရောဂါများ ဖြစ်နိုင်ခြေ အလွန်များကြောင်း ယခုသုတေသနအရ သိရှိရသည်။
Health Care Journal (Vol-7, No-23)