စာရေးသူသည်မနုဿဗေဒဘွဲ့လွန်ဒီပလိုမာသင်တန်းတက်စဉ် တိုင်းရင်းသားကျေးရွာသို့ လေ့လာရေးခရီး သွားခဲ့သည်။ကလေးမွေးဖွားခြင်းနှင့်ပတ်သက်၍လေ့လာခဲ့ရာတွင်ထူးခြားသောအပြုအမူတစ်ခုသိခဲ့ရသည်။ အရပ်လက်သည်များနှင့် တွေ့ဆုံမေးမြန်းခဲ့ရာမှ သိရှိခဲ့ရခြင်းဖြစ်သည်။ အရပ်လက်သည်များသည် ကလေးမွေးဖွားရာတွင် ကလေးနှင့် အချင်းအပြင် ရောက်ပြီးမှ ချက်ကြိုးဖြတ်ကြသည်။ အနောက်တိုင်း ဆေးပညာတွင် ကလေးကို အရင်မွေးဖွားပေးသည်။ ကလေးအပြင်ရောက်လျှင် ချက်ကြိုးဖြတ်သည်။ ပြီးမှ အချင်းကို မွေးယူ (ချယူ) သည်။ ကလေးသည် မွေးဖွားပြီးသည်နှင့် ငိုရမည်ဖြစ်သည်။ ငိုခြင်းမှာအသက်ရှူမှု စတင်ခြင်းဖြစ်သည်။ အဆုတ် တစ်စုံသည် သန္ဓေသားဘဝတွင် ဇီဝကမ္မသဘောအရအောက်ဆီဂျင်ရယူပေးရန်နှင့် ကာဘွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ပေးရန်အတွက် လုပ်ဆောင်ရန် မလိုအပ်သေးပေ။ အဆုတ်၏ တာဝန်ကို အချင်းက ထမ်းဆောင် ပေးခဲ့သည်။ မွေးဖွားပြီးချိန်တွင် ကလေးငယ်သည် ကိုယ်တိုင်အသက်ရှှှူရန် လိုအပ်သည်။ ကလေးမွေးပြီး နောက် မငိုလျှင် တစ်နည်းအားဖြင့် အသက်မရှူလျှင် အသက်ရှင်နိုင်မည်မဟုတ်ပေ။ အရပ်လက်သည်တို့၏ အယူအဆအရ အသက်မပါလာသော ကလေးမှာအချင်းတွင် အသက်ရှိနေခြင်းကြောင့် ဖြစ်သည်ဟုသိရသည်။ ထို့ကြောင့် မွေးဖွားလာသော ကလေးနှင့်အချင်းကြား ဆက်ပေးထားသော ချက်ကြိုးကို ချက်ချင်းမဖြတ်ဘဲ ထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ကလေးမငိုလျှင် တစ်နည်းအားဖြင့် ကလေးအသက်မပါဟုယူဆလျှင် အချင်းအားဆားပက်၍ နင်းပေးကြသည်။ ထိုသို့ နင်းပေးခြင်းဖြင့် အချင်းမှအသက်သည် ကလေးထံ ရောက်လာပြီး အသက်ရှင်နိုင်မည်ဖြစ်သည်ဟု လက်ခံယူဆထားကြသည်။ ထိုသို့ဆောင်ရွက်ပေးလျှက် ကလေးမငိုလျှင် (သို့) အသက်မရှုလျှင် ကလေး သေပြီဟု သတ်မှတ်ကြပါသည်။ စာရေးသူတို့ ငယ်စဉ်ကလူတစ်ယောက်၏ အသက်ကိုလိပ်ပြာနှင့် နှိုင်းကြလေသည်။ အသက်သေဆုံးခြင်း (အသက်ထွက်ခြင်း) ကိုပင် လိပ်ပြာထွက်သွားသည်ဟုသုံးနှုန်းသည်။ မကောင်းဆိုးဝါးက လိပ်ပြာနှုတ်သည် ဟူသော အယူအဆအသုံးအနှုန်းမျိူးလည်းရှိပါသည်။ အသက်ဆိုသည်ကို အကောင်အထည် တစ်ခုသဖွယ် လက်ခံယူဆမှုများရှိသည်။ လူတစ်ယောက်အသက်ရှင်ခြင်းသို့ သေဆုံးခြင်းမှာဆေးပညာသဘောအရခန္ဒာကိုယ်၏ အဓိကလုပ်ငန်းများ လုပ်ဆောင်မှုရှိ၊မရှိဆိုခြင်းဖြင့်သာဆုံးဖြတ်သည်။ အသက်သည် အကောင်အထည်ရှိသောအရာမဟုတ်ပေ။အဆုတ်တစ်စုံသည်အသက်ရှူသောတာဝန်ကိုလုပ်ဆောင်ပေးနိုင်ရပါမည်။ သွေးလှည့်သောအဖွဲ့သည်ခန္ဓာကိုယ်၌ သွေးလှည့်ပတ်စီးဆင်းမှုကိုမှန်ကန်စွာဆောင်ရွက်နိုင်စွမ်းရှိရပါမည်။ဦးနှောက်သည်လည်းခန္ဓာကိုယ်၏လုပ်ငန်းအသီးသီးကိုကောင်းမွန်စွာထိန်းချုပ်နိုင်စွမ်းရှိရပါမည်။ အဓိကအစိတ်အပိုင်းများမှာနှလုံး၊ အဆုတ် နှင့် ဦးနှောက်ဟုဆိုနိုင်သော်လည်းခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းအားလုံးသည် အသက်နှင့်ဆိုင်ပါ သည်။ ကလေးမငိုလျှင်၊ အသက်မရှူလျှင် ကလေးငယ်အားအသက်ရှူအောင် ပြုစုရမည့်အစားအချင်းတွင်အသက်ရှိသည်ဟုယူဆကာအချင်းအားဆားပက်၍တက်နင်းခြင်းအမှုကို ပြုကြခြင်းဖြစ်သည်။အသက်ရှူလမ်းကြောင်းအားအကျိအချွဲများပိတ်ဆို့မှုမရှိအောင်ရှင်းလင်းပေးခြင်း၊ပါးစပ်တေ့၍ လေမှုတ်သွင်းခြင်း၊နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးရောက်အောင် ပို့ပေးခြင်းမျိုးသာ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ကလေးအသက် အချင်းမှာ မရှိပါ။နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးရောက်အောင် ပို့ပေးခြင်းမျိုးသာ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ကလေးအသက် အချင်းမှာ မရှိပါ။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)