စာရေးသူတို့ ဆေးကုသရာတွင် ကြုံတွေ့ရတတ်သော ပြသနာတစ်မျိုးကတော့ ကိုယ်ဝန်ဆောင် မိခင်များ (သို့မဟုတ်) နို့တိုက်မိခင်များဟာ ကိုယ်လက်ကိုက်ခဲနာကျင်မှုများ ခံစားရပါက ကလေးကို ထိခိုက်မှာဆိုးသော ကြောင့်အကိုက်အခဲပျောက်ဆေးများမသောက်ရဲဘဲကျိတ်မှိတ်ခံစား နေတတ်ကြခြင်း ဖြစ်ပါသည်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အကိုက်အခဲပျောက်ဆေးများ အကြောင်း သိရှိရန် ရေးသား လိုက်ရပါသည်။ ကိုယ်ဝန်ဆောင်ကာလမှာ ကိုက်ခဲနာကျင်ခြင်းများ ဖြစ်ပွားခြင်းဟာ ထိခိုက် ဒါဏ်ရာရခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်းစသော အကြောင်းရင်းများကြောင့်ရုတ်တရက်ဖြစ်ပွားသော အခြေအနေများနှင့် အဆစ်ရောင်ရောဂါများကဲ့သို့ နာတာရှည်ရောဂါများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ ကိုယ်ဝန်ဆောင် ထားရခြင်းကြောင့် ခါးနာခြင်း၊ ခြေထောက်များကိုက်ခဲခြင်းစသော ကိုက်ခဲမှုများလည်း ခံစား ရနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုများကို ကောင်းကောင်းကုသမှုခံယူခြင်းမရှိရင် စိတ်ကျဝေဒနာနှင့် စိုးရိမ်သောက ရောက်ခြင်းများ ခံစားကြရပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေရလို့၊ ကလေးနို့တိုက်နေရလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နာကျင်မှုတွေကို ကြိတ်မှိတ်ခံစားနေရမယ်ဆိုရင် အဆင်မပြေလှပါဘူး။ မှန်မှန်ကန် ကန်သာသုံးစွဲမယ်ဆိုရင် အကိုက်အခဲပျောက်ဆေးအတော်များများဟာ စိတ်ချလက်ချသုံးစွဲလို့ရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများကို အကိုက်အခဲပျောက်ဆေးများ တိုက်တဲ့အခါ ဆရာဝန်အနေဖြင့် ပြောပြသင့် တာကတော့ ဆေးတစ်ခုခု သောက်ထားသည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေကိုယ်ဝန်ဆောင်အားလုံးရဲ့၃ရာခိုင်နှုန်းဟာကိုယ်လက်အင်္ဂါချို့တဲ့မှုဖြင့် မွေးဖွားလာနိုင်ချေရှိပြီးကိုယ်ဝန်အားလုံးရဲ့၁၅ရာခိုင်နှုန်းလောက်ဟာကိုယ်ဝန်ပျက်ကျနိုင်ချေရှိတယ်ဆိုတာကိုပဲ ဖြစ်ပါတယ်။အချက်အလက်များအရကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးရဲ့တဝက်ကျော်ဟာကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုး တော့ သောက်သုံးဖူးကြတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ဝန်ဆောင်ချိန်နှင့်ကလေးနို့တိုက်နေချိန်တို့မှာ ဆေးတစ်ခုုခုသောက်မယ်ဆိုရင်တော့ ကောင်းကျိုး၊ ဆိုးကျိုးကို ချင့်ချိန်ကြည့်ပြီးမှ ပေးသင့်၊ မသင့်ဆုံးဖြတ်ပြီး လူနာရဲ့ခွင့်ပြုချက်ရယူပြီးမှ တိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ပါရာစီတမော ပါရာစီတမောဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်အသုံးအများဆုံးအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတစ်မျိုးဖြစ်ပါတယ်။ ၎င်းဆေးဟာ ချက်ကြိုးကိုဖြတ်သန်းပြီး ကလေးထံအလွယ်တကူ ရောက်ရှိ နိုင်ပေမယ့် ပုံမှန်သုံးစွဲနေကြပမာဏဟာ ကလေးကိုထိခိုက်တာမျိုး၊ ကိုယ်ဝန်ဆောင်ခြင်းကို ထိခိုက်စေတာ တော့ မတွေ့ရှိရပါဘူး။ ပါရာစီတမောအား အသုံးပြုမှုဟာလွန်စွာ ကျယ်ပြန့်များပြားပေမယ့် ထူးခြားမှု တစ်ခု ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သုံးစွဲမှုအတွက် သေသေချာချာ လေ့လာထားတာ မရှိခြင်းပါပဲ။ အမေရိကန် နိုင်ငံက ပြုလုပ်တဲ့ နောက်ကြောင်းပြန် လေ့လာဆန်းစစ်မှုအချို့မှာတော့ မွေးလာသော ကလေးများမှာ မွေးရာပါတင်ပါးဆုံအဆစ်လွဲခြင်းကိုပုံမမှန်မှုမျိုးအနည်းငယ်များပြားလာတတ်တယ်လို့ ဖော်ပြထားပါတယ်။ ဒိန်းမတ် နိုင်ငံက လေ့လာမှုတစ်ခုမှာတော့ ကိုယ်ဝန်ဆောင်ချိန်အစောပိုင်းကာလအတွင်း ပါရာစီတမောသောက်သုံးသောမိခင်များရဲ့ကလေးများဟာ ကျန်ကလေးများနည်းတူ မွေးရာပါချို့ယွင်းမှုများ ကွာခြားမှုမရှိကြောင်း တွေ့ရှိရပါတယ်။
Health Care Journal (Vol:-7, No-13)