ဘာကြောင့် နှစ်ထပ်တွေမြင်နေတာလဲ

 ဘာကြောင့် နှစ်ထပ်တွေမြင်နေတာလဲ

မျက်စိ အမြင်အာရုံ ကောင်းခြင်းမကောင်းခြင်းက မျက်စိနဲ့ရော အာရုံကြောနဲ့ရော ဆိုင်တတ်ပါတယ် အမြင်မကောင်းတာမှာလည်း အဝေးမှုန်ခြင်း အနီးမှုန်ခြင်းတွေအပြင် အရောင်သေချာမမြင်တာရော နှစ်ထပ်မြင်တာ မြင်ကွင်းတစ်ချို့တစ်ဝက်ပျောက်နေတာ စသဖြင့် အမျိုးမျိုးရှိတတ်ကြပါတယ် ။
ဒီအထဲမှာ နှစ်ထပ်မြင်နေတာအကြောင်းကို ဆွေးနွေးချင်ပါတယ် နှစ်ထပ်မြင်နေတာက မျက်စိထဲကဖြစ်တာနဲ့ မဆိုင်တတ်ဘဲ အာရုံကြောနဲ့ မျက်စိဘေးကြွက်သားတွေနဲ့ ပိုဆိုင်ပါတယ် ။
ကြွက်သားကြောင့်ဖြစ်တယ်ဆိုတာက ကြွက်သားပျော့တဲ့ရောဂါတွေကြောင့်ပါ Myasthenia gravis လိုမျိုးရောဂါမှာ အလိုလိုနေရင်းနဲ့ နှစ်ထပ်မြင်နေတတ်တယ် တစ်နေကုန်မဖြစ်ဘဲ ညနေပိုင်းတွေကျမှပိုဖြစ်တတ်တယ် တစ်ချို့ကျတော့လည်း မျက်စိအာစိုက်လုပ်ရတာများလာပြီး အလိုလို ကြွက်သားတွေ ပျော့လာပြီး အမြင်နှစ်ထပ်မြင်တတ်တယ် ဒီရောဂါမှာတော့ နှစ်ထပ်မြင်တာက တစ်ချို့ဆေးနဲ့ထိန်းလို့ရတယ် တစ်ချို့ကျ မပျောက်တာလည်းဖြစ်နိုင်တယ် ။
Migraine လို့ခေါ်တဲ့ တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါမှာလည်း ခေါင်းမကိုက်ခင် ခံစားရတာမျိုးတွေမှာ တစ်ချို့တွေ နှစ်ထပ်မြင်တာကို ခံစားတတ်ကြရပါတယ် ခေါင်းမကိုက်ခင် ခဏတစ်ဖြုတ်ပဲ ခံစားရတတ်ပြီး နောက်ပိုင်းပြန်ကောင်းသွားတတ်ပါတယ်။
အမြင်အာရုံနှစ်ထပ်မြင်တာမှာ အရေးကြီးတဲ့ ရောဂါတစ်ခုကတော့ Multiple sclerosis လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်ခုပါ ဒီရောဂါမှာ အမြင်အာရုံ က အမြဲနှစ်ထပ်ဖြစ်မယ်တော့မဟုတ်ဘူး တစ်ချို့တွေက နှစ်ထပ်မြင်တယ် တစ်ချို့တွေကျ မျက်စိ အမြင် ပျောက်သွားတတ်တယ် ဒီရောဂါကအဓိကက အာရုံကြောတွေကို အုပ်ထားတဲ့ အလွှာ ယောင်တာပါ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ရောဂါဝေဒနာခံစားရပါတယ် တစ်ချို့ကျတော့ ခြေတွေလက်တွေ လှုပ်မရတာတွေ ထုံကျင်တာတွေဖြစ်တတ်ပါတယ် ။
တစ်ခြားသော အာရုံကြောတွေ ထိတတ်တဲ့ ရောဂါတွေမှာလည်း အမြင်အာရုံ နှစ်ထပ်မြင်တာတွေ ခံစားရတတ်ပါတယ် ဒီရောဂါတွေကတော့ ဖြစ်တဲ့အကြောင်းပေါ်မူတည်ပြီး ပြန်ကုလို့ရမရ ကြည့်ရမှာပါ ။
ဦးနှောက်ထဲမှာ အကျိတ်တွေ ဖြစ်ပြီး အကျိတ်ကအာရုံကြောတွေကို ဖိမိထားတာတွေကြောင့်လည်း အမြင်နှစ်ထပ်ဖြစ်တတ်ပါတယ် အကျိတ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ အကျိတ်ကြီးလာတာနဲ့အမျှ ဦးနှောက်ထဲမှာ သွေးဖိအားများလာပြီး ခေါင်းကိုက်ခြင်း အန်ခြင်း အမြင်ဝါးခြင်းတွေပါ ခံစားရတတ်ပါတယ် ။
တစ်ချို့တွေမှာ ဦးခေါင်းထိခိုက်မှုတစ်ခုခုရှိထားပြီး အထဲမှာ သွေးယိုစိမ့်တာတွေဆိုလည်း တစ်ဖြည်းဖြည်း နဲ့ ဦးနှောက်ထဲမှာ သွေးဖိအားများလာပြီး အမြင်ဝေဝါးလာခြင်း နှစ်ထပ်မြင်လာခြင်း အော့အန်ခြင်း ခေါင်းကိုက်ခြင်းတွေ ခံစားရတတ်ပါတယ် ။
အမြင်အာရုံမှာ နှစ်ထပ်ရယ်လို့ မြင်နေရတတ်တယ်ဆိုရင်တော့ ရောဂါအကြီးကြီးကနေ စဉ်းစားပါတယ် စိတ်ထဲ မပေါ့စေချင်ဘူး အာရုံကြောဆိုင်ရာဆရာဝန်တွေပြပြီး လိုအပ်တဲ့ စစ်ဆေးစမ်းသပ်ချက်တွေ လုပ်ဖို့လိုပါတယ် ရောဂါသိမှ ကုသမှုအပိုင်းအတွက် အဆင်ပြေမှာပါ ရောဂါသိပြီးမှ ဒီရောဂါက စိုးရိမ်ရလား ဒီရောဂါကဖြင့် အန္တရာယ်မပေးနိုင်တာလား စသဖြင့် သိနိုင်မှာပါ ။

Dr. CST

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image