လူ့တုပ်ကွေး A H1N1 ဂယက်

လူ့တုပ်ကွေး (INFLUENZAE A- H1N1 2009) ဖြစ်ပွားမှုကြောင့် ဇူလိုင်လအတွင်း ချင်းပြည်နယ် မတူပီမြို့မှာ ဓာတ်ခွဲအတည်ပြု လူနာ (၁၀) ဦး၊ သေဆုံးလူနာ (၁) ဦး ရှိခဲ့ပြီး၊ ရန်ကုန်ဆေးရုံကြီးမှာ (၃) ဦး စိုးရိမ်ရ လူနာအဖြစ် တက်ရောက် ကုသနေကြောင်း သိရတယ်။ တုပ်ကွေး (Seasonal Influenza A- H1N1) အပါအဝင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးလုံး (၅-၃၀ %) ထိ နှစ်စဉ် ဖြစ်ပွားလျက် ရှိပြီး၊ ရောဂါဖြစ်သူရဲ့ (၁%) မှ (၃၀%) ထိ နှစ်စဉ် ဖြစ်ပွားလျက် ရှိကာ တစ်ရာခိုင်နှုန်း အောက်သာ သေဆုံးတယ်။
လူ့တုပ်ကွေး ( H1N1) အတွက် ကာကွယ်ဆေး ရှိပြီး ကုသဆေးမရှိလို့ ရောဂါသက်သာဖို့သာ ကုသနိုင်တယ်။ ရာသီတုပ်ကွေး ( H1N1 ) သို့ လူ့တုပ်ကွေးရဲ့ လက္ခဏာတွေက အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယို၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း၊ ချမ်းခြင်း၊ နုံးချိခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အသက်ရှုရခက်ခြင်း၊ အအေးမိခြင်းတို့ ဖြစ်တတ်ပါတယ်။ တစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်နိုင်တယ်။ နာတာရှည်လူနာများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များတို့မှာ တုပ်ကွေးရောဂါကြောင့် ရောဂါလက္ခဏာများ ပြင်းထန်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်တယ်။
ရောဂါကူးစက်ပြန့်ပွားမှုမှာ လူစုလူဝေးများ ဖြစ်တဲ့ ကျောင်းများ၊ ဆေးရုံများ၊ အားကစားကွင်း၊ ရုပ်ရှင်ရုံ၊ ရုံးလုပ်ငန်းနေရာတွေမှာ ရောဂါကူးစက်ပြန့်ပွားနိုင်တယ်။ ရောဂါကူးစက်ခံရသူ ချောင်းဆိုးနှာချေရာမှ ထွက်လာတဲ့ တုပ်ကွေးဗိုင်းရပ်စ် ရှုရှိုက်မိခြင်း၊ ရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့ခြင်း တို့မှ ကူးစက်တယ်။ ရောဂါကူးစက်ခံရသူရဲ့ ရောဂါလက္ခဏာတွေ မပြခင် တစ်ရက်အလိုကစပြီး၊ ရောဂါဖြစ်ပွားပြီး (၇) ရက်အတွင်း ကူးစက်နိုင်တယ်။ ကလေးငယ်တွေ ရောဂါဖြစ်ပွားပြီး (၁၀) ရက်အတွင်း ကူးစက်နိုင်တယ်။
ရောဂါ ကာကွယ်နည်းမှာ တုပ်ကွေး ( H1N1 ) ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်တယ်။ ဆေးရုံတက်ရောက်နေသူ၊ အသက် (၁-၅) နှစ် ကလေးတွေ၊ အသက် (၆၅) နှစ်ထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးမွေးပြီး (၂) ပတ်အတွင်း ရှိ မီးနေသည်၊ မိခင်၊ ကိုယ်ဝန်ပျက်ကျသူများ၊ အကိုက်ခဲဆေး ( Aspirin) စွဲသောက်နေတဲ့ အသက် (၁၉) နှစ်အောက် လူငယ်များ၊ နာတာရှည် ( နှလုံး၊ အဆုတ်၊ ရင်ကျပ်၊ ဆီးချို ) ရောဂါရှိသူများ ကိုယ်ခံအားကျဆင်းနေတဲ့ ကင်ဆာ၊ ကင်ဆာဆေးသုံးသူ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှိသူတွေကို ဦးစားပေး ကာကွယ်ဆေး ထိုးပေးသင့်တယ်။ ကာကွယ်ဆေး (ထိုးဆေး) မှာ အတန်ငယ် ဈေးကြီးနေလို့ ကြိုတင်ကာကွယ်နည်းနဲ့ ကာကွယ်သင့်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းအနေနဲ့ မသန့်ရှင်းတဲ့ ပစ္စည်းများ ကိုင်တွယ်မိရင်၊ အစားစားဖို့ (သို့) အိမ်သာက ထွက်လာပြီး (သို့) အများသုံး လက်ကိုင်ဖုန်း၊ ဓာတ်လှေကား၊ တံခါးလက်ကိုင်ဖုများ စတဲ့ သံသယဖြစ်ဖွယ် အရာဝတ္ထု ကိုင်တွယ်မိရင် မိမိလက်ကို သေချာစွာ ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် (၂) ကျော်ကြာ ဆေးကြောသင့်တယ်။
မိမိလက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်အတွင်း တို့ထိခြင်း၊ နှိုက်ခြင်း မပြုသင့်ပါ။ နှာချေ၊ ချောင်းဆိုးရာမှာ လက်ကိုင်ပုဝါနဲ့ အုပ်ပြီး ဆိုးရမယ်။ လက်ကိုင်ပုဝါ မရှိရင် မိမိလက်ခေါက်ခွက် (သို့) လက်ဖဝါးအပေါ် ကိုယ့်အဝတ်အစားအုပ်ပြီး နှာချေ၊ ချောင်းဆိုးသင့်တယ်။ တစ်ရှူးသုံးနိုင်တယ်။
ရောဂါရှိတယ်လို့ ယူဆရသူ၊ ရောဂါရှိသူနဲ့ ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမယ်။ လူထူထပ်တဲ့နေရာတွေကို မလိုအပ်ပဲ မသွားသင့်ပါ။ မဖြစ်မနေ သွားရရင် နှာခေါင်းစည်း စည်းသင့်တယ်။ အိမ်ပြန်ရောက်တာနဲ့ လက်ဆေးသင့်တယ်။ ရေမိုးချိုးပြီး အိမ်တွင်းဝတ် အင်္ကျီလဲလှယ်ဝတ်ဆင်သင့်တယ်။
မဖြစ်မနေထိတွေ့ကိုင်တွယ်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ နှာခေါင်းစည်းနဲ့ လက်အိတ်တွေ သေချာ ဝတ်ဆင်သင့်တယ်။ လူနာကိုင်တွယ်ရာမှာ သတိပြုကိုင်တွယ်ဖို့ လိုပြီး အလုပ်ကိစ္စပြီးတာ တို့ ညစ်ပတ်နေတာတို့မှာ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စင်ကြယ်အောင် ဆေးကြောသင့်တယ်။ တုပ်ကွေးကာကွယ်ဆေး အထိုးသင့်ဆုံး သူများ ဖြစ်ပြီး ရောဂါဖြစ်သူကို သီးခြားထား ကုသသင့်တယ်။
တုပ်ကွေးရောဂါ မဖြစ်အောင် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး တို့ အပြင်၊ အချိန်မှန်စား၊ အချိန်မှန်အိပ်ဖို့၊ နေ့စဉ် နာရီဝက်မှ တစ်နာရီအားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်ဖို့၊ လူနေထူထပ်တဲ့ ကုန်တိုက် အတက်အဆင်း လက်ရမ်း၊ တံခါးအဖွင့်အပိတ်လုပ်တဲ့ သော့ခလောက်၊ နီးနီးကပ်ကပ်စီးရတဲ့ ဘတ်စကား၊ လက်ကိုင်တန်းများ၊ မြို့ပတ်ရထား၊ လေယာဉ်၊ သဘောၤစတဲ့လူအများ ပါဝင်စီးနင်းရတဲ့ ယာဉ်များမှာ ရောဂါ ကူးစက်ဖို့ အခွင့်အရေးများပြီး စောစောစီးစီး ကာကွယ်ကုသဖို့ လိုအပ်ပါတယ်။
အသက်ရှုနည်းနဲ့ မကူးစက်ရအောင် နှာခေါင်းစည်းများ တပ်ဆင်ကာကွယ်နိုင်တာကြောင့် ဆေးဆိုင်တွေမှာ ပြတ်လပ်တဲ့ထိ ရောင်းကုန်သွားတယ်။ သာမန်တုပ်ကွေး အဖျားရောဂါနဲ့ တူသယောင်ရှိကာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ပြင်းထန်တုပ်ကွေးဖြစ်နေလို့ လူတိုင်း “အသက်ဉာဏ်စောင့်” စကားနဲ့အညီ ရောဂါမကူးစက်နိုင်အောင် ကြိုတင်ကာကွယ်တားကြဖို့ အထူးလိုအပ်ပါတယ်။
ကလေးငယ်များမှာ အဖြစ်များနေတဲ့ သွေးလွန်တုပ်ကွေး (Dengue) ကရောဂါရှိတဲ့ ခြင်ကျားကိုက်ခံရလို့ ဖြစ်ပြီး၊ ခြင်မကိုက်အောင် ထားနိုင်ရင် ရောဂါ မကူးစက်နိုင်ပေမယ့်၊ တုပ်ကွေးက အသက်ရှုရာမှ ကူးစက်နိုင်လို့ အထူးသဖြင့် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်များ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခံစားနေရသူများ ပိုမို ဂရုစိုက်သင့်တယ်။
လူ့တုပ်ကွေး (H1N1) ရောဂါအကြောင်း ( အနှစ်ချုပ် )
ရောဂါလက္ခဏာများ
၁။ ချောင်းဆိုးခြင်း
၂။ ဖျားနာခြင်း ( အဖျား ၃၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ် နှင့်အထက် )
၃။ နှာရည်ယို၊ နှာစေးခြင်း
၄။ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း
၅။ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှုကျပ်ခြင်း
၆။ လက်ဖျား၊ ခြေဖျား အေးစက်ခြင်း
၇။ ပြင်းထန်ပါက သတိလစ်မေ့မြောခြင်း၊ သေဆုံးခြင်း။

ကြိုတင်ကာကွယ်နည်းများ
၁) နှာချေတိုင်း ချောင်းဆိုးတိုင်း ပါးစပ်နှာခေါင်းတို့ကို လက်ကိုင်ပုဝါ၊ တစ်ရှူးတို့နဲ့ အုပ်ပြီး ဆိုးရမယ်။
၂) လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် (၂) ကျော်ကြာ ဆေးကြောသင့်တယ်။ တုပ်ကွေးကာကွယ်ဆေးထိုး နိုင်တယ်။
၃) တုပ်ကွေးဖြစ်ပွားပါက အခြားသူများနဲ့ အနည်းဆုံး တစ်မီတာ အကွာမှာ နေသင့်တယ်။
၄) ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း မပြုသင့်ပါ။
၅) သုံးပြီးသား တစ်ရှုးကို သေချာစွာ စွန့်ပစ်သင့်တယ်။
၆) တုပ်ကွေးလက္ခဏာများရှိပါက ဆေးကုသမှု ခံယူသင့်တယ်။
၇) တုပ်ကွေးဖြစ်ပွားပါက နေအိမ်မှာ အနားယူသင့်တယ်။ ရေများများသောက်ပေးသင့်တယ်။ ဒုတိယ ရောဂါမဝင်အောင် ပဋ္ဋိဇီဝဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး ပေးထားသင့်တယ်။
၈) မသန့်ရှင်းတဲ့ လက်နဲ့ နှာခေါင်း၊ ပါးစပ်တို့ မကိုင်သင့်ပါ။
၉) မသွားမဖြစ်သွားရရင် နှာခေါင်းစည်း ( Mask ) လုံခြုံစွာ တပ်ပြီး သွားလာ လုပ်ကိုင်သင့်ပါတယ်။
၁၀) တုပ်ကွေးရောဂါ လက္ခဏာပြပြီး ပုံမှန် ဆေးကုသလို (၂) ရက်ကျော်ကြာ မသက်သာလျှင် မိသားစု ဆရာဝန် (သို့) နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက် ကုသဖို့ လိုအပ်ပါတယ်။
၁၁) တုပ်ကွေးရောဂါ (Seasonal Influenza A (H1N1)) နဲ့ ပတ်သတ်ပြီး ပြည်သူတွေအနေနဲ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်တွေ လိုက်နာ ဆောင်ရွက်ရမယ်။

Author : Dr. လွင်သန့်

ဆက်စပ် ဆောင်းပါးများ
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image