ဗောက်အကြောင်း
ဗောက်ထလို့ ခေါင်းမှာ အဖြူဖတ်တွေကပ်နေတဲ့အခါ လူကြားသူကြားထဲသွားရင် မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းပြီး အားငယ်နေတတ်ပါတယ်။ ဗောက်တွေရှိလို့ တချိန်လုံး ခေါင်းတကုတ်ကုတ်လုပ်နေရရင် မိမိအတွက်သာမက မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဗောက်ထတာဟာ မှိုရောဂါတမျိုးလို့ ဆိုကြပေမယ့် ၁၀၀ ရာနှုန်းပြည့် မမှန်ပါဘူး။ ဗောက်လို့ကျွန်တော်တို့တွေခေါ်တဲ့ အဖြူမှုန်လေးတွေ ဆိုတာက ဦးရေပြားရဲ့ အပေါ်ဆုံးလွှာက ဆဲလ်တွေ သက်တမ်းစေ့လို့ သေပြီး ကွာကျရာကနေဖြစ်လာတဲ့ အမှုန်လေးတွေပါ။အရေပြားဆိုတာ သက်ရှိပစ္စည်းမို့အမြဲတမ်း အဟောင်းကနေ အသစ်တွေ မွေးဖွားပြန့်ပွားနေတတ်ပါတယ်။ ဒီတော့ အရေပြားကလာပ်စည်းအသစ်တွေ မွေးဖွားပြန့်ပွားလာတိုင်း အဟောင်းတွေ (ဆဲလ်သေတွေ) က အမှုန်အဖြစ်နဲ့ ကွာကျပေးရတယ်။ ပုံမှန်က လူတိုင်းလိုလို တချိန်ချိန်မှာတော့ အနည်းအကျဉ်း ဒီလိုပဲ ဆဲလ်သေတွေကွာကျပြီး အမှုန်လေးတွေ ခေါင်းပေါ်မှာတွေ့ရတတ်ပါတယ်။အထူးသဖြင့် အေးမြခြောက်သွေ့တဲ့ ဆောင်းဥတုမှာ ဗောက်အမှုန်လေးတွေကို ပိုတွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့ ပုံမှန်ထက် အများကြီးကွာကျတတ်ပါတယ်။ ဒီလိုပုံမှန်ထက်အများကြီးကွာကျတာကို ဗောက်ထခြင်း (Dandruff) လို့ ခေါ်ပါတယ်။ဒီလိုပုံမှန်ထက် အများကြီးကွာကျရတဲ့အကြောင်းတွေကတော့-ဦးရေပြားခြောက်သွေ့တာ၊-seborrheic dermatitis (အဆီနှင်းခူ) ဆိုတဲ့ အရေပြားရောဂါ ဖြစ်နေတာ၊-မှိုစွဲတာ-အပူ၊အစပ် အချဉ်တွေအစားများတာ-အရက်ဘီယာ ရေရှည်အသောက်များတာ-အိပ်ရေးပျက်တာ-စိတ်ဖိစီးမှုများတာ၊ စိတ်ပူပန်စရာများတာ-ဗီတာမင်ဓါတ် မလုံလောက်တာ သို့မဟုတ် ချို့တဲ့တာ-တီဘီရောဂါဖြစ်နေတာ-အိတ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် လိုမျိုး ခုခံအားကျတဲ့ ရောဂါတခုခုရှိနေတာ စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။ဗောက်ထသူတိုင်းလည်း ယားချင်မှ ယားမှာပါ။ အလွန်ပြင်းထန်တဲ့ ဗောက်ထခြင်းမျိုးကျမှသာ မကုတ်ရမနေနိုင်အောင်ယားတာပါ။ ဗောက်ထခြင်းရဲ့ နောက်ဆက်တွဲ ပြသာနာအနေနဲ့ကတော့ ယားလို့ကုတ်ရာကနေပိုးဝင်ပြီး ပြည်တည်နာတွေဖြစ်တတ်ပါတယ်။ဗောက်ထတာနဲ့ ရောဂါလက္ခဏာခပ်ဆင်ဆင်ရှိပြီး မှားနိုင်တဲ့ရောဂါတွေကတော့ Psoriasis လို့ခေါ်တဲ့ ဂျွတ်ပွေးနာ နဲ့ Tinea Capitis လို့ခေါ်တဲ့ ကလေးတွေမှာ အဖြစ်များတဲ့ ဒတ်ပေါက်ခြင်း ရောဂါတွေပါ။ဒီရောဂါတွေဖြစ်ရင်လည်း ဦးရေပြား အရမ်းယားလို့ကုတ်တဲ့အတွက် အရေပြားအပေါ်ယံလွှာကွာကျပြီး အဖြူဖတ်တွေ ဖြစ်နိုင်လို့ပါ။ သာမာန်ဗောက်ထရုံလောက်ကတော့ ဗောက်ပျောက်ခေါင်းလျှော်ရည် (Anti Dandruff Shampoo) တွေ မှန်မှန်သုံပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ဒီလိုဗောက်ပျောက်ခေါင်းလျှော်ရည်တွေသုံးတဲ့အခါကျ သာမာန် ခေါင်းလျှော်ရည်တွေသုံးသလို ရေချိုးတဲ့အချိန်မှ ခေါင်းကိုပွတ်ပြီး ချက်ချင်း ရေလောင်းချတာမျိုး မလုပ်ရပါဘူး။ရေမချိုး ခေါင်းမလျှော်ခင် အနည်းဆုံး (၁၀) မိနစ်လောက် ကြာအောင်ခေါင်းမှာ နှံ့အောင်သုတ်လိမ်းထားပြီးမှ ရေလောင်းချပေးသင့်ပါတယ်။ဗောက်ထခြင်းကို လျော့နည်းစေတဲ့ နည်းလမ်းတွေကတော့ မနက်အိပ်ရာထ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ခေါင်းဖြီးပါ။ ဘီး၊ ဦးထုပ်၊ ခေါင်းအုံးစတဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကို သူများနဲ့ မျှမသုံးပါနဲ့။ခေါင်းကိုခဏခဏ နေ့တိုင်းလျှော်တာမျိုးကို ရှောင်ပါ။ ၃ရက်ခြား ၄ရက်ခြား တခါလောက်ပဲလျှော်ပါ။ လက်ဖက်စိမ်းပါတဲ့ ခေါင်းလျှော်ရည် (Shampoo) ကို မကြာမကြာ သုံးပေးခြင်းဟာလည်း ဗောက်ထခြင်းကို သက်သာစေနိုင်ပါတယ်။ခေါင်းလျှော်တဲ့အခါမှာလည်း လက်သည်းနဲ့ ခေါင်းကို တအားကုတ်ခြစ်တာကို ရှောင်ပါ။စိတ်ဖိစီးမှု နည်းအောင်နေပါ။ အိပ်ရေး၀၀ အိပ်ပါ။ အသား ငါး ဟင်းရွက် မျှတအောင် စားပါ။အဆုံးသတ်အနေနဲ့ အကြံပေးလိုတာကတော့ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေ သုံးလို့မှမသက်သာဘူး ပိုဆိုးလာတယ်ဆိုရင်တော့ အချိန်ဆွဲမနေဘဲ အရေပြားကျွမ်းကျင်ဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူဖို့ တိုက်တွန်းအကြံပေးလိုက်ရပါတယ်။
Author : Dr. 528