လူသားတိုင်းတောက်ပစိုပြေချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာ သဘာဝပါဘဲ။ အရေပြားက သန့်စင်ပြီး ကျန်းမာမှ အသားအရေဝင်းဝါ စိုပြည်လှပစေမှာဖြစ်ပါတယ်။ အရေပြားကျန်းမာရေးအတွက် နေ့စဉ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်လေးကို အကြုံပြုရရင်….။
အရေပြားလှပဖို့ မရှိမဖြစ်လိုအပ်ပြီး အလွယ်တကူ ရနိူင်တာက သန့်စင်တဲ့ရေပါပဲ။ ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရေနဲ့ တည်ဆောက်ထားတာပါ။ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာတွေ၊ အဆိပ်အတောက်တွေကို ရေက ဖယ်ရှားပေးပြီး အရေပြားဆဲလ်တွေ အာဟာရဓာတ် စုပ်ယူဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ရင် အသားအရေတွေ မွဲညစ်ခြောက်သွေ့လာကာ အဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ ရေဟာ အသားအရေကို တင်းရင်းစိုပြေစေကာ အရေပြားထဲ အညစ်အကြေးတွေကို ဖယ်ရှားပေးကာမို့ အရေပြားလှပမှုကို လိုချင်ရင်ဖြင့် အနည်းဆုံးတစ်နေ့ကို ရေနှစ်လီတာလောက် သောက်ဖြစ်ဖို့ကို ဂရုတစိုက်လေ့ကျင့်ပေးပါ။
အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သလို အရေပြားကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ အရေပြားဆဲတွေ ထိခိုက်မှုကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကောင်းစေကာ ဆဲလ်အသစ်တွေ ဖြစ်ထွန်းဖို့ကို ပြုလုပ်ပေးပါတယ်။ အင်တီအောက်ဆီးဒင့်ကို ဟင်းသီးဟင်းရွက်၊ သံလွင်ဆီ၊ သစ်သီးဝလံနဲ့ ပင်လယ်စာတွေမှာတွေ့နိူင်ပြီး ပန်းသီး၊ ဗာဒံစေ့၊ မြေပဲ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ထောပတ်နဲ့ အချဉ်ဓာတ်ရှိတဲ့ အသီးတွေမှာလည်း တွေ့နိူင်ပါတယ်။ နေ့စဉ်စားသောက်မှုမှာ ဒါတွေ ပါဝင်အောင် စားဖို့အဆင်မပြေဘူးဆိုရင် အသီးအရွက်တွေကိုပေါင်းပြီး ထုတ်လုပ်ထားတဲ့ အင်တီအောက်ဆီးဒင့်အားဆေးတွေလည်း ရှိနေပြီဖြစ်လို့ ဆရာဝန်နဲ့မေးပြီး နေ့စဉ်သောက်သုံးသင့်ပါတယ်။
EFAS လို့ခေါ်တဲ့ ဖက်တီးအက်ဆစ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေ့စဉ်စားသောက်မှုပုံစံမှာ မပါမဖြစ်တဲ့ အရာပါပဲ။ ဖက်တီးအက်ဆစ်ဟာ အရေပြားဆဲလ်အမြှေးပါးတွေ ရေနဲ့ အာဟာရဓာတ်စုပ်ယူဖို့ အဓိက လုပ်ဆောင်ပေးပါတယ်။ ဖက်တီးအက်ဆစ် မလုံလောက်ရင် အရေပြားဆဲလ်တွေဟာ ထိရောက်စွာ အလုပ်မလုပ်နိူင်ဘဲ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုနဲ့ လေထုညစ်ညမ်းမှုတို့ကို ခံနိူင်ရည်ရှိနိုင်မှာ မဟုတ်တော့ပါဘူး။ မရှိမဖြစ် ဖက်တီးအက်ဆစ်တွေက အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ အိုမီဂါ ၆ ဖက်တီးအက်ဆစ်တို့ဘဲ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကို နေ့စဉ်ပုံမှန်စားနေတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ဟင်းနုနွယ်၊ ပဲနီလေး၊ သီဟိုစေ့တွေက ရပြီး အိုမီဂါ ၆ ဖက်တီးအက်ဆစ်ကိုတော့ ကောက်နှံ၊ ဟင်းချက်ဆီ၊ ကြက်၊ ဘဲ စတာတွေကနေ ရနိူင်ပါတယ်။
အသားအရေ ပျက်စီးပြီဆိုရင် ပြောနေရုံနဲ့ အလုပ်မဖြစ်တော့ အရေပြားကို ပြုပြင်ထိန်းသိမ်းမှ အဖုအပိမ့်တွေ ထွက်လာမယ့် အန္တရာယ်ကနေ ကာကွယ်နိူင်မှာပါ။
အရေးအကြောင်း၊ အတွန့်တွေများတဲ့ မျက်နှာနဲ့ အသားအရေပိုင်ရှင်တွေအတွက် သခွားသီးက အကောင်းဆုံးပါပဲ။ သခွားသီးကို ပါးပါးလှီး၊ အရေပြားပေါ် ၁၅ မိနစ်ထားပြီး ရေစင်အောင်ဆေးပါ။
ပျားရည်ကို အနည်းငယ် အပူပေးပြီး ရှောက်၊ သံပုရာရည်နဲ့ ရောကာ ၁၀ မိနစ်ခန့်လိမ်းပြီး ပေါင်းတင်ပေးပါ။
နေပူထဲထွက်ဖန်များလို့ နေလောင်ထားတဲ့ အရေပြားအတွက် သခွားရည်နဲ့ ခရမ်းချဉ်သီးရည် ဆတူရောပြီး နေလောင်ထားတဲ့ နေရာကိုလိမ်းကာ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။
သံပုရာသီးတစ်ဝက်ကို အရည်ညှစ်ကြက်ဥ အကာရည်နဲ့ ရောသမမွှေကာ မျက်နှာကိုလိမ်းပေးပါ။ မိုးလင်းမှ ရေနွေးနွေးလေးနဲ့ ဆေးကြောပါ။ ဒီနည်းကို ညအိပ်ရာဝင်ကာနီးလုပ်ပေးပါ။
လူကြားထဲမှာ ထင်းနေအောင် အသားအရေလှတဲ့သူ တစ်ယောက်ဖြစ်ဖို့ အခုချိန်ကစလို့ ဒီအချက်တွေကို ဂရုတစိုက်ပြုလုပ်ပေးပါ။ ကျန်းမာသန့်စင်တဲ့ အရေပြားပိုင်ဆိုင်နိူင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးနိူင်ကြပါစေ။
Author: ညီညီကျော်