OnDoctor
The Greatest Gift

ဆေးစွဲခြင်း

“ဘိန်း၊ ဘင်၊ ကဇော်၊ လှော်စာ သောက်စားပြုသူများ စီးပွားပျက်မည်မှတ်” ဆိုပြီး ရှေးလူကြီးများ ပြောဆိုရေး သားဆုံးမခဲ့ဖူး တယ်။ မူးယစ်ထုံထိုင်းစေတဲ့အရာများဟာ စီးပွားမပျက်မီ ယိုယွင်းလာရာမှ နောက်လူစွမ်းလူစတုံး ပြီး လူမျိုးပျက်ပြုန်း၊ အညွှန့်တုံး တဲ့အထိ ဆိုးရွားတဲ့ ဒုက္ခအမျိုးမျိုးပေးနိုင်တယ်။

မူးယစ်ဆေး၊ စိတ်ကြွဆေးများ မှီဝဲနေရသူအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ နောင်တစ်ခေတ်မှာ နိုင်ငံတာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြရမယ့် ယနေ့ခေတ်လူငယ်များဖြစ်နေတယ်။ ဆေးစွဲသူလူငယ်များဟာ ပိုးဖလံမျိုး မီးကိုတိုးတဲ့နှယ် ငရဲပန်းကို နတ်ပန်းထင်နေကြပေရာ ဆေးစွဲခြင်းအန္တရာယ်ကို အချိန်မီမတားဆီးနိုင်ပါက လူနေမှု အဆောက်အအုံတစ်ခုလုံး ပြိုကွဲပျက်စီးစေ တဲ့အတိုင်းအတာထိ ဖြစ်လာနိုင်တယ်။

မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်တိုက်ဖျက်စေနိုင်ဖို့ ဆေးစွဲခြင်းနဲ့ပတ်သက်လို့ ပြည်သူလူထုတစ်ရပ်လုံး အကျယ်တဝင့် နားလည်းစေဖို့လိုအပ်ပါတယ်။ ဆေးစွဲခြင်းဆိုတာ ယခုအခါ တစ်ကမ္ဘာလုံးလက်ခံထားကြတဲ့ ဆေးစွဲခြင်းရဲ့ အဓိပ္ပါယ်ကို ၁၉၆၄ ခုနှစ် WHO ကသတ်မှတ်ခဲ့ရာ ဆေးတစ်မျိုးမျိုးကို ပြတ်တောင်းပြတ်တောင်း ဖြစ်စေ ဆက်တိုက်ဖြစ်စေ၊ သောက်သုံးမှီဝဲလာရာမှ ယင်းဆေးကို ခန္ဓာကိုယ်အားဖြင့် ၎င်းစိတ်အားဖြင့်၎င်း (သို့) နှစ်မျိုးအားဖြင့် ၎င်းမှီခိုတွယ်တာမှုရှိနေတဲ့ အခြေအနေဖြစ်တယ်။
စွဲစေတတ်တဲ့ ဆေးဖြစ်စေတဲ့ ဆေးဝါးများမှာ မူးယစ်ဆေးဝါး Narcotics စိတ်ကျဆေး Depress၊ စိတ်ကြွဆေး များ Stimulants၊ စိတ်ငြိမ်ဆေးများ Tranqutizer ၊ အာရုံပြောင်းဆေး Hallucinogum နှင့် အိပ်ဆေးများ Hyprotic များပါဝင်တယ်။
မူးယစ်ဆေးဝါးတို့မှာ ဘိန်းပင်၊ ဆေးခြောက်၊ ကိုကင်းမှ ထုတ်လုပ်တဲ့အရာဝတ္ထုများနဲ့ မူးယစ်ထုံထိုင်းဓာတ် ပစ္စည်းများမှာ အရက်၊ ဘီယာ၊ ထန်းရည်၊ အကိုက်အခဲပျောက်ဆေး၊ ဆေးလိပ်နှင့် ကွမ်းယာဖြစ်တယ်။ မူးယစ် ဆေးဝါးဥပဒေအရ မူးယစ်ထုံထိုင်း ဆေးဖြစ်စေတဲ့ ဆေးဝါးမှာကိုကင်း (ဆေးခြောက်) ဘိန်းစိမ်း၊ မော်ဖင်း၊ ကိုဒင်း၊ ပက်သဒင်း၊ မီသာဒုန်း၊ ဘိန်းဖြူနဲ့ အယ်အက်စ်ဒီတို့ အသုံးများပြီး ထင်ရှားလှပါတယ်။

-- Advertisement --

ဆေးစွဲခြင်းလက္ခဏာများမှာ ဆေးသုံးဆောင်ပြီး ရရှိတဲ့ ယာယီအခိုက်အတန့် စိတ်ရွှင်လန်းသာယာမှု၊ သက်တောင့်သက်သာ ရှိမှုစတဲ့ အကျိုးကျေးဇူးများကိုတောင့်တပြီး ဆေးမစားရမနေနိုင်ခြင်းဖြစ်တယ်။ ကိုယ်ခန္ဓာ အားဖြင့် ဆေးစွဲခြင်းဟာ မှီဝဲနေတဲ့ ဆေးကို ဖြတ်လိုက်တာနဲ့ ခန္ဓာကိုယ်မှာ မအီမသာဖြစ်ပြီး အမျိုးမျိုးသော ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်းဖြစ်တယ်။
ဆေးစွဲလာတဲ့အခါ တူညီတဲ့အကျိုးအာနိသင်ကို ခံစားရစေဖို့ မှီဝဲရမယ့် ဆေးဝါးပမာဏ ပိုမိုလိုအပ်လာတယ်။ ဥပမာ-အိပ်ဆေးစွဲရင်၊ အိပ်ပျော်စေဖို့ တစ်ခါထက်တစ်ခါ ဆေးလုံးအရေအတွက် ပိုမိုသောက်ရခြင်း၊ ဆေးစွဲရင် ယင်းကြောင့် ဆေးစွဲသူများမှာ ကျန်းမာရေးချို့တဲ့လာခြင်း၊ အာရုံပြောင်းခြင်း၊ စိတ္တဇရောဂါဖြစ်ခြင်း၊ လူမှုရေးအရ ပြဿနာပေါ်ခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းတို့ ဖြစ်တတ်တယ်။

ဘိန်းနဲ့ဘိန်းမှဖြစ်တဲ့ ဆေးများ သုံးစွဲခြင်းကြောင့် ဆေးရဲ့ ကျေးကျွန်များဖြစ်ကာ လူညွှန့်တုံးကုန်တယ်။ သုံးခါစ မှာခန္ဓာကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲမှုဟူသမျှ ပျောက်ခြင်း၊ စိတ်ပျော်ရွင်ပြီး စိတ်ကူးယဉ်ကောင်းခြင်း၊ အိမ် မက်မက်သလို ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုကင်းကွာခြင်း၊ တစ်နေရာတည်း အာရုံစိုက်လို့မရခြင်း၊ အစားစားလို စိတ်မရှိခြင်း စတာတွေဖြစ်လေ့ရှိတယ်။ ယင်းဆေးတို့ အာနိသင်ပြေခါနီးအချိန်မှာ သမ်းဝေခြင်း၊ နှာရည်ယိုခြင်း၊ ချွေးထွက်ခြင်း၊ အငြိမ်မနေနိုင်ခြင်း၊ စိတ်တိုခြင်းစတာတွေ ခံစားရတယ်။

ဘိန်းနဲ့ ဘိန်းဖြူမမှီဝဲရင် စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ သမ်းဝေခြင်း၊ နှာရည်မျက်ရည်များကျခြင်း၊ ချွေးသီး ချွေးပေါက်များ ထွက်ခြင်း၊ ကျောနှင့်ခြေထောက် မခံရပ်နိုင်အောင် နာကျင်ကိုက်ခဲခြင်း၊ အေးတစ်လှည့်၊ ပူတစ် လှည့်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကြက်သီး တဖြည်းဖြည်းထပြီး အကြောဆွဲခြင်း၊ ခြေလက်တုန်ယင် ခြင်း၊ အိပ်မပျော်စားမဝင်ဖြစ်ခြင်း၊ အသားအရေခမ်းခြောက်လာခြင်း၊ ပိန်ချုံးခြင်းဖြစ်လာနိုင်တယ်။

ဆေးခြောက်စွဲသူတို့မှာ နှလုံးခုန်မြန်ခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ ဆာလောင်ခြင်း၊ မျက်လုံးအိမ်အတွင်းရှိ မျက်စိ၊ မျက်ဖြူသားများနီလာခြင်း၊ အဆုတ်အတွင်း ဆေးခြောက်များဝင်ခြင်းကြောင့် အဆက်မပြတ် ချောင်းဆိုးခြင်း၊ အစဉ်အစိုက် ငိုက်မျဉ်းနေခြင်းတို့ ဖြစ်လေ့ရှိတယ်။ အကြားအာရုံများ ချွတ်ယွင်းပြီး၊ စိတ်အတွင်း အမြဲနောက်ကျိရှုပ်ထွေးလို့ စိုးရိမ်ကြောင့်ကြ မှုများ ဝင်လာခြင်း၊ ငိုလိုက်ရယ်လိုက်ဖြစ်ခြင်း၊ စိတ်ကူးယဉ်ကမ္ဘာအ တွင်း အတွေးရေယာဉ်ကြောမျောပြီး မေ့လျော့နေတယ်။
စိတ်ငြိမ်ဆေး အိပ်ဆေးတို့မှာ သုံးပြီးစမှာ စိတ်ငြိမ်ပြီး အိပ်ချင်လာတယ်။ များရင် အလွန်လေးလံထိုင်းမှိုင်းလာပြီး အိပ်ပျော်သွားလို့ အသက်ရှုနှုန်းနှေး၊ သွေးတိုးအားလျော့ကာ အိပ်ရင်အသက်ဆုံးရှုံးနိုင်တယ်။ စိတ်ကြွဆေးများ သုံးစွဲခါစမှာ စိတ်ရွှင်လန်း သွက်လက်ခြင်း၊ အမောခံနိုင်ခြင်း၊ မအိပ်လိုခြင်းတို့ဖြစ်ပြီး နောက်ဆုံးမှာ နှလုံးတုန်ရင် ခုန်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ခြေလက်တုန်ယင်ခြင်း၊ ချွေးသီးချွေးပေါက်ထွက်ခြင်းတို့ ဖြစ်တတ်တယ်။ ဆေးတန်ခိုး ပြေချိန် လူတစ်ကိုယ်လုံးနုံးချိပြီး စိတ်ရှုပ်ထွေးစိတ်ညစ်စေတယ်။

အယ်အက်စ်ဒီဆေးစွဲသူများမှာ မျက်လုံးအိမ်များပြူးကျယ်ခြင်း၊ မျက်နှာများနီမြန်းခြင်း၊ နှလုံးခုန်နှုန်းနဲ့ ကိုယ်အပူ ချိန်မြင့်တက် ခြင်း၊ စိတ်ကယောင်ချောက်ချား ဂနာမငြိမ်ဖြစ်ကာအထင်မှားတယ်။
ဆေးစွဲရတဲ့ အကြောင်းရင်းများမှာ –
(၁) ပတ်ဝန်းကျင်မှ မိဘဆွေမျိုးများ၊ အပေါင်းအသင်း၊ လူငယ်များရဲ့ အပြုအမူကို တွေ့မြင်လို့အတုမြင်၊ အတတ်သင်သုံးစွဲမိခြင်း။

(၂) မူးယစ်ဆေးဝါးသုံးစွဲဖို့ အပေါင်းအသင်းများက တိုက်တွန်းဆွဲဆောင်ခြင်း။
(၃) မိဘများရဲ့ သွန်သင်ဆုံးမမှုများလွဲမှားခြင်း။
(၄) သူသူငါငါ၊ ရွယ်တူတန်းတူများက သုံးစွဲနေရင် အားကျမခံ အပြိုင်အဆိုင်သုံးစွဲခြင်း။
(၅) ဆေးသုံးစွဲမှ ခေတ်မီတယ်လို့အယူအဆ လွှဲမှားခြင်း။
(၆) အထူးအဆန်းအနေနဲ့ လက်တည့်စမ်းသုံးစွဲ ကြည့်ရာမှဆေးစွဲလာခြင်း။
(၇) မိမိရဲ့ စိတ်ပူပင်သောက ဗျာပါဒများ ပပျောက်စေဖို့ မှီဝဲသုံးစွဲခြင်း။
(၈) လူငယ်များရဲ့ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းမှုကြောင့် မူးယစ်ဆေးဝါးများ သောက်သုံးမိခြင်း။
(၉) တဒင်္ဂသာယာမှု ကြိုက်နှစ်သက်ရာမှ ဆေးစွဲခြင်း၊ စိတ်ကူးယဉ်ကောင်းခြင်း၊ လိင်စိတ်ကြွခြင်း။
(၁၀) ဆေးဝါးအဖြစ် မှီဝဲရာမှတန်ဆေးလွန်ဘေးဆိုသလို ဆေးစွဲလာခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲတဲ့အခါ ပက်သဒင်းဆေး ထိုးနှံရာမှ ပက်သဒင်းစွဲလာခြင်း၊ ပိုပြီးတိုးမြှင့်သုံးစွဲခြင်းတို့ ဖြစ်တယ်။

ဆေးစွဲခြင်းဟာ ကာယကံရှင်ရဲ့စိတ်ရောကိုယ်ပါ ဒုက္ခပေးနိုင်ရုံမက ပတ်ဝန်းကျင်ကိုပါ အနှောင့်အယှက်အန္တ ရာယ်ဖြစ်စေတယ်။ မူးယစ်ဆေးသုံးစွဲပြီး နောက်ဆုံးမှာ အလွန်အကျွံမှီဝဲခြင်းမှ အသက်ရှုခြင်း၊ နှလုံးခုန်ခြင်း ရပ်ကာ နောက်ဆုံးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တယ်။

ဘိန်းဖြူစတဲ့ အကြောထဲ ထိုးတဲ့သူများ အနေနဲ့ ဆေးလွန်ခြင်း၊ ဆေးထိုးတဲ့နေရာ အနာဖြစ်ခြင်း၊ သွေးပြန်ကြော ရောင်ခြင်း၊ တစ်ကိုယ်လုံးရောဂါပိုးများ ပျံ့နှံ့လို့ဖျားခြင်း၊ သွေးဆိပ်သင့်ခြင်း၊ နှလုံးအတွင်းမြှေးရောင်ခြင်း၊ အသည်းပြည်တည်ခြင်း၊ အဆုတ် ရောင်ခြင်း၊ အဆုတ်ပြည်တည်ခြင်း၊ စိတ္တဇရောဂါစွဲကပ်ခြင်း၊ အာဟာရချို့တဲ့ ခြင်းနဲ့ မူးယစ်ဆေးဝါးရောင်းသူတို့ အမြတ်ပိုရရန် ရောနှောတဲ့ အခြားပစ္စည်းများကြောင့် အဆိပ်သင့်ခြင်း အန္တ ရာယ်များတွေ့ကြုံရတယ်။

မတော်တဆ ဆေးလွန်လို့ ဆေးထိုးအပ်မျှဝေသုံးစွဲမိလို့ အိပ်ချ်အိုင်ဗီ၊ အသည်းရောင်ဘီနဲ့ စီရောဂါဝင် ရောက် လွယ်ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း၊ ရောဂါပိုးများ ဝင်ရောက်ပျံ့နှံ့ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ မိမိကိုယ်မိမိ သတ်သေ ခြင်း စသဖြင့် လူ့ဘဝမှာ သက်တမ်း စေ့ မနေရဘဲ သေဆုံးကြရတယ်။

ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးဖြတ်စင်တာများ ဆေးရုံများမှာ ထားရှိပြီးမူးယစ်ဆေး၊ စိတ်ကြွဆေးများ စနစ်တကျ ဖြတ်ဖို့လိုလာပြီဖြစ်တယ်။ ဆေးစွဲသူများဟာ တောရောမြို့ပါရှိနေပြီး မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုက ကျယ်ပြန့်ကြီး ထွားလျှက်ရှိတယ်။

Author – ဒေါက်တာလွင်သန့် (Healthcare Journal)

ဆက်စပ် ဆောင်းပါးများ
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now !!!