အသီးအနှံ ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးအတွက် အကျိုးရလဒ်ကောင်းများ ရရှိစေနိူင်ကြောင်း လူတိုင်းသိကြပြီး ဖြစ်ပါသည်။ အကြမ်းသဘောလေ့လာကြည့်လျှင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးချို ဆီးချိုရောဂါ၊ နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်းခြင်း၊ Heart Attack ဦးနှောက် တစ်သျှူး ပျက်ယွင်းခြင်း၊ Stroke နှင့် ကင်ဆာရောဂါများ ဖြစ်ပွားမှုကို လျော့နည်းစေမည် ဖြစ်၏။ အသားအရေစိုပြည်လှပပြီး ဇရာ၏ နိမိတ်လက္ခဏာများကိုလည်း ကာကွယ်နိူင်သည်။ အရွယ်တင်နုပျိုစေပြီး သက်ရှည်ကျန်းမာစေမည် ဖြစ်ပါသည်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် ပတ်သက်လျှင် များများစားလေ ကျန်းမာရေးအတွက် ကောင်းလေဟု ဆိုနိူင်သည်။
အောက်ဆီးဒင့် (ဓာတ်တိုးပစ္စည်း) Oxidants ( Free radicals) ဆိုသည်ကိုလည်း လူတိုင်းကြားဖူးကြပါသည်။ ဓာတ်တိုးပစ္စည်းများသည် ခန္ဓာကိုယ်တွင်းရှိ ဇီဝဓာတုဖြစ်စဉ်များမှလည်း ထွက်ရှိသည်။ ပတ်ဝန်းကျင်မှတစ်ဆင့်လည်း ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နိူင်သည်။ ဓာတ်တိုးပစ္စည်းများသည် ကလာပ်စည်းများ၊ တစ်သျှူးများနှင့် အဂါၤအစိတ်အပိုင်းများကို ပျက်ယွင်းစေသည်။
ယင်းဓာတ်တိုးပစ္စည်းများကြောင့် ကင်ဆာရောဂါအပါအဝင် ရောဂါအမျိုးမျိုး ဖြစ်နိူင်သည်။ အိုမင်းရင့်ရော်မှု၏ လက္ခဏာများ ဖြစ်ပေါ်စေနိူင်သည်။ လူတို့သေဆုံးကြရခြင်း၏ အကြောင်း ဇာတ်မြစ်တစ်ခုတွင် ဓာတ်တိုးပစ္စည်းများ၏ အန္တရာယ် ပြုမှုလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ အန္တရယ်များလှသော ဓာတ်တိုးပစ္စည်းများကို ဆန့်ကျင်နိူင်သည့် အင်တီအောက်ဆီးဒင့်များမှာ အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်များတွင် ကြွယ်ဝစွာပါရှိကြောင်း တွေ့ရသည်။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တို့တွင်ပါသော ပစ္စည်းတစ်မျိုးမှာ Fibre အမျှင်ဓာတ်ပင်ဖြစ်သည်။ အမျှင်ဓာတ်သည် စွမ်းအင်ပေးစွမ်းနိူင်ခြင်းမရှိသော်လည်း ကျန်းမာရေးအတွက်အထောက်အကူများစွာပြုသော ပစ္စည်းဖြစ်သည်။
- အမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းမှ ကာကွယ်သည်။
- ဝမ်းမှန်စေသည်။
- ကိုယ်အလေးချိန် မှန်ကန်စေသည်။ အဝလွန်သူများ၊ ကိုုယ်အလေးချိန်များသူအား ကိုယ်အလေးချိန် လျော့ကျစေနိူင်သည်။
- သွေးချို ဆီးချို ရောဂါရှိသူများအတွက် သွေး၌ သကြားဓာတ်မှန်ကန်မှု အတွက် အထောက်အကူ ပြုသည်။
- သွေး၌ ကိုလက်စထရော လွန်ကဲမှုကို ကာကွယ်ပေးသည်။
- သွေး၌ ကိုလက်စထရော လွန်ကဲမှုကို ကာကွယ်ပေးသည်။
- အူမကြီးကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို နည်းစေသည်။
အမျှင်ဓာတ်ပါသော အစားအစာများမှာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြသဖြင့် အမျှင်ဓာတ်နှင့်အတူပါသော အာဟာရများသည် ခန္ဓာကိုယ်ရုပ်နှင့် စိတ်တို့၏ ကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှည်စေမည် ဖြစ်ပါသည်။
ယေဘုယျအားဖြင့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးအတွက် အဘက်ဘက်မှ ကောင်းမွန်ကြသည်ဖြစ်သော်လည်း တချို့သောသစ်သီးများ၌ ထူးခြားသော အာနိသင်စွမ်းအားများ ရှိနေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ” အသီးများ၏ ဒိုင်ယာရီ ” မှတစ်ဆင့် အသီးတချို့အကြောင်း တင်ပြလိုက်ရခြင်းဖြစ်ပေသည်။
စပျစ်သီး
စပျစ်သီးတွင် တင်နင်များ Tannins၊ ပေါ်လီဖီနောများ Polyphenol နှင့် Antioxidants အင်တီအောက်ဆီးဒင့်များ ပါဝင်သည်။ စပျစ်သီး၏ အစေ့တွင်လည်း Proanthocyo-midin ဓာတ်ပစ္စည်းပါဝင်ကြောင်း တွေ့ရသည်။
စပျစ်သီးအား အရည်ဖျော်သောက်ခြင်း သို့မဟုတ် စားသုံးခြင်းဖြင့်-
- သွေး၌ ကိုလက်စထရောဓာတ်ကျစေသည်။ ထိုမှတစ်ဆင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် လေဖြတ်ခြင်းတို့မှ ကာကွယ်နိူင်ပါသည်။
- စပျစ်သီးတွင်ပါဝင်သော Polyphenol သည် သွေးလွှတ်ကြော နံရံများ၌ Nitric Oxide ရရှိစေပြီး သွေးကြောများ ကျန်းမာစေနိူင်သည်။
- ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့နည်းစေသည်။
- အမြင်အာရုံ ကြည်လင်စေသည်။
- ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ပျောက်ကင်းစေနိူင်သည်။
- ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှု ရရှိစေသည်။
- တစ်သျှူးများရှိ ကိုလာဂျင်တည်ဆောက်မှုကို အားပေးသည်။
- အရက်စွဲနေသူများ စပျစ်သီးစားသုံးခြင်းဖြင့် ခံနိူင်ရည်အား ပိုမိုကောင်းစေနိူင်သည်။
Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)