နေ့စဉ် မတ်လရဲ့ ဒုတိယဗုဒ္ဓဟူးနေ့ကို ဆေးလိပ်မသောက်ရနေ့ အဖြစ် ဗြိတိန်နိုင်ငံမှာ (၁၉၈၄) ခုနှစ်ကတည်းက အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြတယ်။ ဆေးလိပ်သောက်သူတွေပါ ယင်းနေ့မှာ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပြီး (၂၀၀၉) ခုနှစ်မှာ (GFK-NOP) အဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့သလို (၂၀၁၀) ပြည့်နှစ်က ဆေးလိပ်ဖြတ်ဖို့ အစီအစဉ်တွေစပြီး ဆောင်ရွက်ခဲ့တယ်။ (၂၀၁၁) ခုနှစ်မှာ ဗြိတိန်နှလုံးဖောင်ဒေးရှင်းအဖွဲ့က ဆေးလိပ်မသောက်ရေး ကမ်ပိန့်တွေ တီဗီနဲ့ စာနယ်ဇင်းတွေမှာ ဆေးလိပ် ဆေးရွက်ကြီးပါ ပစ္စည်းများ မကြော်ငြာဖို့ မူအားဖြင့် သဘောတူညီမှုရခဲ့ပြီး ယနေ့ဆေးလိပ်တွေကို ကင်ဆာဖြစ်ပွားတဲ့ပုံများ ကပ်နှိပ်ပေးခြင်း၊ အသက်(၁၈)နှစ်အောက် မရောင်းခြင်း၊ တစ်လိပ်ခြင်းမရောင်းခြင်း၊ ဆေးလိပ်မသောက်ရနယ်မြေများ သတ်မှတ်ပြဋ္ဌာန်းခြင်းများနဲ့ ဆေးလိပ်သောက်ခြင်း ကန့်သတ်ခဲ့တယ်။ ဆေးလိပ်ရဲ့ အခွန်ငွေကို (၅၀%) တိုးမြှင့်ခဲ့ပြီး နိုင်ငံခြားမှ တင်သွင်းလာခြင်းမရှိအောင် ကန့်သတ်ခဲ့တယ်။
ကမ္ဘာ့ဆေးလိပ်၊ဆေးရွက်ကြီး တိုက်ဖျက်ရေးနေ့မှာ နှစ်စဉ်မေလ (၃၀) ရက်နေ့အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကသတ်မှတ် ပြဋ္ဌာန်းပေးခဲ့တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှနှစ်စဉ်ကမ္ဘာ့လူသား ( ၅ ဒသမ ၄ ) သန်းခန့် ဆေးလိပ်ကြောင့် သေဆုံးကြရတယ် ဆိုတယ်။ ဆေးလိပ်ကြောင့် သေဆုံးခြင်းဟာ ကာကွယ်လို့ရတဲ့ အကြောင်းရင်းတွေမှာ ပါဝင်တယ်။ ဆေးလိပ်ရှောင်ကြဉ်ကြရမယ်။
ဆေးလိပ်မှာ နီကိုတင်းဟာ စိတ်ကိုစွဲလန်းတတ်တဲ့ ပစ္စည်းအပါအဝင် ဓာတုပစ္စည်း (၄၀၀၀) ကျော်နဲ့ ကင်ဆာဖြစ်စေတဲ့ ပစ္စည်း (၂၂) မျိုးပါဝင်တယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ ဦးနှောက်ရှိ အာရုံခံနေရာတွေမှာ ဓာတ်ပြုခြင်းကို လှုံဆော်လို့ စိတ်ကျေနပ်မှု ရရှိလို့ စွဲလမ်းစေတယ်။ သေနှုန်းမြင့်မားတဲ့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အဆုတ်ကင်ဆာ တို့ဖြစ်စေတယ်။ ဆေးလိပ်ထဲက အမျိုးပေါင်း (၁၀၀၀) ကျော် ဓာတုပစ္စည်း ရှိကြတဲ့အထဲ နီကိုတင်း၊ ကတ္တရာနဲ့ ကာဗွန်မိုနောက်ဆိုဒ်ရဲ့ အဆိပ်ငွေ့ အန္တရာယ်အကြီးဆုံးဖြစ်တယ်။ လူ့သက်တမ်း (၈%) မှ (၁၅%) သက်တမ်းတိုစေတယ်။
နီကိုတင်းက နှလုံးသွေးကြောမှာ ရုတ်တရက် နှလုံးကြွက်သားပုပ်ခြင်း (Acutc Myocardi) ဖြစ်ပြီး ချက်ချင်းသေဆုံးနိုင်တယ်။ ကာဗွန်မိုနောက်ဆိုဒ်က အောက်စီဂျင်လုပ်ငန်း ဖြစ်တဲ့ အဆုတ်မှ အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပေးခြင်းမှာ အစားဝင်သွားတယ်။ သွေးနီဥအတွင်းက ဟေမိုဂလိုဘင်တွေရဲ့ လုပ်ငန်းလျော့ပါးသွားတယ်။ ကတ္တရာက ကင်ဆာဖြစ်စေတယ်။ ပါဝင်တဲ့ ဖီနော၊ အော်လ်ဒီဟိုက်နဲ့ ဆိုင်ယာနိုက်ဓာတ်တွေက အဆုတ်ကင်ဆာ ဖြစ်တယ်။
ဆေးလိပ်ကို နှစ်ရှည်ကြာစွာ သောက်သုံးရင် အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာ အနာဖြစ်စေတယ်။ ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်ရင် ပေါင်မပြည့် လမစေ့၊ ကျုံလှီတဲ့ကလေး မှတ်ဉာဏ် ချို့ယွင်းတဲ့ကလေးတွေ မွေးနိုင်တယ်။ မိခင်သောက်တဲ့ ဆေးလိပ်က ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ကြောင့် အောက်စီဂျင် မလုံလောက်လို့ ကလေးပျက်တာ၊ အသေမွေးတာ၊ မိခင်ရောဂါရတာ ဖြစ်နိုင်တယ်။
လူကိုယ်တိုင် ဆေးလိပ်မသောက်ပါပဲ ဆေးလိပ်သောက်တဲ့သူနဲ့ တစ်ခန်းတည်း အလုပ်ခွင်တစ်ခုတည်း အတူတူနေရင်း၊ ဖခင်ဆေးလိပ်သောက်ရင် မိသားစုနဲ့အတူတူနေသူတို့ အန္တရာယ်ဖြစ်စေလောက်တဲ့ ကင်ဆာ ဖြစ်နိုင်တယ်။ ကားတစ်စီးတည်း တူတူစီးမိရင် ဆေးလိပ်ရဲ့အန္တရာယ် ရနိုင်တယ်။
မော်တော်ကား၊ စက်ရုံ အလုပ်ရုံက မီးခိုတွေ လေထုထဲကို (၄%) ကာဗွန်မိုနောက်ဆိုဒ် ရှိနေရင် ဆေးလိပ်သောက်တဲ့သူ ဘေးမှာရှိနေရင် (၉%) ရှူရှိုက်နေရတယ်။ လေထုညစ်ညမ်းမှုထက် ဆိုးတယ်။ အစီခံတပ်တာ၊ မတပ်တာ၊ ဆေးတံသောက်တာ ဆေးလိပ်ရဲ့ဆိုးကျိုး အတူတူဖြစ်တယ်။
နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အခြားကင်ဆာများ အဆုတ်လေပြွန်ရောင်ခြင်း၊ လက်နဲ့ခြေထောက်ရှိ သွေးလွှတ်ကြောကြီးများ ပိတ်လို့ ခြေချောင်းလက်ချောင်းပုပ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းကြောင့် လူစဉ်မမီခြင်း၊ ပန်းသေပန်းညှိုးရောဂါ၊ မိခင်ကလေးကျန်းမာရေးတို့ ဆိုးဝါးစေပါတယ်။ မိခင်ဆေးလိပ်သောက်လို့ ကိုယ်ဝန်ပျက်ခြင်း၊ ပေါင်မပြည့် လမစေ့ မွေးတယ်။
စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေ ဖြစ်စေတယ်။ အပိုကုန်ကျငွေကြောင့် မိသားစုစားဝတ်နေရေး ကျပ်တည်းတယ်။ အိမ်ထောင်ဦးစီးမှာ ရောဂါရရင် မိသားစုမှာ ဆုံးရှုံးမှုကြီးစွာ ဖြစ်ခြင်း ဆေးလိပ်မှ အရက် မူးယစ်ဆေးဝါးအထိ စွဲသွားပြီး လူမှုရေးဆုံးရှုံးမှု၊ ရာဇဝတ်မှုများလာခြင်း ဖြစ်စေတယ်။ ဆေးလိပ်ဟာ ကာယ၊ဉာဏ စွမ်းအား ထိခိုက်ခြင်း၊ ဆေးရွက်စိုက်ခင်း၊ စီးကရက်စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်းစတဲ့ လူမှုရေးဆိုးကျိုးများ ဖြစ်စေနိုင်တယ်။
ဆေးလိပ်ကို ဘယ်အချိန်ကပဲ သောက်သောက် ဖြတ်သင့်တယ် ဖြတ်တဲ့အချိန်ကစပြီး ကျန်းမာရေး ကောင်းလာမယ်။ ဆယ်ကျော်သက်တွေ ကလေးတွေ ဆေးလိပ်ဝယ်ရင် မရောင်းသင့်ဘူး။ ဆေးလိပ်(၅)လိပ် သောက်ရုံနဲ့ စွဲတယ်။ ဆေးလိပ်ဖြတ်ပြီး (၁)လိပ်စသောက်ရုံနဲ့ ပြန်စွဲသွားနိုင်တယ်။ ဆရာ၊ မိဘတွေက ဆေးလိပ်မသောက်ဖို့ ကျန်းမာရေးပညာပေး ဆောင်ရွက်ဖို့လိုတယ်။ စီးကရက်အစား ဆေးပေါ့လိပ် ပြောင်းသောက်၊ ကွမ်းယာထဲ ဆေးထည့်စားရုံနဲ့ ဆေးလိပ်ဖြတ်လို့ မရဘူး။ အီး စီးကရက်က ဆေးလိပ်ဖြတ်ဖို့ ကူညီပေမယ့် နီကိုတင်းပါလို့ စွဲတတ်တဲ့ သဘောရှိတယ်။ ဆေးလိပ်ကို တုံးတိဖြတ်သင့်တယ်။ ဆေးလိပ်ဖြတ်သူများအသင်းတို့လို ဆေးလိပ်ဆိုးကျိုး ဟောပြောဆွေးနွေးရင်း ဆေးလိပ်မသောက်ဖို့ ပညာပေးရမယ်။
ဆေးလိပ်ကို ဖြတ်လိုက်တဲ့ အချိန်ကစလို့ ကျန်းမာရေး ပြန်ကောင်းလာမယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါစတဲ့ ဆေးလိပ်ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားမှု လျော့နည်းသွားတယ်။ လူ့သက်တမ်းစေ့နေနိုင်ဖို့ အခွင့်အရေးရှိလာတယ်။ မိသားစု ကုန်ကျစရိတ် သက်သာပြီး ကျန်းမာပျော်ရွှင်ကြတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ဝန်ထုပ်ဝန်ပိုး လျော့နည်းသွားတယ်။
ဆေးလိပ်ဖြတ်ရင် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်မယ့်ရက်ကို ရွေးပြီး မိသားစုနဲ့ သူငယ်ချင်းကို မိမိဆေးလိပ်ဖြတ်ပြီဖြစ်ကြောင်း ကြော်ငြာပြီး ဖြတ်သင့်တယ်။ ဆေးလိပ် လျော့သောက်ဖို့ မကြိုးစားသင့်ပါဘူး။ ကွမ်းယာစားခြင်း၊ ကွမ်းစားဆေးငုံခြင်း မပြုသင့်ပါဘူး။ တိကနဲ ဖြတ်ရပါမယ်။ ဆေးလိပ်နဲ့ သက်ဆိုင်တဲ့ပစ္စည်းများ (ဆေးလိပ်ဘူး၊ မီးခြစ်၊ ဆေးတံများ) ပတ်ဝန်းကျင်မှာ လုံးဝမရှိသင့်ပါ။ ဆေးလိပ်သောက်မိနိုင်မယ့် နေရာတွေ မသွားသင့်ဘူး။ မိဘ၊ မိသားစု၊ သူငယ်ချင်းများရဲ့ ဆေးလိပ်မသောက်ရေး ထောက်ခံမှုကို ရယူသင့်ပါတယ်။
ဆေးလိပ်မသောက်ရ နယ်မြေများ ကျောင်း၊ ဆေးရုံ၊ ကား၊ လေယာဉ်ပျံ၊ ရထား စီးနင်းစဉ် မသောက်ကြဖို့ လိုတယ်။ ဆေးလိပ်မသောက်ရနယ်မြေ (Tobacco Free Zone) ပိုမိုသတ်မှတ်ပေးသင့်တယ်။ အိမ်မှာ မိသားစုအတွင်းမှာ ဆေးလိပ်မသောက်မိစေဖို့ လိုတယ်။ သောက်ချင်ရင် အပြင်ထွက်ပေါ့။ မြန်မာ့ယဉ်ကျေးမှုအရ ဧည့်သည်လာရင် ဆေးလိပ်၊ ကွမ်းယာတည်တဲ့ အကျင့်ဖျောက်သင့်ပါပြီ။ မင်္ဂလာဆောင်၊ အလှူတွေမှာ ဆေးလိပ်ကမ်းတဲ့အကျင့်၊ ဆေးပေးတဲ့အကျင့် စွန့်လွှတ်သင့်ပါပြီ။ ကွမ်းယာဆိုင်၊ ဆေးလိပ်ရောင်းဆိုင်များ ကန့်သတ်ရောင်းချဝေသင့်ပါပြီ။
ဆေးလိပ်ဟာ စွဲလန်းနိုင်တဲ့အတွက် လုံးဝ ဆေးလိပ်မသောက်မိသင့်ဘူး။ လူငယ်များ ကျောင်းသားများ အတုခိုး မမှားသင့်ဘူး။ ဆေးလိပ်ကို နှစ်ပေါင်းများစွာ သောက်သူတွေအနေနဲ့ ဘယ်အချိန်မဆို ဖြတ်ဖို့ နောက်ကျနေပြီလို့ မရှိပါ။ ဖြတ်မယ် ဆုံးဖြတ်ချက်ချပြီး ဖြတ်ဖို့သာလိုတယ်။ သူငယ်ချင်းချင်း ဆွဲဆောင်စည်းရုံးခြင်း၊ ကျန်းမာရေးပညာပေးခြင်းနည်းနဲ့ ဆေးလိပ်ဖြတ်သင့်တယ်။ ဆေးလိပ်ဖြတ်ဖို့ သူတစ်ပါး တိုက်တွန်းတာထက် မိမိစိတ်က အဓိက ဖြစ်တယ်။ စိတ်ကို နိုင်နင်းပြီး ဆေးလိပ်ပြန်မသောက်ကြေး တိကနဲ ဖြတ်လိုက်နိုင်မှသာ ဆေးလိပ်သံသရာက လွတ်မြောက်နိုင်မယ်။
Author: Dr.လွင်သန့်