၂၀၁၄ ခုနှစ်အတွင်း အီဘိုလာကူးစက်ရောဂါပြန့်ပွားနှုန်းသည် တောင်အာဖရိကနိုင်ငံများဖြစ်သောဂီနီ၊ လိုင်ဘေးရီးယား၊ စီရီလီယွန် နိုင်ငံတို့မှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ကူးစက်ရန် စိုင်းပြင်းနေသည်။ WHO မှထုတ်ပြန်ချက်များအရ ယခုနှစ်အတွင်း အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟုဓာတ်ခွဲခန်းမှ အတည်ပြုနိုင်သောအရေအတွက် မှာ ၁၄၅၀ဝ ခန့်ရှိပြီး ကူးစက်ခံရသူ ၈၈၇ ခန့်မှာသေဆုံးခဲ့သည်ဟု သိရှိရသည့်အပြင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးကူးစက်ရောဂါ ဟုဆိုသည်။ ထို့အတွက်ကြောင့်လည်း WHO မှ ဒေါ်လာသန်း တစ်ရာပရောဂျက်ဖြင့် နိုင်ငံတကာနှင့်ပူးပေါင်းကာ အီဘိုလာကူး စက်ပြန့်ပွားမှုကိုထိန်းချုပ်တိုက်ဖျက်ရန် အစီအစဉ်များချမှတ်ပြီး လုပ်ဆောင်နေပြီဖြစ်သည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ (Ebola Virus Disease-EVD) ကို ယခင်က Ebola Hemorrhagic Fever (Ebola HF) ဟုခေါ်တွင်ခဲ့သည်။ အီဘိုလာဗိုင်းရပ်စ်ရောဂါသည် လူသားတို့ အပြင် မျောက်၊ ဂေါ်ရီလာ၊ ချင်ပန်ဇီတို့တွင်ပါဖြစ်ပွားစေပြီး သေစေ နိုင်လောက်အောင်ပြင်းထန်သောရောဂါအမျိုးအစားပင်ဖြစ်သည်။ အီဘိုလာသည် ၤငူသလငမငိနေ ဠငမေူ ၤောငူပ မျိုးဖြစ်သော အီဘိုလာ ဗိုင်းရပ်စ် Filoviridae Viral Family ကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။
အီဘိုလာရောဂါအားကူးစက်ခြင်းခံရပါက ၉၀ ရာခိုင်နှုန်း သေစေနိုင်ပြီး လက်ရှိတွင် ကြောက်စရာအကောင်းဆုံးကူးစက်ရောဂါ တစ်မျိုးပင်ဖြစ်သည်။ ရောဂါပိုးရှိသောလူ၊ သို့မဟုတ် တိရစ္ဆာန်၏ သွေး၊ အရည်၊ တစ်ရှူးအသားစတို့နှင့်တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ကူးစက်စေနိုင်သည်။ ထို့ပြင် ရောဂါခံစားနေရသူကိုလည်း အထူး ကြပ်မတ်ကုသပေးရန်လိုအပ်သည်။
အီဘိုလာဆိုတာဘာလဲ
ပထမဆုံးသောအီဘိုလာဗိုင်းရပ်စ်ရောဂါကို ၁၉၇၆ ခုနှစ် တွင် ကွန်ဂိုနိုင်ငံအတွင်းရှိ အီဘိုလာမြစ်အနီးတွင် စတင်ဖြစ်ပွား ခဲ့သည်ဟုသိရှိရသည်။ ထိုမှတစ်ဆင့် အနီးတစ်ဝိုက်တွင်ရှိသောနေရာ များသို့ ရောဂါပိုးရှိသောသွေး၊ တစ်ရှူးအသားစတို့မှတစ်ဆင့် တဖြည်း ဖြည်းကူးစက်လာခဲ့ပြီး လက်ရှိတွင် ဆူဒန်၊ အင်္ဂလန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ ဂါဘွန်၊ အိုင်ဗရီကိုစ့်၊ တောင်အာဖရိက၊ အီတလီ၊ ရုရှား၊ ယူဂန်ဒါ၊ ဂီနီ၊ လိုင်ဘေးရီးယား၊ စီရီလီယွန်နိုင်ငံများအထိပါရောက်ရှိ ကူးစက်နေသည်ဟုလေ့လာဆန်းစစ်ချက်များကဆိုသည်။ အီဘိုလာ ဗိုင်းရပ်စ် (Ebola Virus) သည် ဗိုင်းရပ်စ်မျိုးနွယ်စုများဖြစ်သော Filovridae Family (Filovirus) ၊ Marburgvirus နှင့် Cuevavirus တို့ထဲမှမျိုးနွယ်စုဝင်တစ်ခုဖြစ်သည်။ အီဘိုလာ ဗိုင်းရပ်စ်ကိုထပ်ဆင့်အားဖြင့် Subspecies ငါးမျိုးခွဲခြားနိုင်သည်။ ထိုငါးမျိုးမှာ-
၁။ Bundibugyo Ebolavirus (BDBV)
၂။ Zaire Ebolavirus (EBOV)
၃။ Reston Ebolavirus (RESTV)
၄။ Sudan Ebolavirus (SUDV)
၅။ Tai Forest Ebolavirus (TAFV) တို့ဖြစ်သည်။
ထိုအထဲမှ လက်ရှိကူးစက်ပြန့်ပွားနေသောအီဘိုလာ ဗိုင်းရပ်စ်ရောဂါ (Ebola Virus Disease-EVD) သည် BDBV ၊ EBOV ၊ SUDV မျိုးစုငယ်တို့ကြောင့်ဖြစ်ပွားရသည်ဟုဆိုသည်။ မျိုးစုကိုမူဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်တွေ့ရှိရပြီး လူများကို ကူးစက်နိုင်သော်လည်း လက်ရှိအချိန်တွင်မူ ထို RESTV မျိုးစုကူး စက်ခံရခြင်းကိုမတွေ့ရှိရသေးပေ။
အီဘိုလာဖြစ်ပွားစေသောအကြောင်းအရာများ
အီဘိုလာသည် အထက်တွင်ဖော်ပြခဲ့သောဗိုင်းရပ်စ်မျိုးစု ငယ်ငါးမျိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။ ကျွမ်းကျင်သူများ၏ လေ့လာဆန်းစစ်ချက်များအရ အီဘိုလာဗိုင်းရပ်စ်သည် တိရစ္ဆာန်များ ၏ခန္ဓာကိုယ်အတွင်းမှစတင်သန္ဓေတည်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ရောဂါပိုးရှိသောတိရစ္ဆာန်၏သွေး၊ သို့မဟုတ် အရည်၊ သို့မဟုတ် တစ်ရှူးအသားစတို့ကိုကိုင်တွယ်မိခြင်းကြောင့် လူသားတို့ထံသို့ ကူးစက်လာခြင်းဖြစ်သည်။ အာဖရိကတိုက်တွင် ရောဂါဖြစ်ပွားစေ သောအဓိကတိရစ္ဆာန်များဖြစ်သည့် ချင်ပန်ဇီ၊ မျောက်ဝံ၊ မျောက်၊ လင်းနို့၊ တောဆိတ်၊ ဖြူကောင်တို့ကိုထိတွေ့ကိုင်တွယ်ခြင်းမှတစ်ဆင့် လူသားတို့ထံသို့ကူးစက်ခဲ့ကြောင်းတွေ့ရှိရသည်ဟုဆိုသည်။
ရောဂါပိုးရှိသောလူတစ်ဦး၏ သွေး၊ အရည်၊ အသားစ အစရှိသည်တို့ကိုတိုက်ရိုက်ကိုင်တွယ်ခြင်းကြောင့်လည်း အခြား တစ်ဦးထံသို့ကူးစက်စေနိုင်သည်။ လူအချင်းချင်းကူးစက်စေသော အကြောင်းအရာများစွာကို အောက်ပါအတိုင်းလေ့လာတွေ့ရှိနိုင် သည်။
– ရောဂါပိုးရှိသူ၏ ကွဲနေသောအရေပြား၊ သွေး၊ အရည်၊ ခန္ဓာကိုယ်မှထွက်သောချွေးနှင့် အခြားသောအရည်အမျိုး မျိုးကိုတိုက်ရိုက်ထိတွေ့ကိုင်တွယ်မိခြင်း။
– ထိုကဲ့သို့သော ရောဂါပိုးရှိသောအရည်များနှင့်ထိတွေ့ထား သောကြမ်းပြင်၊ ပတ်ဝန်းကျင်အစရှိသည်တို့ကိုထိတွေ့ မိခြင်း။
– ရောဂါပိုးရှိသောအရည်များနှင့် ထိတွေ့ထားသောဆေးထိုး အပ် အစရှိသည့်အသုံးအဆောင်ပစ္စည်းများကိုကိုင်တွယ် မိခြင်း။
– ရောဂါပိုးရှိသောသူနှင့်လိင်ဆက်ဆံမိခြင်း၊ ရောဂါပိုးရှိသူ၏ သွေးသွင်းမိခြင်း (ရောဂါခံစားနေရသူသည် သက်သာ ပျောက်ကင်းလာပါကလည်း ထိုသူ၏သွေး၊ သုတ်ရည် အတွင်းတွင် အီဘိုလာဗိုင်းရပ်စ်သည် ခုနစ်ပတ်ကြာရှိပြီး ထိုမှတစ်ဆင့်ကူးစက်နိုင်သည်)
– အီဘိုလာရောဂါခံစားနေရသူများကို အနီးကပ်ပြုစုပေး ရသော ကျန်းမာရေးဝန်ထမ်းများတွင်လည်း မကြာခဏ ကူးစက်ခြင်းကိုခံစားရသည်။
အီဘိုလာဗိုင်းရပ်စ်သည် မိသားစုအတွင်း ကူးစက်ခံရသူ တစ်ဦးကိုပြုစုစောင့်ရှောက်ပေးနေသောအချိန်တွင်ပင် ကျန်မိသားစု ဝင်များ၊ မိတ်ဆွေများ၊ သူငယ်ချင်းများကို အလျင်အမြန်ကူးစက်စေ နိုင်သည်။ ရောဂါခံစားနေရသူကိုကုသပေးသောကျန်းမာရေးဝန်ထမ်း များသည်လည်း ကူးစက်ခံရနှုန်းမြင့်မားသောကြောင့် ကာကွယ်ရေး ပစ္စည်းများဖြစ်သော လက်အိတ်၊ ခေါင်းစွပ်၊ မျက်နှာဖုံး အစရှိသည် တို့ကို စနစ်တကျဝတ်ဆင်ကာ ပြုစုပေးရန်လိုအပ်သည်။ ဆေးထိုး ပိုက်၊ ဆေးထိုးအပ် စသည်တို့ကိုလည်း စနစ်တကျစွန့်ပစ်ကာ ပိုးမွှား သန့်စင်တိုက်ဖျက်ရန်လည်းလိုအပ်သည်။ အီဘိုလာဗိုင်းရပ်စ်သည် ခြင်၊ ယင်၊ ဂျပိုးအစရှိသည့်ပိုးမွှားများ အကိုက်ခံရခြင်းကြောင့် မကူး စက်နိုင်ချေ။
အီဘိုလာ၏ ရောဂါလက္ခဏာများ
ဗိုင်းရပ်စ်ပိုးစတင်ကူးစက်ခြင်းခံရသောအချိန်မှစပြီး နှစ် ရက်မှ ၂၁ ရက်အတွင်းတွင် ရောဂါလက္ခဏာများစတင်ခံစားရနိုင်ပြီး ပုံမှန်အားဖြင့် အများစုသည် ရှစ်ရက်မှ ဆယ်ရက်အတွင်း စတင် ခံစားရသည်။ အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်ခံရပါက ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်များ၊ ြွကက်သားများနာကျင်ခြင်း၊ အား နည်းခြင်း၊ ခြေလက်မသယ်ချင်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဗိုက် အောင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အချို့လူနာများတွင်မူ ခန္ဓာ ကိုယ်တွင် အနီကွက်များထွက်လာခြင်း၊ မျက်လုံးများနီလာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက် ရှူကျပ်ခြင်း၊ အစာမျိုရခက်ခြင်း၊ ခန္ဓာကိုယ်အတွင်းနှင့်အပြင်တွင် သွေးယိုစိမ့်ခြင်း စသည့်ရောဂါလက္ခဏာများကိုခံစားရမည်ဖြစ်သည်။ ထိုကဲ့သို့ရောဂါလက္ခဏာများကိုခံစားပြီး နောက်ဆုံးတွင် အသက် ဆုံးရှုံးခြင်းကိုပါဖြစ်စေနိုင်သောပြင်းထန်သည့်ရောဂါဖြစ်သည်။
ဓာတ်ခွဲခန်းဆေးစစ်ချက်များတွင်မူ သွေးဖြူဥလျော့နည်း ခြင်း၊ အသည်းအင်ဇိုင်းများမြင့်တက်နေခြင်းတို့ကိုတွေ့ရှိရတတ်သည်။
ကူးစက်ခံရနိုင်ခြေမြင့်သူများ
– အာဖရိကတိုက်အတွင်းအီဘိုလာဖြစ်ပွားရာဒေသသို့ သွား ရောက်သူများ
– အာဖရိကနှင့် ဖိလစ်ပိုင်တို့မှဖမ်းဆီးလာသော မျောက်၊ ချင်ပန်ဇီအစရှိသောသတ္တဝါများနှင့် စမ်းသပ်စစ်ဆေးမှု ပြုလုပ်သူများ (Researchers)
– ရောဂါကူးစက်ခံနေရသောလူနာများအား စောင့်ရှောက် ပေးရသူများ
– အီဘိုလာကြောင့်သေဆုံးသွားသောလူနာများအား မြေမြှုပ် ပေးရသူများတွင် ရောဂါကူးစက်ခံရနိုင်ခြေမြင့်မားသည်။
WHO ၏အဆိုအရ ဓာတ်ခွဲခန်းအတွင်းရောဂါပိုးရှိသော သွေးများကိုစစ်ဆေးရာတွင်လည်း အထူးသတိပြုလုပ်ဆောင်ရန် လည်းလိုအပ်သည်။ အီဘိုလာဗိုင်းရပ်စ်ရောဂါသည် အလွန်ပြင်းထန် သောဇီဝလက်နက်တစ်မျိုးဖြစ်သည့်အလျောက် အလွန်ပင်အထူး သတိပြုရန်လိုအပ်သည်ဟုဆိုသည်။
ကုသခြင်း
လက်ရှိအချိန်တွင်မူအီဘိုလာရောဂါကိုပျောက်ကင်း အောင်ကုသနိုင်သောဆေးဝါးမျိုးမရှိသေးချေ။ ရောဂါခံစားနေရသောလူနာ၏လက္ခဏာများကိုသက်သာစေသောအထောက်အကူပေး သောကုသခြင်းမျိုးသာပြုလုပ်နိုင်သည်။ လိုအပ်သောဓာတ်ဆားများ သွင်းပေးခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ သွေးပေါင်ထိန်းညှိပေးခြင်း၊ အခြားရောဂါများမဝင်စေရန် ဂရုပြုပေးခြင်းတို့ကိုသာ ပြုလုပ်နိုင် သည်။ ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ စမ်းသပ်ဆဲဆေးဝါးများကို ရောဂါပိုးရှိသောတိရစ္ဆာန်များတွင် စမ်းသပ်နေသော်လည်း လူသား တို့ကိုစမ်းသပ်နိုင်ခြင်းမရှိသေးချေ။
ကာကွယ်ခြင်း
အီဘိုလာဗိုင်းရပ်စ်ရန်မှကာကွယ်ရန်၊သို့မဟုတ် လျော့နည်းရန်အတွက်မူ အောက်ပါနည်းလမ်းများကိုအသုံးပြုသင့်သည်။
– ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် လိုအပ်သော အကာအကွယ်ပစ္စည်းများ (မျက်နှာဖုံး၊ လက်အိတ်၊ ခေါင်း စွပ်၊ မျက်မှန်) တို့ကိုစနစ်တကျဝတ်ဆင်ခြင်း။
– ရောဂါပိုးနှင့်ထိတွေ့ထားသောအရာများကို စနစ်တကျစွန့် ပစ်ခြင်း၊ ပိုးသတ်ခြင်းတို့ကိုပြုလုပ်ခြင်း။
– အီဘိုလာကူးစက်ခံရသူများကိုသီးသန့်ခွဲခြားပြီး ကြပ်မတ် စွာကုသမှုပေးခြင်း။
– ရောဂါပိုးရှိသောတိရစ္ဆာန်များကို ကိုင်တွယ်ရာတွင်လည်း စနစ်တကျကိုင်တွယ်ခြင်း။
– တစ်ကိုယ်ရေကျန်းမာရေးကိုအထူးဂရုပြုရခြင်းတို့ကိုပြု လုပ်ခြင်းဖြင့် ရောဂါကူးစက်မှုနှုန်းလျော့နည်းစေနိုင်မည် ဖြစ်သည်။
Author – ဒေါက်တာထက်ဝေ