လှုပ်ရှားမှုနည်းသောဘဝနေထိုင်မှုပုံစံ

တိုးတက်ပြောင်းလဲလာသောပတ်ဝန်းကျင်အခြေအနေများနှင့်အတူ လူသားတို့၏နေထိုင်မှုစရိုက်ပုံစံများလည်း လိုက်လျောညီထွေစွာ ပြောင်းလဲလာကြသည်။ကွန်ပျူတာများ၊မိုဘိုင်းဖုန်းများစသည့်အီလက်ထရွန်နစ်ပစ္စည်းများသည် လူသားတို့အတွက် မရှိမဖြစ် အရေးပါသောနေရာများမှ ပါဝင်လာကြသည်။ ထိုသို့သောအရာ များကို အသုံးပြုခြင်းဖြင့်လုပ်ငန်းဆောင်တာများတွင်လွယ်ကူလျင် မြန်လာစေသော်လည်းလူသားများ၏ပုံမှန်လှုပ်ရှားသင့်သည့်အလေ့အထများ လျော့နည်းမှန်းမသိ လျော့နည်းလာခဲ့ခြင်းဖြင့်ကျန်းမာ ရေးကိုတစ်ထောင့်တစ်နေရာမှခြိမ်းခြောက်နေခဲ့ပြီဖြစ်သည်။တစ်နည်းအားဖြင့်ဆိုသော် ပုံမှန်လှုပ်ရှားမှုလျော့နည်းသောနေထိုင်မှု ပုံစံ (Sedentary Lifestyle) များအဖြစ် ပြောင်းလဲလာကြသည်။

နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလျော့နည်းသော၊ သို့မဟုတ် လှုပ်ရှားမှုလုံးဝမရှိသောနေထိုင်မှုပုံစံကို Sedentary Lifestyle ဟုခေါ်ဆိုရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် အထိုင်များခြင်း၊ စာဖတ် များခြင်း၊ တီဗီအကြည့်များခြင်း၊ကွန်ပျူတာအသုံးပြုမှုများခြင်းစသည်တို့ကြောင့်ကိုယ်လက်လှုပ်ရှားမှုများ လျော့နည်းလာခြင်းဖြစ်သည်။ထိုသို့သောနေထိုင်မှုပုံစံများများပြားလာခြင်းကြောင့်ပင်လူ့ခန္ဓာကိုယ်အတွင်းရှိသွေးလည်ပတ်မှုများ လျော့နည်းလာစေပြီး ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်ပေါ်လာစေသည်။
အထိုင်များခြင်းကြောင့်လည်း သက်တမ်းမစေ့ခင် အသက် ဆုံးရှုံးခြင်းများဖြစ်ပေါ်စေနိုင်သည်။ အဓိကအားဖြင့်တစ်နေ့လျှင် လေးနာရီထက်ပိုမိုအထိုင်များသူများ၊အဝလွန်သူများ၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းမရှိသူများတွင်ပိုမိုအဖြစ်များသည်ကို တွေ့ရသည်။အထိုင်များခြင်းသည်ကုသရန်ခက်ခဲသောနာတာရှည်ရောဂါများကိုပင် ဖြစ်ပေါ်စေနိုင်သည်။ လေ့လာဆန်းစစ်ချက်များအရတစ်နေ့လျှင်၁၁နာရီထိုင်သူများသည် လေးနာရီထိုင်သူများထက် ရောဂါ ဖြစ်နိုင်စွမ်း၄၀ရာခိုင်နှုန်း ပိုများကြောင်းတွေ့ရှိရသည်။ ထို့ကြောင့်ပင် အထိုင်များသူများသည်တစ်ပတ်လျှင်အနည်းဆုံးငါးနာရီမျှကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများပြုလုပ်သင့်သည်။
Sedentary Lifestyle ကြောင့် သွေးတိုးရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ၊ သွေးခဲခြင်း၊ ဆီးချိုရောဂါ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ အရိုးပွ ရောဂါ၊ အဆီဓာတ်များခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိသည့်ရောဂါများစွာကိုဖြစ်ပေါ်စေနိုင်သည်။ တီဗီ၊ ကွန်ပျူတာ၊ မိုဘိုင်း စသည်တို့ကို ကြည့်ရှုခြင်းအားဖြင့် အချိန်များစွာကုန်လွန် စေသောသူများသည် ကျန်းမာရေးအတွက်ကြီးစွာသောထိခိုက်မှု များကို ဖြစ်ပေါ်စေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အထိုင်များသောအလုပ်တာဝန်များ မှ ဝေးရာသို့ရှောင်နေခြင်း၊ အလုပ်ထွက်ခြင်းတို့ကိုပြုလုပ်ရန်မှာလည်း မဖြစ်နိုင်ချေ။ ထို့အတွက်ကြောင့် ပုံမှန်လှုပ်ရှားမှုနည်းသောနေထိုင် မှုဘဝပုံစံမှ သက်သာလျော့နည်းစေရန်အတွက် ကျန်းမာရေး လေ့ကျင့်ခန်းတချို့ကိုပြုလုပ်သင့်ပေသည်။
– အလုပ်စားပွဲအစား လေ့ကျင့်ရေးဘောလုံးကို အသုံးပြုပါ။ တစ်နေကုန်အလုပ်တွင်ထိုင်ကာ အလုပ်လုပ်နေရသူများအနေဖြင့်အိမ်တွင်လေ့ကျင့်ရေးဘောလုံးဖြင့်ဖြစ်စေ၊ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများဖြစ်စေ တစ်နေ့ လျှင် ၁၅ မိနစ်ခန့်မျှ ပြုလုပ်သင့်သည်။ သို့မှသာ အညောင်းအညာမိခြင်း၊ ခါးနာခြင်း စသည်တို့မှ ကင်းဝေးပြီး သွေးလည်ပတ်မှုကောင်းကာ ကျန်းမာစေ နိုင်မည်ဖြစ်သည်။
– အလုပ်ခွင်အတွင်းတွင်ဖြစ်နိုင်မည်ဆိုပါကကိုယ်လက်ညောင်းညာလာခြင်း၊စိတ်ညစ်ညူးလာခြင်းများ ဖြစ်ပေါ်လာပါကမိနစ်အနည်းငယ်မျှလမ်းလျှောက်ခြင်း၊ လှုပ်ရှား ခြင်းများပြုလုပ်သင့်သည်။
– အစာစားချိန်များတွင် ကွန်ပျူတာအဝေးတွင်သာနေပါ။ စိတ်ရောကိုယ်ပါအပန်းဖြေခြင်းဖြင့် အနားယူသင့်သည်။ အနီးစပ်ဆုံး ကော်ဖီဆိုင်၊ သို့မဟုတ် စားသောက်ဆိုင်တစ်ခု ခုသို့ လမ်းလျှောက်ကာ သွားရောက်စားသောက် သင့်သည်။
– ဖုန်းပြောဆိုသည့်အချိန်များတွင်လည်း ရုံးခန်းအနီးတစ်ဝိုက် တွင် လမ်းလျှောက်ခြင်းပြုလုပ်ပါ။
– သင့်မိတ်ဆွေသူငယ်ချင်းများထံသို့လည်း အရေးကြီးသည့် ကိစ္စများမှလွဲပြီး ဖုန်းဆက်ခြင်း၊ အီးမေးလ်ပို့ခြင်းတို့အစား ကိုယ်တိုင်သွားရောက်လည်ပတ်ပါ။
– သင့်လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ဆွေးနွေးစရာများ ရှိပါကလည်း လမ်းအတူတူလျှောက်ခြင်းဖြင့် ဆွေးနွေး ခြင်းကို တစ်ခါတစ်ရံပြုလုပ်ပါ။
– နေ့စဉ် ဓာတ်လှေကားအသုံးပြုမည့်အစား ပုံမှန်လှေကား ကို အချိုးညီညီအသုံးပြုပါ။
– လုပ်ငန်းခွင်အတွင်းတွင် ကျန်းမာရေးအထောက်အကူ ပြုအစီအစဉ် (လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ တောင် တက်ခြင်း) စသည်တို့တွင်လည်း တက်ကြွစွာပါဝင်ဆင်နွှဲ ပါ။
– အလုပ်ချိန်ပြင်ပတွင် ပုံမှန်လေ့ကျင့်ခန်းများကို အချိန်မှန် မှန်ပြုလုပ်ပါ။
အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာများကိုပြုလုပ်လေ့ကျင့်ခြင်းဖြင့် အထိုင်များသော၊ ပုံမှန်လှုပ်ရှားမှုနည်းသော လူနေမှုဘဝပုံစံကို ခုခံကာကွယ်နိုင်မည့်အပြင် လူ့သက်တမ်းစေ့ နေနိုင်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။

-- Advertisement --
READ :   ခံတွင်းအနံ့ဆိုးခြင်း

Comments

Loading...
-- Advertisement --