ကျွန်တော်တို့မြန်မာနိူင်ငံတွင် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းအမျိုးမျိုးကို နည်းမျိုးစုံ ပြုလုပ်လျှက် အသုံးပြုနေကြပါသည်။ စီးကရက်၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းယာထဲတွင် ဆေးထည့်စားခြင်းတို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေပါသည်။ အသက်ကို သေစေနိူင်သည်အထိ အန္တရာယ်ရှိနိူင်ပါသည်။
ဆေးလိပ်၏ အခိုးအငွေ့များတွင်ပါဝင်သော ပစ္စည်းများ
ဆေးလိပ်၏ အခိုးအငွေ့များတွင် ဓာတ်ပစ္စည်းအမျိုးပေါင်း ၄၃၀၀ ကျော် ပါဝင်ပါသည်။ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုက်၊ ကတ္တရာ၊ အမိုးနီးယားနှင့် ဘင်ဇင်းဓာတ်များသည် ကျန်းမာရေးအန္တရာယ် ဖြစ်စေပါသည်။ နီကိုတင်းဓာတ်သည် အလွန်စွဲလမ်းစေသော ပစ္စည်းဖြစ်ပြီး မသောက်ရမနေနိူင်သည်အထိ ဖြစ်တတ်ပါသည်။
ဆေးလိပ်ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ
ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် နှလုံးသွေးရပ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်း၊ ပါးစပ်၊ လျှာ၊ အစာပြွန်လေမျိုပြွန်ဝ၊ ဆီးအိမ်ကင်ဆာနှင့် အခြားကင်ဆာများ ဖြစ်ပွားခြင်း၊ ခြေပုပ်၊ လက်ပုပ်ရောဂါဖြစ်ခြင်းနှင့် အမျိုးသားများတွင် အိမ်ထောင်ရေးသုခ အပြည့်အဝ မခံစားနိူင်ခြင်းများ ခံစားရနိူင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်ဆေးရွက်ကြီးသုံးခြင်း အန္တရာယ်
အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းပြုလုပ်ပါက သားပျက်သားလျှောခြင်း၊ သွေးသွန်ခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ မွေးရာပါ ချို့ယွင်းချက်ပါလာခြင်း၊ မီးတွင်းကလေး သေဆုံးခြင်း၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းနှင့် ကလေးခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်းများ ဖြစ်ပွားတတ်ပါသည်။
ဆေးလိပ်သောက်ခြင်းနှင့် ပတ်ဝန်းကျင် အန္တရာယ်
ဆေးလိပ်သောက်သုံးသူကြောင့် မိမိတွင်သာမက ပတ်ဝန်းကျင်ရှိ လူများကိုလည်း အန္တရာယ်ပေးနိူင်ပါသည်။ ဆေးလိပ်ငွေ့ကို ရှူရှိက်ရခြင်းကြောင့် လသားကလေးငယ်များ ရုတ်တရက်သေဆုံးခြင်းနှင့် အဆုတ်ရောဂါဖြစ်တတ်ပါသည်။ ကလေးများတွင် ရင်ကျပ်ပန်းနာဖြစ်ခြင်း၊ နားပြည်ယိုခြင်းနှင့်အဆုတ်ပြွန်ရောင်ခြင်းများ ခံစားရတတ်ပါသည်။ အများပြည်သူနှင့် ဆိုင်သောနေရာများ (ဥပမာ – ဘူတာရုံ၊ သင်္ဘောဆိပ်ရုံး၊ ကျောင်း၊ ကားဂိတ်) တွင် ဆေးလိပ်သောက်ခြင်းကြောင့် ပတ်ဝန်းကျင်ရှိ လူများ ဆေးလိပ်ငွေ့ကို ရှူရှိက်ရခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေပါသည်။
အကြံပြုချက်
ဆေးလိပ်၊ ဆေးရွက်ကြီးကို အစပြုတတ်သောကြောင့် အစမပြုသင့်ပါ။ ကွမ်းစားခြင်းနှင့် ဆေးရွက်ကြီးငုံခြင်းကို ရှောင်ကြဉ်ရပါမည်။ မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်ကို မသောက်သင့်ပါ။ ကွမ်းစားခြင်းနှင့် ဆေးရွက်ကြီးငုံခြင်းကြောင့် သွားများကို ထိခိုက်ပြီး ခံတွင်းကင်ဆာများ ဖြစ်ပွားနိူင်ပါသည်။ ထို့ကြောင့် ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကို သိရှိပြီး ရှောင်ကြဉ်သင့်ကြောင်း အကြံပြုအပ်ပါသည်။
Author; ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး) Healthcare Journal vol 8,no 14