လူရယ်လို့ ဖြစ်လာလျှင် တစ်နေ့တစ်ချိန်တွင် အကြောင်းအရာတစ်ခုကို အကြာင်းပြု၍ စိတ်ဖိစီးမှုများ၊ မွန်းကြပ်မှုများဖြစ်လာသည့်အခါတွင် စိတ်၏ ပြေရာပြေကြောင်းအဖြစ် ထွက်ပေါက်တစ်ခုခုကို ရှာကြံပြီး ဖြေရှင်းတတ်ကြပါသည်။ ထိုအထဲများတွင်မှ အချို့သောသူများသည် ထွက်ပေါက်တစ်ခုအတွက် အဖြေရှာမရသည့် နောက်ဆုံး မိမိကိုယ်ကို သေကြောင်းကြံစည်သည်အထိ လွဲမှားစွာ ဖြေရှင်းတတ်ကြပြန်ပါသည်။ ရခဲလှသော လူ့ဘဝကို အကျိုးမရှိဘဲ အဆုံးရှုံးခံရခြင်းများသည် ထိုသူ၏ အသက်ဆုံးရှုံးရခြင်းအပြင် လူ့အရင်းအမြစ်တစ်ခု ဆုံးရှုံးရမှု ဖြစ်စေပါသည်။ ထိုကဲ့သို့သော ထွက်ပေါက်ရှာခြင်း နည်းအမျိုးမျိုးကို ပြန်လည်သုံးသပ်ကြည့်သောအခါတွင် ကောင်းမွန်သော နည်းလမ်းများဖြင့် ဖြေရှင်းခြင်းများ အားနည်းပြီး ဆိုးရွားသော နည်းလမ်းများဖြင့် ဖြေရှင်းနည်းများကို လူအများမှ သာယာမှုဖြစ်ပြီး ရွေးချယ်လိုကြပါသည်။ ကောင်းမွန်သော နည်းလမ်းများဖြင့် ဖြေရှင်းခြင်းများကို လူအများမှ နှစ်ခြိုက်မှုမရှိကြဘဲ ဆိုးရွားစွာ ဖြေရှင်းနည်းလမ်းများကို လူအများက သာယာနှစ်သက်မိကြပါသည်။ ထိုကဲ့သို့ ဆိုးရွားသည့် နည်းလမ်းဖြင့် စိတ်၏ထွက်ပေါက်ရှာလိုုသူများသည် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ဖြစ်သည့် Psycho social support လိုအပ်နေပါသဖြင့် မိတ်ဆွေအပေါင်းအသင်းနှင့် မိသားစုဝင်များမှ လိုအပ်သလို ပံ့ပိုးပေးမှု အထူးလိုအပ်လှပါသည်။ ထိုသို့ မပြုလုပ်ပေးပါက ဆိုးရွားသော အမှုများကို ဆက်လက်ပြုမူလာနိုင်ပြီး ထိုသူပင်မက ပတ်ဝန်းကျင်နှင့် မိသားစုကိုပါ ဆိုးကျိုးများ ဖြစ်လာစေနိုင်ပါသည်။
ကောင်းမွန်သော ဖြေရှင်းနည်းလမ်းများဖြစ်သည့် မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ဘာသာရေး သာသနာရေးများ ပြုလုပ်ခြင်း၊ လူမှုရေးနှင့် ပရဟိတများ ပြုလုပ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းများအပြင် မိမိတစ်ဦးတည်း ပြုလုပ်လိုပါက ကဗျာများ၊ စာများ ရေးသားခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်းသီဆို တီးမှုတ်ခြင်းများ ပြုလုပ်ပြီး မိမိ၏စိတ်ကို တည်ငြိမ်အေးချမ်းလာအောင် ပြုလုပ်နိုင်ပါသည်။ ထိုအခါတွင် မိမိတို့၏ အပူမီးများ ငြိမ်းအေးသွားပြီး ဆိုးရွားသော စိတ်ထွက်ပေါက်ရှာခြင်းများဖက်သို့ ဦးလှည့်မသွားနိုင်တော့ပါ။ သို့သော် အမျိုးသားများမှာမူ စိတ်၏ ထွက်ပေါက်ရှာခြင်းများကို အလွယ်တကူ ရွေးချယ်တတ်ကြရာ ဆိုးရွားသော ဖြေရှင်းနည်းလမ်းကိုသာ ရွေးချယ်နှစ်ခြိုက်တတ်ကြပါသည်။ ထိုနည်းလမ်းများမှာ ပြည့်တန်ဆာများနှင့််ဆက်ဆံခြင်း၊ နိုက်ကလပ်နှင့် ကာရာအိုကေများ၊ မာဆတ်များသို့သွားရောက်ခြင်း၊ အရက်သောက်ခြင်းနှင့်် စင်တင်တေးဂီတများသို့ သွားရောက်ခြင်း၊ လောင်းကစားများလုပ်ခြင်း၊ မူးယစ်ဆေးများသုံးစွဲခြင်း စသည့်ဆိုးရွားသော နည်းလမ်းများကိုသာ ရွေးချယ်ပြီး ဖြေရှင်းလေ့ရှိကြပါသည်။ ယနေ့ခေတ်တွင် ပြည့်တန်ဆာအများစုနှင့် လိင်လုပ်ငန်းများဖျော်ဖြေရေးများတွင် ရှိနေကြသည့် လုပ်သားများတွင် ကူးစက်နိုင်သော ရောဂါများအပြင် အများစုမှာ HIV နှင့် ဆက်နွယ်လျက်ရှိနေသည်ကို သတိမမူမိကြပါ။
လုံလောက်သော အကာအကွယ်မယူထားကြသည့် အမျိုးသားများအဖို့ လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မိကြသည့် အခါတွင် ကူးစက်နိုင်သည့် အန္တရာယ်မျိုး ကျရောက်လာနိုင်ပါသည်။ ထို့အပြင် ရောဂါပိုးများသည် မိမိမှတစ်ဆင့် ဇနီးနှင့် သားသမီးများသို့ ကူးစက်အန္တရာယ် ထပ်မံကျရောက်လာနိုင်သည်ကိုလည်း သတိတစ်ခုဖြင့် ဆင်ခြင်ထားသင့်ပါသည်။ ထိုသို့ စိတ်၏ ထွက်ပေါက်ကို လွဲမှားစွာ ဖြေရှင်းနေကြသူများထဲတွင် သာမန်လူများပင်မကပဲ HIV ရှိနေသူများလည်း ပါဝင်နေတတ်ကြပါသည်။ သာမန်လူများ စိတ်ဖိစီးမှုရှိနေခြင်းထက် HIV ရှိနေသူများ၏ စိတ်ဖိစီးမှုသည် ပိုကြီးမားတတ်ကြပါသည်။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် အခါတွင်လည်းကောင်း၊ ငွေကြေးအင်အား ပြည့်စုံလာသည့်အခါတွင်လည်းကောင်း၊ စိတ်ဖိစီးမှုများ ထပ်မံကြုံတွေ့လာသည့်အခါတွင်လည်းကောင်း မှန်ကန်သော ဖြေရှင်းနည်းလမ်းကို အသုံးပြုရမည်ထက် လွှဲမှားသော ဖြေရှင်းနည်းလမ်းများကို ရွေးချယ်တတ်ကြပါသည်။ များသောအားဖြင့် အရက်သေစာနှင့် မူးယစ်ဆေးဝါးများ ပြန်လည်သုံးစွဲမှုဖြင့် ဖြေရှင်းကြလေ့ရှိပါသည်။ အရက်နှင့် ဘီယာ စသည်တို့သည် လူ၏အသည်းကို ဖျက်စီးတတ်လေရာ သာမန်လူများထက် HIV ရှိသူများ၏ အသဲကို ပိုမိုထိခိုက်စေပါသည်။ မိမိတို့ သောက်နေရသော ART ဆေးဝါးများသည် အသည်းကို အနည်းနှင့် အများထိခိုက်ထားပြီးသားဖြစ်သောကြောင့် ထပ်မံ၍ အရက်၏ဆိုးကျိုးကို အသဲမှ နှစ်ထပ်ကွမ်း ထပ်မံခံစားရတတ်ပါသည်။ အချို့သည်လည်း ART ဆေးနှင့် အရက်ကို တွဲဖက်မသောက်လျှင် ဘာမှ မဖြစ်ပါဘူးဟု လွဲမှားစွာ ခံယူတတ်ခြင်းသည်လည်း မိမိ၏ ကျန်းမာရေးကို ပိုမိုထိခိုက်လာနိုင်ကြောင်း သိထားသင့်ပါသည်။
အမျိုးသားပင်မက အချို့ အမျိုးသမီးတို့သည်လည်း အရက်သောက်ပြီး စိတ်ဖိစီးမှုများကို ဖြေရှင်းတတ်ကြသလို အချို့သည်လည်း လောင်းကစား ပတ်ဝန်းကျင်သို့ ရောက်ရှိသွားပြီး အရာရာတွင် ဆုံးရှုံးမှုများကိုသာ ခံစားရလေ့ရှိပါသည်။ အဆိုးရွားဆုံးမှာ မိမိကိုယ်ကို အဆုံးသတ်စီရင်ခြင်းသည် အကြီးမားဆုံးသော ဆုံးရှုံးမှု ထွက်ပေါက်ရှာခြင်းပင် ဖြစ်သည့်အတွက် မည်သို့မျှ မပြုအပ်သော ထွက်ပေါက်ကြီးပင် ဖြစ်ပါသည်။ လူဆိုသည်မှာ စိတ်နှင့် ရုပ်တွဲလျက် တည်ဆောက်ထားသဖြင့် မည်သူမဆိုပင် စိတ်နှင့် ရုပ်ကို ထိခိုက်လာနိုင်မည့် အရေးများကို တစ်နေ့မဟုတ် တစ်နေ့ တွေ့ကြုံလာရမည်သာ ဖြစ်ပါသည်။ ထိုအခါမျိုးတွင် ကောင်းမွန်သော ဖြေရှင်းနည်းလမ်းဖြင့် ဖြေရှင်းပြီး ထွက်ပေါက်ရှာနိုင်ရန် ကြိုတင်လေ့ကျင့်ထားသင့်ပါသည်။ HIV ရှိနေသူများအဖို့ သာမန်လူများထက် စိတ်ဖိစီးမှုများကို အကြိမ်ကြိမ် ထပ်ကာထပ်ကာ ကြုံတွေ့ခံစားရလေ့ရှိကြပါသည်။ ထိုအခါများတွင် မိမိတို့၏ လူ့ဘဝသက်တမ်းရှည်စေရန် ART ဆေးက ကူညီထောက်ပံ့ပေးပြီးသား ဖြစ်သော်လည်း စိတ်ဖိစီးမှုများကို လွဲမှားသော ဖြေရှင်းနည်းလမ်းများ ထပ်မံပြုလုပ်ပါက လူ့ဘဝသက်တမ်းစေ့ မနေလိုက်ရသည့် အဖြစ်ဆိုးများကိုသာ ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် မည်သူမဆို စိတ်၏ ထွက်ပေါက်ရှာကြရာတွင် မှန်ကန်သော ထွက်ပေါက်ရှာခြင်းများကို ရွေးချယ်အသုံးပြုနိုင်ကြစေရန် ရေးသားလိုက်ခြင်းပင်ဖြစ်ပါသည်။
Author: လှိုင် (PEER)