ဆီးပူညောင်းကျရောဂါ
တချို့သော အမျိုးသားတွေ အမျိုးသမီးတွေမှာ စိတ်မချရတဲ့ လိင်ဆက်ဆံတာတွေကြုံပြီးတဲ့အခါမှာ ဆီးလမ်းကြောင်းကနေ ပြည်ကျတာတွေ ဆီးပူဆီးကျင်ဖြစ်တာတွေ ကြုံရတတ်တယ်။ ဒါကို ဆီးပူညောင်းကျရောဂါလို့ခေါ်ပါတယ်။
ဆီးပူညောင်းကျရောဂါက အမျိုးသားတွေပိုအဖြစ်များတတ်ပေမယ့် အမျိုးသမီးတွေလည်းဖြစ်တတ်ပါတယ်။ ဂနိုရောဂါလို့လည်း နောက်တမျိုးခေါ်ကြသေးတယ်။ အပြည့်အစုံဆိုရင်တော့ ဂနိုးရီးယားရောဂါပါ ကာလသားရောဂါနဲ့ မတူပါဘူး။
ဂနိုရောဂါက Nisseria gonorrhoea ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တာပါ။ လိင်ဆက်ဆံတာကနေ ကူးပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး နှစ်ရက်ကနေဆယ်ရက်အတွင်းမှာ ရောဂါလက္ခဏာ စပြတတ်ပါတယ်။ ဒီရောဂါပိုးက ဆီးလမ်းကြောင်းတလျှောက် အပြင် သားအိမ်ခေါင်းရော အစာဟောင်းအိမ်ရော မျက်စိနဲ့ လည်ချောင်းတွေကိုပါ ရောဂါဖြစ်စေတတ်ပါတယ်။ ထိတွေ့မှုရှိတဲ့ နေရာတိုင်းမှာဖြစ်တာပါ။
အမျိုးသားတွေမှာ ဆီးလမ်းကြောင်းလိင်တံထိပ်ကနေ ပြည်တွေကျတတ်တယ် တခါတလေမှာ ဆီးပူဆီးကျင်ပါဖြစ်တတ်တယ်။ ဗိုက်ထဲရစ်နာတတ်တယ်။ စအိုကလည်းအရည်ကျတတ်တယ်။ အထူးသဖြင့်စအိုကနေတဆင့် လိင်ဆက်ဆံတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာလည်းဖြစ်တတ်ပေမယ့် တော်တော်များများက ဘာရောဂါလက္ခဏာမှ မပြတတ်ကြဘူး။
ရောဂါပိုးဝင်ပြီး ဆေးသေချာမကုဖြစ်ခဲ့ရင် နောက်ပိုင်းတွေမှာတော့ နောက်ဆက်တွဲတွေဝင်လာတတ်ပါတယ်။ ဆီးကျိတ်ယောင်ခြင်း၊ ဆီးအိမ်ယောင်ခြင်၊း သားဥပြွန်တွေယောင်ခြင်း၊ မိန်းမကိုယ်မှာရှိတဲ့ ဘာသိုလင်ဂလင်းယောင်ခြင်း၊ စတာတွေလည်းဖြစ်တတ်ပါတယ်။ ဒါတွေဖြစ်လာတဲ့အခါတော့ ဖျားတာ နာတာ တွေလည်းဖြစ်နိုင်တယ်။
တကိုယ်လုံးမှာလည်း အနီစက်တွေထွက်လာတတ်တယ်။ ခြေဖဝါးနဲ့ လက်ဖဝါးတွေမှာ ပြည်တည်နာလိုလို ယားနာလိုလို တွေပေါက်လာတတ်တယ်။ အဆစ်တွေနာတတ်တယ်။ မျက်စိတွေနာတတ်တယ်။ လည်ချောင်းတွေပါနာတတ်တယ်။
ဒီရောဂါပိုးကူးစက်ခံရပြီး သေချာမကုလို့ရှိရင် နောက်ပိုင်းမှာကလေးရနိုင်ချေပါနည်းပါတယ်။ ကလေးရတဲ့အခါမှာလည်း ကလေးမှ ာမျက်စိနာတာတွေပါဖြစ်လာနိုင်တယ်။ တချို့တွေမှာကျတော့ ဂနိုရောဂါပိုးကြောင့်မဟုတ်ဘဲ ဂနိုလိုပဲ ဖြစ်တတ်တယ်။ non gonococcal infections တွေလို့ပဲ ပြောလို့ရပါတယ်။
တခြားသော ဘက်တီးရီးယားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါမျိုးလည်းဆီးပူညောင်းကျရောဂါလို့ပဲ ပြောရမှာပါပဲ။ ရောဂါလက္ခဏာချင်းတော့ တူတယ်။ ဒါပေမယ့် ပြည်လိုပစ်ပစ်ဆင်းတာတော့ မဟုတ်ဘူး။ အရည်ကျဲတွေဆင်းတတ်တယ်။
ဘာကြောင့်ဖြစ်တယ် သေချာသိဖို့ကတော့ ထွက်တဲ့ အရည်က ဓာတ်ခွဲခန်းပို့ပြီးစစ်ဆေးလို့ရတယ်။ ဆေးလည်းသေချာကုရပါတယ်။ ပိုးသတ်ဆေးသောက်တာ ထိုးတာတွေလုပ်လို့ရတယ်။ ဖြစ်စေတဲ့ အကောင်ပေါ်မူတည်ပြီး ဘယ်လောက်ကြာကြာသောက်ရတယ်ဆိုတာရှိပါတယ်။
ဂနိုရောဂါမှာတော့ တခါတည်းသောက်ရင်ပြီးပေမယ့် တခြားဘက်တီးရီးယားတွေမှာတော့ တပတ်တို့ နှစ်ပတ်တို့သောက်ရပါတယ်။ ဖြစ်နေတဲ့သူတင်မကဘဲ လိင်ဆက်ဆံဖော်ကိုပါကုထားဖို့လိုပါတယ်။ ဆေးကုနေတဲ့အချိန်တွင်းမှာရော တလလောက်တော့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါတယ်။
ဓာတ်ခွဲခန်းပို့ပြီးမစစ်ဆေးချင်ရင်တော့ ပိုးသတ်ဆေးကြာကြာသောက်ဖို့လိုတတ်ပါတယ်။ ဘာလို့လဲ ဆိုရင် ဂနိုမဟုတ်တဲ့ ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်တာက ပိုများနေလို့ပါ။ ဘာကြောင့်ပဲဖြစ်ဖြစ်တော့ ဒီလိုဖြစ်လာတဲ့အခါ တယောက်တည်းကျိတ်ကုမနေဘဲ ဆေးခန်းသေချာပြပြီး ကုသဖို့လိုပါတယ်။
Dr. CST