ကလေးတယောက်နဲ့တယောက်ကြားမှာ အချိန် ဘယ်လောက်ခြားသင့်သလဲ။
ဒီမေးခွန်းဟာ ကလေးတယောက်မွေးပြီးတဲ့ မိခင်တွေအမေးများတဲ့မေးခွန်းပါ။တချို့မိခင်တွေအနေနဲ့ကျတော့လည်း အစစအရာရာ အဆင်ပြေတဲ့အတွက် ကလေး တယောက်နဲ့တယောက်အရမ်းအသက်မကွာအောင်ဆိုပြီး အချိန်သိပ်မခြားဘဲဆက်တိုက်ယူချင်ကြသလို အဆင်မပြေတဲ့မိခင်တွေကျတော့လည်း တယောက်ကလက်လွတ်ရတဲ့အရွယ်ရောက်မှပဲ နောက်တယောက်ထပ်ယူဖို့စဉ်းစားကြပါတယ်။ဆေးပညာရှင်များကတော့ ကလေးမွေးပြီးတာကနေ နောက်ကိုယ်ဝန်ဆောင်တာရဲ့ကြားမှာ ၁၈လ(၁နှစ်ခွဲ)ခြားသင့်တယ်လို့ ပြောထားပါတယ်။ဒါမှသာ မိခင်က သွေးအားပြန်ပြည့် အင်အားပြန်ပြည့်လာပြီး သားအိမ်အခြေအနေကလည်း နောက်ထပ်ကလေးကို ကောင်းစွာ လက်ခံနိုင်တဲ့အနေအထားကိုရောက်မှာမို့လို့ပါ။ခွဲမွေးထားတဲ့သူတွေဆိုရင်လည်း ခွဲတဲ့ဒဏ်ရာကတနှစ်၊တနှစ်ကျော်လောက်မှကောင်းကောင်းကျက်တာမို့လို့ပါ။တအားအလျင်လိုတဲ့မိခင်တွေဆိုရင်တောင် အနည်းဆုံး၁၂လခြားပြီးမှပဲ နောက်ထပ်ကိုယ်ဝန်ထပ်ယူသင့်ပါတယ်။
အဲ့လိုမခြားဘဲနဲ့တန်းယူမယ်ဆိုပါက နောက်ကိုယ်ဝန်ဆောင်တဲ့အခါ ပျက်ကျနိုင်ခြေများတာ၊လမစေ့ဘဲမွေးတာ နဲ့မွေးလာတဲ့ကလေးကပေါင်မပြည့်တာ တွေ ဖြစ်နိုင်ပါတယ်။ဒါ့အပြင် အရင်တခါကခွဲမွေးခဲ့တာဆိုရင် အချိန်သိပ်မခြားဘဲကိုယ်ဝန်ယူလိုက်တဲ့အခါ ခွဲတဲ့ဒဏ်ရာကကောင်းကောင်းမကျက်သေးတာကြောင့် သားအိမ်ကွဲတာမျိုးလည်းဖြစ်နိုင်ခြေရှိပါတယ်။ဒါကြောင့် ကလေးမွေးပြီး ၄၅ရက်ပြည့်တဲ့အခါမှာ ထိုးဆေးထိုးတာ သို့မဟုတ် ဟော်မုန်းတမျိုးတည်းပါတဲ့တားဆေးစားတာ သို့မဟုတ် ပစ္စည်းထည့်တာ စတဲ့ သားဆက်ခြားနည်းလမ်းတခုခုသုံးဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။
သို့သော် ကလေးတယောက်နဲ့တယောက်ကြားမှာ ခြားတဲ့အချိန်ဟာ ငါးနှစ် ထက်လည်းမပိုသင့်ဘူးလို့လည်း ထပ်ပြောထားပါသေးတယ်။အထူးသဖြင့် အသက်အရွယ်ကြီးမှ အိမ်ထောင်ပြုတဲ့သူတွေဆိုရင် ကလေးတယောက်နဲ့တယောက်ကြားမှာ အချိန်အရမ်းခြားသွားပါက မိခင်ရဲ့အသက်ကလည်းပိုကြီးသွားပြီး နောက်ထပ်ကိုယ်ဝန်ရနိုင်ခြေကလည်းနည်းသွားနိုင်ပါတယ်။အသက်ကြီးမှကလေးမွေးတဲ့အခါ မိခင်အနေနဲ့လည်း ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းဖြစ်နိုင်ခြေများပြီး ကလေးအနေနဲ့လည်း ကလေးဉာဏ်ရည်ဖွံ့ဖြိုးမှုထိခိုက်နိုင်ကာ ဒေါင်းရောဂါလိုမျိုးတွေပါလာနိုင်ခြေ ကလည်းပိုများလာနိုင်ပါတယ်။ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးရရင်တော့ ကလေးတယောက်နဲ့တယောက်ကြားထဲမှာ နှစ်နှစ် သို့မဟုတ် နှစ်နှစ်ခွဲလောက်ခြားတာက အဆင်ပြေနိုင်ဆုံးဖြစ်မယ်လို့ ထင်မိပါတယ်။
Dr.528
Unicode Version