မြန်မာပြည်မှာစိတ်ကျရောဂါ အဖြစ်များသလား

27

မိဘပြည်သူတွေ နေထိုင်နေကြတဲ့ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာစိတ်ကျရောဂါသည်တွေ များသလား၊ နည်းသလားသိချင်ကြမယ် ထင်ပါတယ်။ ကျွန်တော်ကလည်းပြောပြချင်ပါတယ်။ ဒီလိုပြောပြရာမှာခန့်မှန်းခြေ၊ ထင်ရာမြင်ရာကိုပြောတာမဟုတ်ဘဲ ၂၀၁၅ ခုနှစ် မေလ ၃၀ ရက်ကနေ ၃၁ ရက်နေ့အထိ Kantawgyi Palace Hotel မှာ ပြုလုပ်ခဲ့တဲ့ International Symposium and Training Workshop on Depression တုန်းကတွဲဘက်ပါမောက္ခ ဒေါက်တာဦးတင်ဦးတင်သွင်းခဲ့တဲ့ စာတမ်းအပေါ် အခြေပြုပြီးတင်ပြသွားမှာ ဖြစ်တဲ့အကြောင်းကြို ပြီးပြောထားချင်ပါတယ်။

ဆရာဦးတင်ဦးရဲ့ တင်ပြချက်အရ မြန်မာပြည်ကလူတစ်ထောင်မှာ ၆ယောက်နီးပါး (တိတိကျကျပြောရရင် ၅.၇ယောက်) လောက်ကစိတ်ကျရောဂါ ခံစားနေကြရတယ်လို့ဆိုပါတယ်။ ဒီဂဏန်းဟာအတိအကျမဖြစ်နိုင်ဘူး၊ အမှန်တကယ်ခံစားနေရတာကဒီထက်ပိုနိုင်တယ်လို့လဲဆိုပါတယ်။ စိတ်ကျရောဂါနဲ့ အတော်လေးပတ်သက်နေတတ်တဲ့ ကိုယ့်ဟာကိုယ်သတ်သေတဲ့ နှုန်းဟာလည်း မြန်မာပြည်မှာ မြင့်တက် လာနေတာကိုတွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကလူတစ်သိန်းမှာသတ်သေတဲ့နှုန်းက ၁.၉၆ ရှိခဲ့တာကနေ ၂၀၁၂ မှာ ၂.၅၅၊ ၂၀၁၃ မှာ ၃.၀ အထိ မြင့်တက်လာတာကိုတွေ့ရပါတယ်တဲ့။ ဒါတွေကအားလုံးခြုံငုံပြီးပြောတဲ့ကိန်းတွေပါ။

သီးခြားအုပ်စုအလိုက် လေ့လာတွေ့ရှိချက်တွေကိုလည်းတင်ပြသွားပါတယ်။

HIV ပိုးကူးစက်ခံထားရသူတွေမှာဆိုရင်တော့ စိတ်ကျရောဂါကိုပိုးရှိသူတွေရဲ့ ၄၆.၆၇% လောက်မှာခံစားနေကြရတာကိုတွေရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ ဝင်ငွေနိမ့်ပါးသူတွေ၊ ပညာရေးချို့တဲ့သူတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေနဲ့ လူမှုရေးအထောက်အပံ့နည်းပါးသူတွေမှာပိုပြီးတွေ့ရတတ်တယ်လို့ဆိုပါတယ်။ မီးဖွားပြီးစမိခင်တွေမှာတော့ ၅ ယောက်မှာတစ်ယောက်လောက်ဟာမီးဖွားပြီး ၆ပတ်ကနေ ၈ပတ်အတွင်းမှာ စိတ်ကျရောဂါ လက္ခဏာတွေ ခံစားရတာကိုတွေ့ရတတ်တယ်လို့ဆိုပါတယ်။

လေဖြတ်ထားတဲ့ လူနာတွေကို နှစ်ရှည်လများ ပြုစုလာခဲ့ကြရတဲ့ လူနာရှင်တွေမှာလည်းဒီစိတ်ကျရောဂါကိုခံစားတတ်ကြရတာကိုတွေ့ရပါတယ်။ ၃၆.၅% သောလူနာရှင်တွေမှာတွေ့ရတတ်တာပါ။ မနည်းလှတဲ့ ဖြစ်ပွားနှုန်းပါ။ ဒီလိုပြုစုပေးရတဲ့သူတွေဟာအပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်နေရင် အိမ်ထောင်သည်တွေထက် စိတ်ကျရောဂါခံစားရဖို့ ၂ ဆလောက် ပိုပြီးအလားအလာရှိနေပါတယ်။ ဒီလိုဘဲAUTISM လို့ခေါ်တဲ့ ကလေးဘဝကစပြီးတဖြည်း ဖြည်းဖြစ်လာတတ်တဲ့အထီးကျန်စိတ်ဝေဒနာရှင်တွေကို ပြုစုရတဲ့ မိခင်တွေနဲ့ သူငယ်ပြန်နေတဲ့ သူတွေကို ပြုစုရတဲ့သူတွေကိုလေ့လာကြည့်တော့ ၃ ယောက်မှာတစ်ယောက်လောက် ဒီရောဂါနဲ့ ပတ်သက်နေတတ်တာကိုတွေ့ရပါတယ်။

သီးခြားလေ့လာမှု တစ်ခုမှာတော့ မြောက်ဒဂုံကအသက်အရွယ်ကြီးရင့်သူ ၁၁၀၆ ယောက်ကိုလေ့လာရာမှာတော့ ၃.၁% လောက်မှာဒီရောဂါကိုတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် အလုပ်လက်မဲ့ဖြစ်တာ၊ တစ်ယောက်ထဲအထီးကျန်နေရတာ၊ နာတာရှည်ရောဂါရှိနေတာ၊ မသန်မစွမ်းဖြစ်နေတာတွေနဲ့လည်းအဲဒီသက်ကြီးစိတ်ကျရောဂါဟာပိုပြီးပတ်သက်တတ်တာကိုတွေ့ခဲ့ကြပါတယ်။

မသန်မစွမ်းဖြစ်တယ်ဆိုလို့ အသက်မကြီးပေမယ့် ထိခိုက်ဒဏ်ရာကြောင့်၊ ရောဂါတစ်ခုခုကြောင့် ခြေလက်တစ်ခုခု ဖြတ်တောက်ခံရရင်လည်းစိတ်ကျရောဂါအတော်လေးခံစားရတတ်တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ တွေ့ရတဲ့ရာနှုန်းက၆၅% ဆိုတော့ ၃ ယောက်မှာ ၂ ယောက်လောက်ဖြစ်နေတာပါ။အမျိုးသမီးတွေ၊ အိမ်ထောင်ဦးစီးတွေ၊ သန်စွမ်းတဲ့ဘက်ကိုထိခိုက်တာဆိုရင် (ဥပမာညာသန်လူတစ်ယောက် ညာလက် အဖြတ်ခံရရင်)၊ ရောဂါကြောင့် မဟုတ်ဘဲထိခိုက်ဒဏ်ရာကြောင့် ဖြစ်တာဆိုရင် ပိုပြီးစိတ်ကျရောဂါ ခံစားရဖို့ အလားအလာရှိတယ်လို့ဆိုပါတယ်။
အံ့သြစရာကောင်းတာတစ်ခုကဒီလိုစိတ်ကျရောဂါခံစာရတာတွေကို ၂၀၁၄ မှာ မန္တလေးကဒုတိယနှစ် ဆေးကျောင်းသား၊ ဆေးကျောင်းသူတွေကိုလေ့လာခဲ့တဲ့ အခါမှာတွေ့ရှိရတဲ့ အဖြေပါ။ ၂၅.၇% လောက်ကခံစားနေကြရတာကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၅ လေ့လာချက်တစ်ခုအရဘိန်းဖြူစွဲနေလို့ မက်သဒုံးအစားထိုးဆေးသောက်နေတဲ့ သူတွေမှာတောင် ၁၇.၂၇% ဘဲရှိတာပါ။ ဆေးကျောင်းသား၊ ဆေးကျောင်းသူတွေရဲ့ ဘဝကိုခန့်မှန်းလို့ရနိုင်လောက်ပါတယ်။
အထက်ကရေးခဲ့တာတွေကိုကြည့်ရင် ကျွန်တော်တို့မြန်မာတွေဟာဒီနေရာမှာတော့ ကမ္ဘာနဲ့ ရင်ဘောင်တန်းလိုက်နိုင်နေတာတွေ့ရပါတယ်။ တခြားကိစ္စတွေမှာသာအောက်ဆုံး ၅ နိုင်ငံ၊ ၁၀ နိုင်ငံထဲမှာပါနေတာဒီကိစ္စမှာတော့အပေါ်နားခပ်ရောက်ရောက်မှာနေရာယူနေပါတယ်။

တစ်သက်တာအတွင်း ဖြစ်ပွားနိုင်တဲ့နှုန်းကဂျပန်မှာ ၃% ရှိပြီးအမေရိကန်မှာ ၁၇% ရှိနေတော့ ကျွန်တော်တို့ တိုင်းပြည်အခြေအနေကိုခန့်မှန်းလို့ရမှာပါ။ ဘာလို့ဒီလိုဖြစ်နေရသလဲ။ ဆက်ပြီးဆွေးနွေးကြည့်ရအောင်ပါ။
ဘဝဆိုတာမသေချာတာတွေများပါတယ်။ သေမှာနဲ့ မသေချာတာဘဲသေချာတယ်တဲ့။ ကျွန်တော်တို့ တိုင်းပြည်ကတော့ လူလုပ်တဲ့ မသေချာတာတွေပိုများနေသလားလို့ပါ။ စပါးဈေး၊ ရွှေဈေး၊ ဒေါ်လာဈေး၊ အိမ်ခြံမြေဈေးဘာမှမသေချာပါဘူး။ နောက်ဆုံးနောက်တစ်နှစ်ဒီအချိန်မှာရှိနိုင်မယ့် ကြက်ဥတစ်လုံးဈေးကိုတောင် ကျွန်တော်တို့ မခန့်မှန်းနိုင်ပါဘူး။ အဲဒီအချိန်မှာရှိနေမယ့် သမ္မတတောင် ဘယ်သူမှန်းမှ မသိသေးတာဘဲ။ နောက်ပြီး ကျွန်ေတော်တို့ တိုင်းပြည်မှာအများစုကစိတ်ရောဂါဆိုတာကိုနားလည်လက်ခံမှုမရှိကြပါဘူး။ ဖြစ်ခဲ့ရင်လည်းကုလို့ရမှန်းမသိကြပါဘူး။ ကုဘို့သိပြန်တော့လည်းအထူးကုတွေမရှိတာ၊ ရှိတဲ့နေရာတွေကလက်လှမ်းမမီတာ၊ သွားလာရခက်ခဲတာ၊ ဆေးဖိုးမတတ်နိုင်တာ၊ နောက်ဆုံးဆေးကိုဆေးရုံကအခမဲ့ပေးရင်တောင်မှ သွားယူနိုင်ဖို့ ခရီးစရိတ်မတတ်နိုင်တာ၊ စိတ်ရောဂါဆိုတာနဲ့ ခွဲခြားနှိမ့်ချ ဆက်ဆံတတ်ကြသေးတာတွေဟာအများစုရင်ဆိုင်နေကြရတဲ့အခက်အခဲတွေပါ။ ဆေးကျောင်းမှာတုန်းကစိတ်ရောဂါတွေနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် သင်ဖို့ အချိန်မပေးခဲ့လို့၊ သင်ပေးသလောက်ကိုလည်းစိတ်မပါခဲ့ကြလို့ ဆရာဝန်ဖြစ်လာချိန်မှာစိတ်ရောဂါနဲ့ ပတ်သက်လာရင် ကျွမ်းကျင်မှုနည်းနေတတ်တာတွေဟာလည်းဝန်ဆောင်မှု ပေးတဲ့သူတွေဘက်ကလိုအပ်နေတတ်တဲ့ လိုအပ်ချက်ေတွေပါ။

လက်ရှိအခြေအနေမှာစိတ်ရောဂါကုဆရာဝန် ၂၀၇ဦးရှိနေပါတယ်။ ဒီအထဲမှာ ၄၇ ယောက်ကဘွဲ့လွန်သင်တန်းတက်နေဆဲတွေပါ။ လူဦးရေတစ်သန်းမှာစိတ်ရောဂါကုဆရာဝန် ၄ ဦးလောက်ဘဲရှိနေတာပါ။ ပိုပြီးလိုအပ်တာကတော့ စိတ်ရောဂါအထူပြု သူနာပြုတွေပါ။ လက်ရှိအခြေအနေအရတစ်သန်းမှာ ၃ ဦးလောက်ဘဲမွေးထုတ်ထားပါတယ်။ ကုခန်းစိတ်ပညာရှင်ဆိုရင် တစ်ပြည်လုံးမှာ မှ ၃ ဦးဘဲရှိပါတယ်။ လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် အထူးကုဆိုတာမျိုးဆိုရင်တော့ ကြားတောင် မကြားဘူးကြပါဘူး။

READ :   အပျက်သဘောဆောင် စိတ်ခံစားမှုတွေက ကျန်းမာရေးကို ဘယ်လိုသက်ရောက်လဲ

မရှိတာတွေ၊ နည်းနေတာတွေကို ကြည့်ပြီးစိတ်ဓါတ်ထပ်မကျဖို့တော့ လိုပါတယ်။ ပြဿနာရဲ့ အတိမ်အနက်ကိုသိနေပြီဆိုရင်ဘဲဖြေရှင်းဖို့ တစ်ဝက်ဘဲကျန်တယ်လို့ပြောချင်ပါတယ်။ စိတ်ကျရောဂါဆိုတာကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်တတ်တယ်။ အထက်ကပြောခဲ့တဲ့ တွေ့ရှိချက်တွေအရတစ်ချို့ အခြေအနေတွေမှာပိုပြီးဖြစ်လွယ်တယ်၊ အဖြစ်များတတ်တယ်ဆိုတာကိုသိထားကြဖို့ပါ။ ခေတ်ကြီးကပိုပြီးရှုတ်ထွေးလာလို့ စိတ်ကျရောဂါတွေ ဖြစ်လာနိုင်သလိုတစ်ဘက်မှာလည်းကောင်းကွက်ကတော့ဆေးကောင်းဝါးကောင်းတွေ ပေါ်လာတာပါဘဲ။ အနာသိရင်ဆေးရှိပါတယ်။ အနာဖြစ်တတ်မှန်းသိကြဖို့၊ အနာရှိမှန်းသိကြဖို့နဲ့ အနာဖြစ်တတ်တဲ့ အခြေအနေတွေကိုသိကြဖို့ အသိပေးရေးသားလိုက်ပါတယ်။

မေတ္တာဖြင့်
ဒေါက်တာဌေးအောင်

Comments

Loading...
-- Advertisement --