ပြဿနာဖြေရှင်းနည်း

လူတိုင်း ပူပင်သောကနှင့် ကင်းနိုင်မည် မဟုတ်ပေ။ ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးအားလုံး၌ စိုးရိမ်ပူပန်မှုများ ရှိနေကြမည်ဖြစ်၏။ ပူပင်သောကသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အောက်ဖော်ပြပါ အချက်လေး သုံးချက်ကို လိုက်နာရုံဖြင့် သောကပျောက်၍ ငြိမ်းချမ်းမှု ရောက်စေနိုင်မည်ဖြစ်သည်။

(က) မည်သည့်အရာကို သောကဖြစ်နေတာပါလဲ။ စိုးရိမ်ပူပန်နေတာပါလဲ။
ဒါက လွယ်လွယ်လေးပါဟု ထင်ကောင်းထင်ပါလိမ့်မည်။ မိမိ မည်သည့်ကိစ္စ မည်သည့်အကြောင်း၊ မည်သည့်အရာကို စိုးရိမ်နေရသည်၊ ပူပန်သောကရောက်နေရသည်ကို သိဖို့ခက်မည် မဟုတ်ပါ။ သို့သော် တစ်ခါတစ်ရံ စမ်းတဝါးဝါး မသေချာ၊ မရေရာဘဲ ရှိနေတော့သည်။ ဘာကိုစိုးရိမ်နေမှန်း၊ ဘာကိုပူပန်နေမှန်း၊ ဘာအတွက် သောကခံစားနေရမှန်း တိတိကျကျ မသိဘဲ ဖြစ်နေတတ်သည်။ အနာသိမှ ဆေးရှိသည်ဆိုစကား အတိုင်း အနာသိဖို့ လိုပါသည်။ ဇာစ်မြစ် အတိအကျသိဖို့ လိုအပ်ပါလိမ့်မည်။ သို့ဖြစ်ရာ ပထမဦးဆုံး လိုအပ် သည်မှာ မည်သည့်ပြဿနာဖြစ်ပါသလဲ ဟူသော အဖြေရှာရန် ဖြစ်ပါသည်။

(ခ) အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ပါ။
ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ စဉ်းစားပါ။ မိမိ စိုးရိမ်သောကပူပန်မှုကို မည်သို့ သက်သာစေနိုင်မည်၊ မည်သို့ ပြေပျောက်အောင် ဆောင်ရွက်ရမည်ကို စဉ်းစားအဖြေရှာရန် ဖြစ်၏။
တချို့က ပြောကြသည်။ ထိုင်နေလို့ ဘာမှ ဖြစ်မလားဘူးဟူ၍ ဖြစ်၏။ ဤကိစ္စတွင် ထိုင်နေဖို့လိုပါသည်။ သို့သော် ဒီအတိုင်းထိုင်နေရန်တော့ မဟုတ်ပါ။ စဉ်းစားတွေးတော ကြံဆနေဖို့တော့ လိုပါသည်။ မည်သည့် နည်းလမ်းသည် အကောင်းဆုံးဖြစ်နိုင်မည်ကို အထပ်ထပ် အခါခါ စဉ်းစားတွေးခေါ်ကြံဆရန် ဖြစ်ပါသည်။ နည်းလမ်းများစွာထဲက အကောင်းဆုံးဟု ယူဆရသော နည်းလမ်းကို ရွေးချယ်ပါ။

-- Advertisement --

(ဂ) အကူအညီ ရယူပါ။
မိမိအတွက် ဖြေရှင်းရန် ခက်ခဲပါက ကျွမ်းကျင်သူထံမှ အကူအညီ ရယူပါ။ မိတ်ဆွေသူငယ်ချင်း ဖြစ်ကောင်းဖြစ်မည်။ မိဘများလည်း ဖြစ်နိုင်သည်။ အခြားလူကြီးသူမများလည်း ဖြစ်နိုင်သည်။ စိတ် ပညာရှင်၊ နှစ်သိမ့်ဆွေးနွေးပညာပေးသူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အကူအညီရယူခြင်းမှာ ရှက်စရာမဟုတ်ပါ။ အားငယ် စရာ မဟုတ်ပါ။ အကူအညီ လိုအပ်နိုင်ပါသည်။ မလိုအပ်ဘဲ အကူအညီ မယူမိဖို့သာ အရေးကြီးသည်။ မိမိ စွမ်းဆောင်နိုင်ပါလျက် အပါးခို၊ အချောင်ခိုလို၍ အကူအညီတောင်းခံခြင်းမျိုးတော့ မဖြစ်သင့်ပါ။ လိုအပ်ပါက အကူအညီရယူဖို့ ဖြစ်ပါသည်။
သင့်မှာ မည်သို့သော ပြဿနာမျိုး ရှိနေပါစေ၊ မည်သို့သော စိုးရိမ်ပူပန်ဖွယ်ရာများ ရှိနေပါစေ၊ မည်သို့သော အခက်အခဲ ကြုံတွေ့နေပါစေ ဖော်ပြပါ နည်းလမ်းအဆင့်သုံးသွယ်ဖြင့် ဖြေရှင်းကြည့်ပါ။

Author – ဒေါက်တာဇာနည်

READ :   စိတ်ဝေဒနာလက္ခဏာများနှင့် ကြိုတင်ကာကွယ်ခြင်း

Comments

Loading...
-- Advertisement --