နည်းလမ်းမှန်ကန်စွာ စကားများပါ၊ ရန်ဖြစ်ပါ

12

ဇနီးမောင်နှံအားလုံး (လင်မယားအားလုံး) စကားများဖူး၊ ရန်ဖြစ်ဖူးကြပါလိမ့်မည်။ မဖြစ်ဖူးပါဟုဆိုလျှင် ပတ်ဝန်းကျင်သိမည်ကို ရှက်၍ ငြင်းဆိုခြင်းသာဖြစ်ပါလိမ့်မည်ဟု စိတ်ပညာရှင်များက အတည်ပြုပြောဆို ခဲ့ပါသည်။ အိမ်ထောင်တစ်ခုမှာ အနည်းဆုံး လူနှစ်ဦး ပေါင်းစပ်ထားခြင်းဖြစ်သည်။

လူတစ်ယောက်နှင့်တစ်ယောက်အားလုံးတူညီမှုရနိုင်မည်ဆိုခြင်းမှာလုံးဝမဖြစ်နိုင်ပေ။ ဒေါသ၊ပဋိပက္ခ၊မကျေနပ်မှုစသည်တို့မှာ မလွဲမသွေရှိနေမည်ဖြစ်သဖြင့် စကားများခြင်းနှင့် ရန်ဖြစ်ခြင်းမှာ ရှိနေမည်သာဖြစ်၏။ စကားများခြင်းနှင့်ရန်ဖြစ်ဖြင်းရှိသဖြင့်မသာယာသောအိမ်ထောင်ရေး၊ ပြဿနာအိမ်ထောင်ရေးဟုမဆိုနိုင်သေးပေ။(သို့မဟုတ်)တည်ဆောက်မှုဖြစ်စေသောရန်ဖြစ်ခြင်းနှင့်အကျိုးယုတ်စေသော(သို့မဟုတ်)ပျက်စီးစေသောရန်ဖြစ်ခြင်းဟု နှစ်မျိုးခွဲနိုင်ကြောင်းကျွမ်းကျင်ပညာရှင်များက ဆိုပါသည်။ စကားများခြင်း (သို့မဟုတ်) ရန်ဖြစ်ခြင်းပင်လျှင် အကျိုးရှိနိုင်ပါသလားဟု စောဒကတက်စရာရှိပါသည်။ စကားများခြင်း (သို့မဟုတ်) ရန်ဖြစ်ခြင်းမှပင် အမှန်တကယ် အကျိုးရှိနိုင်ပါသည်။ စကားများခြင်းနှင့် ရန်ဖြစ်ခြင်း မှာ ပိုမိုနားလည်မှု၊ ချစ်ခင်မှု၊သဘောတူညီမှုစသည်တို့ရနိုင်သည်။ဆုံးဖြတ်ချက်အသစ်များ၊ နှစ်ဦးနှစ်ဖက်နားလည်မှုအသစ်များ၊ ကျေနပ်မှုအသစ်များ ပေါ်ထွက်လာနိုင်သည်။ စိတ်ပညာရှင်များက စကားများပါ၊ ရန်ဖြစ်ပါ။ သို့သော် မှန်ကန်စွာ ရန်ဖြစ်ဖို့။ စကားများဖို့ လိုပါသည်ဟု ဆိုပါသည်။ နည်းလမ်းမှန်စွာ ရန်ဖြစ်ရန် အရေးကြီးပါသည်။ လင်နှင့်မယားအတူ ပေါင်းသင်းနေသမျှ စကား များခြင်း၊ ရန်ဖြစ်ခြင်းမှာ ရှိနေကြမည်သာဖြစ်သည်။ ထို့ကြောင့် နည်းမှန်လမ်းမှန်ရန်ဖြစ်ကြရန်သာ တိုက်တွန်းဖို့ ဖြစ်၏။ ရန်ဖြစ်ရာတွင် တစ်ဦးတစ်ယောက်က အရမ်းလွှမ်းမိုးမှုမရှိသင့်ပါ။ ပါဝါ (Power) ကွာခြားမှု နည်းသင့် သည်။ အမြဲတမ်း ရန်လိုသော အပြုအမူများလည်း မရှိသင့်ပါ။ ကိုယ်ထိလက်ရောက် မပြုသင့်ပါ။ ရန်ဖြစ်ခြင်း၊ စကားများခြင်းတွင် နိဂုံး ရှိရပါမည်။ အဆုံးမဲ့ မဖြစ်သင့်ပါ။ တစ်ဦးကိုတစ်ဦး စော်ကားမှု မပြုကြရပါ။ စစ်ကူ တောင်းသည့် အမှုမျိုး မပြုဆောင်ရပါ။ စကားများခြင်း၊ ရန်ဖြစ်ခြင်းမှ နိဂုံးတွင် နှစ်ဖက်နားလည်မှု၊ သဘောတူညီမှု၊ ဆုံးဖြတ်နိုင်မှု စသည်တို့ ရရှိနိုင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် “လင်နှင့် မယား၊ လျှာနှင့် သွား” ဆိုသကဲ့သို့ စကားများခြင်းနှင့် ရန်ဖြစ်ခြင်းတို့မှာ မလွှဲမရှောင်သာ ရှိနေမည်ဖြစ်သည်။ သို့သော် နည်းလမ်းမှန်စွာ ရန်ဖြစ် (သို့မဟုတ်) စကားများကြပါဟု ဆိုလိုက်ပါရစေ။

 

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

 

READ :   မြန်မာပြည်မှာစိတ်ကျရောဂါ အဖြစ်များသလား

Comments

Loading...
-- Advertisement --