ထိန်းချုပ်သင့်သည့် ဒေါသထွက်ခြင်း

7

ကျွန်တော်တို့အားလုံး ဒေါသထွက်ခြင်းကို တွေ့ကြုံခံစားဖူးကြသည်။ စိတ်တိုဒေါသထွက်ခြင်းကိုသာ ကောင်းမွန်သောနည်းလမ်းများဖြင့်ထိန်းချုပ်နိုင်ပါကကျန်းမာရေးအတွက်သာမက လူမှုရေး၊ စီးပွားရေး အတွက်ပါ များစွာအထောက်အကူပြုမည်ဖြစ်သည်။ စိတ်တိုဒေါသ ထွက်လွယ်သူများသည် ကျန်းမာရေးအပြင် ပတ်ဝန်းကျင်အသိုင်း အဝိုင်းနှင့်ဆက်ဆံရေးကိုပါ များစွာထိခိုက်စေနိုင်မည်ဖြစ်သည်။ ဒေါသထွက်ခြင်းကို ထိန်းချုပ်ရန်ကြိုးစားခြင်းသည် လွယ်ကူသော အရာတစ်ခုမဟုတ်သကဲ့သို့စိတ်ရှုပ်ထွေးစေသောအရာတစ်ခုပင် ဖြစ်စေနိုင်သည်။ရုတ်တရက်ဖြစ်ပေါ်လာသော အင်အားကြီးမား သည့် စိတ်စွမ်းအင်တစ်မျိုးအား လွယ်လွယ်ကူကူထိန်းချုပ်နိုင်မည်လော။ သို့သော် နည်းလမ်းပေါင်းများစွာဖြင့်အဖြေရှာပြီး ထိန်းချုပ် နိုင်မည်ဆိုပါကလည်း ကျန်းမာရေးအတွက်သာမက လူမှုဆက်ဆံ ရေး၊ စီးပွားရေးတို့ကိုပါ တိုးတက်စေမည့်အပြင် ဘဝအရည်အသွေး တစ်ခုဖြစ်သော `ပျော်ရွှင်ခြင်း` ဆိုသည့်အရသာကိုပါ ခံစားရရှိနိုင် မည်မှာမလွဲပေ။ ထို့အတွက်ပင် မိမိကိုယ်တိုင်ပြုလုပ်နိုင်မည့် ဒေါသ ထိန်းချုပ်ခြင်းနည်းလမ်းအချို့ကို ရွေးချယ်ဖော်ပြလိုက်ပါသည်။
၁။ အဖြေရှာပါ
မည်သည့်အတွက်ကြောင့်စိတ်တိုဒေါသထွက်ရသည်ကိုအဖြေရှာရန်မှာအခြေခံအကျဆုံးနည်းလမ်းတစ်ခုဖြစ်သည်။လူအများစုသည်ယေဘုယျအားဖြင့်စိတ်ဖိစီးခြင်း၊အိပ်ရေးဝစွာမအိပ်ရခြင်းနှင့်အခြားသောအကြောင်းအရာတို့ကြောင့်ဒေါသထွက်နိုင်သည်။သို့သော်ပိုမိုတိကျသည့်အကြောင်းအရာအဖြေတစ်ခုကို သုံးသပ်နိုင်ရန်မှာ လွန်စွာအရေးကြီးလှသည်။ ဒေါသထွက်စေသည့် အခြေခံအကျဆုံးပြဿနာကို တိကျစွာအဖြေရှာပါ။

၂။ မှတ်တမ်းတင်ပါ

လေ့လာဆန်းစစ်မှုများအရဒေါသထွက်ခြင်းကိုရေးသားမှတ်တမ်းတင်ခြင်းသည်ဆိုးရွားသည့်စိတ်ခံစားမှုများ၊ စိတ်နာကျင် မှုများကို လျော့နည်းသက်သာစေကြောင်း တွေ့ရသည်။ တစ်နည်း အားဖြင့် ရေးသားမှတ်တမ်းတင်ခြင်းသည်ကောင်းမွန်သောလုပ်ရပ်တစ်ခု၊သို့မဟုတ်ဒေါသထွက်ခြင်း၏နောက်ကွယ်ကအကြောင်း အရင်းကို ရှာဖွေနိုင်သောအရာတစ်ခုပင်ဖြစ်သည်။ စိတ်ခံစားမှုများ ကို စာရွက်ပေါ်တွင်ရေးချခြင်းသည် ဆိုးရွားသောခံစားမှုကိုသက်သာ စေသည့်အပြင် ဒေါသထွက်ခြင်း၏အခြေခံပြဿနာကို မည်ကဲ့သို့ စနစ်တကျဖြေရှင်းရမည်ကို သိရှိနိုင်မည်ဖြစ်သည်။

၃။ ပြုမူလုပ်ဆောင်ပါ
ဒေါသထွက်ခြင်းမှ သင်တစ်စုံတစ်ရာသိရှိနိုင်မည်မှာ မလွဲ ချေ။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဒေါသထွက်ခြင်း၏ အဓိက အကြောင်းအရာကိုအဖြေရှာပြီး ထိုမှတစ်ဆင့် ဖြေရှင်းနိုင်မည့် အကြောင်းအရာများကို နားလည်သုံးသပ်ပါ။ ထို့နောက် မည်ကဲ့သို့ ဖြေရှင်းပြုမူလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပါ။ ဒေါသထွက်စေသည့် အကြောင်းအရာများကို ခေါင်းထဲကထုတ်ပစ်ခြင်းနှင့် ပြဿနာများကို စနစ်တကျဖြေရှင်းခြင်းတို့အား တစ်ပြိုင်နက်ပြုလုပ်နိုင်ရန်လည်း အရေးကြီးလှသည်။ သင့်ဘဝထဲမှ ဒေါသထွက်စေသည့်အရာ အားလုံးကိုထုတ်ပစ်ရန်မလိုအပ်သော်လည်း ရေရှည်ထိခိုက်စေနိုင် သောမလိုအပ်သည့်အကြောင်းအရာတိုင်းကို အပြီးအပိုင်မောင်း ထုတ်ရမည်။ သို့မှသာ စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားရရှိနိုင်မည် ဖြစ်သည်။

၄။ ရေရှည်သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ
စိတ်တိုဒေါသထွက်ခြင်းကို လေးနက်စွာရေရှည်တွေးတော နေခြင်းသည် ခံစားချက်ကို ပိုမိုဆိုးရွားစေသည်မှလွဲ၍ မည်သည့် အကူအညီမှပေးနိုင်မည်မဟုတ်ချေ။ လေ့လာဆန်းစစ်မှုများအရ အတိတ်ကာလကဖြစ်ခဲ့သည့် စိတ်တိုဒေါသထွက်ခြင်းများကို ရေရှည် သယ်ဆောင်၍ လိုအပ်သည်ထက်ပိုမိုတွေးတောပါက ကျန်းမာရေး ဆိုင်ရာပြဿနာများဖြစ်သည့် သွေးတိုးရောဂါ၊ နှလုံးရောဂါတို့အပြင် အခြားကျန်းမာရေးဆိုင်ရာရောဂါများကိုပါ ခံစားရရှိနိုင်မည်ဖြစ် သည်။ ထို့ကြောင့် စိတ်တိုဒေါသထွက်ခြင်းကို ရေရှည်ဆုပ်ကိုင် ထားခြင်းထက် ပြဿနာကိုအဖြေရှာဖြေရှင်းခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခုပင်ဖြစ်သည်။

၅။ အထပ်ထပ်ပြောခြင်းကို ရှောင်ကြဉ်ပါ
စိတ်တိုဒေါသထွက်စေသည့်အရာများကို အယုံကြည်ရဆုံး သူငယ်ချင်းတစ်ယောက်ကိုပြောပြခြင်းသည်လည်း ကောင်းမွန်သော နည်းလမ်းတစ်ခုပင်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သင့်ခံစားချက်များ ကို ပိုမိုနားလည်စေခြင်း၊ အဖြေရှာရန်အတွက် တိုင်ပင်ဆွေးနွေးနိုင် ခြင်းတို့အပြင် ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးကို ပိုမိုအားကောင်းစေ မည်ဖြစ်သည်။ သို့သော် ဒေါသထွက်စေသည့်အရာများကို အထပ် ထပ်အခါခါပြောဆိုနေမည်ဆိုပါက သင်နှင့် သင့်သူငယ်ချင်း၏ခံစား ချက်ကိုပိုမိုဆိုးရွားစေသည့်အပြင် စိတ်ဖိစီးစေသည့်ဟော်မုန်းများ လည်း သွေးထဲတွင် ပိုမိုများပြားလာစေနိုင်သည်။ ထို့ကြောင့်ပင် ဒေါသထွက်စရာများကို တိုင်ပင်မည်ဆိုပါက အခြေအနေတစ်ရပ်ကို တစ်ကြိမ်သာ တိတိကျကျပြောဆိုတိုင်ပင်ပြီး အကောင်းဆုံးအဖြေကို ရှာဖွေသင့်ပေသည်။ ဖြေရှင်းပြီးပါကလည်း အထပ်ထပ် ပြောဆိုနေမည့်အစား ပျော်ရွှင်စရာများကိုသာ ဦးတည် ဆွေးနွေးပြီး ဘဝ၏စိတ်ချမ်းသာမှုများကို ခံစားရယူ သင့်သည်။
Ref : Do’s & Don’ts of Dealing with Anger
By Elizabeth Scott, M.S.

READ :   ကပ်ဘေးသဖွယ်ဖြစ်လာသော စိတ်ကစဉ့်ကလျားဖြစ်မှုဝေဒနာ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ