လိင်ဆက်ဆံမှုတွင် ကြုံတွေ့ရသော ဝေဒနာတစ်ခုမှာ နာကျင်မှုပင် ဖြစ်သည်။ နာကျင်မှုဝေဒနာ ခံစားရပြီဆိုရင် ဆန္ဒတက်ကြွမှုနှင့် ပြီးမြောက်မှုတို့ ရရှိနိူင်တော့မည် မဟုတ်ပေ။
အကယ်၍ လိင်ဆက်ဆံစဉ် နာကျင်မှုဝေဒနာ ခံစားရလျှင် အောက်ပါအချက်များကို သတိပြုဆင်ခြင်မှတ်သားရန် လိုအပ်မည်ဖြစ်သည်။
(က) ထိတွေ့ရုံဖြင့် နာကျင်ပါသလား။ သားမွေးလမ်းကြောင်းအတွင်း ထည့်သွင်းရုံဖြင့် နာကျင်ပါသလား။ သို့မဟုတ် အားစိုက်ထည့်သွင်းမှုကြောင့် နာကျင်ပါသလား။
(ခ) နာကျင်မှုသည် စူးရှပါသလား၊ ပူလောင်ပါသလား၊ ထိုးဆွသလို ခံစားရသလား။
(ဂ) အနည်းငယ်မျှ နာကျင်မှုလော၊ ဆိုးဝါးစွာ နာကျင်မှုလော။
(ဃ) တစ်နေရာတည်း၌ နာကျင်ခြင်းလား သို့မဟုတ် နေရာအနှံ နာကျင်နေခြင်းလား။
(င) သားမွေးလမ်းကြောင်းအတွင်း နာကျင်မှုလော၊ သားမွေးလမ်းကြောင်းပြင်ပ နာကျင်မှုလော။
(စ) လိင်ဆက်ဆံသောအခါတိုင်း နာကျင်ပါသလား။
(ဆ) လိင်ဆက်ဆံပြီးချိန်၌ ဆက်လက်နာကျင်နေပါသလား။
(ဇ) နာကျင်မှုသည် တစ်လအတွင်း ဖြစ်လိုက်ပျောက်လိုက် ရှိပါသလား။
(ဈ) အနေအထားပြောင်းလဲမှုသည် နာကျင်မှုကို သက်သာစေပါသလား။
(ည) လိင်ဆက်ဆံမှုကို ဆက်လက်ပြုလုပ်ပါက နာကျင်မှု ပိုဆိုးလာပါသလား။ လျော့နည်းသက်သာသွားပါသလား။
(ဋ) အချိန်မည်မျှကြာအောင် နာကျင်နေပါသလဲ။
ဖော်ပြပါ မေးခွန်းများသည် နာကျင်မှု၏ အကြောင်းအရင်းဇစ်မြစ် ရှာဖွေဖော်ထုတ်ရာ၌ များစွာအရေးကြီးပါသည်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် နာကျင်မှုဝေဒနာ ခံစားရလျှင် မိမိကိုယ်တိုင် မေးခွန်းများကို ဖြေကြည့်ရန် လိုအပ်ပါသည်။
အပေါ်ယံ လှုံ့ဆော်မှုကြောင့် နာကျင်မှု
အင်္ဂါ၏ အပြင်ပအပေါ်ယံကို လှုံ့ဆော်မှု သို့မဟုတ် ထိတွေ့မှုပြုရုံဖြင့် နာကျင်မှုခံစားရပါလျှင် အင်္ဂါရောင်ရမ်းနေမှုကြောင့် ဖြစ်နိူင်ပါသည်။
- ရောဂါပိုးမွှားများ ဝင်ရောက်ခံရခြင်း
- တစ်စုံတစ်ခုနှင့် ဓာတ်မတည့်ခြင်း
- အရေပြား ရောင်ရမ်းခြင်း ( အရေပြားရောဂါ )
- အင်္ဂါ ပူလောင်မှုဝေဒနာ
- Vulvar Vestibulitis အင်္ဂါဝန်းကျင်ရောင်ရမ်းမှု
- Adhesion of Clitoris အင်္ဂါစေ့တွယ်ကပ်နေခြင်း
စသည်တို့ကြောင့် အပေါ်ယံလှုံ့ဆော်မှုဖြင့် နာကျင်မှုဝေဒနာခံစားရစေနိူင်သည်။
သားမွေးလမ်းကြောင်းအတွင်း ထည့်သွင်းမှုကြောင့် နာကျင်ခြင်း
ဤနာကျင်မှု ဝေဒနာသည် …
- အပျိုမြှေးတင်းကျပ်နေခြင်း
- သားမွေးလမ်းကြောင်း ကျုံ့ညှစ်နေခြင်း
- သားမွေးလမ်းကြောင်း ခြောက်သွေ့ခြင်း
- အရေပြားရောဂါတစ်မျိုး Lichen Sclerasus
- သားသမီးမွေးဖွားရာတွင် အင်္ဂါခွဲစိတ်မှုဒဏ်ရာ အမာရွတ်
- သားမွေးလမ်းကြောင်း စုတ်ပြဲမှု၏ အမာရွတ်
- စက်ဘီးစီးခြင်း သို့မဟုတ် မြင်းစီးခြင်း
စသည်တို့ကြောင့် ဖြစ်နိူင်ပါသည်။
အားစိုက်ထည့်သွင်းမှုကြောင့်ဖြစ်သော နာကျင်မှုဝေဒနာ
ဤအမျိုးအစား နာကျင်မှုဝေဒနာမှာ …
- ဆန္ဒတက်ကြွမှုမရှိဘဲ လိင်ဆက်ဆံခြင်း
- မမျိုးဥပေါက်ကြွေစဉ် လိင်ဆက်ဆံခြင်း
- သားအိမ်အတွင်းလွှာ တစ်သျှူးနေရာ လွဲမှားသောရောဂါ Endometriovis
- ဆီးခုံတွင်းပိုင်းအင်္ဂါများ ရောင်ရမ်းခြင်း
- မမျိုးဥအိမ် အရည်အိတ်တည်ခြင်း
- ခွဲစိတ်မှုတစ်ခုကြောင့် ဆီးခုံတွင်း အင်္ဂါများ ပူးကပ်နေခြင်း
- ဆီးအိတ်ရောင်ရမ်းခြင်း
စသည့် ရောဂါဝေဒနာများကြောင့် ဖြစ်နိူင်ပါသည်။
Author: Dr. အောင်ကျော်