သင်တို့ဘယ်လိုဆက်ဆံသင့်ပါသလဲ

မိသားစုအရေး နှစ်သိမ့်ဆွေးနွေးပညာပေးသူ Family Counselor စိတ်ပညာရှင် AngThiam Hong က ဇနီးမောင်နှံတို့အတွက် နွေးထွေးသောဆက်ဆံရေးအတွက် အကြံပေးလမ်းညွှန်ထားပါသည်။ အိမ်ထောင် ရေးသာယာဖို့အတွက် ဆက်ဆံရေးနွေးထွေးဖို့ အရေးကြီးဆုံးဖြစ်ပေသည်။ စိတ်ပညာရှင် AngThiam Hong ကသူ၏ အတွေ့အကြုံပေါ်မူတည်၍နွေးထွေးသောဆက်ဆံရေးအတွက် မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။

သင်တို့ဇနီးမောင်နှံတို့လက်တွေ့လိုက်နာဆောင်ရွက်ကြပါဟုတိုက်တွန်းလိုက်ရပါသည်။
(၁) အခြားရှုထောင့်ကကြည့်တတ်ပါစေ
တစ်စုံတစ်ရာအငြင်းပွားဖွယ်ရာ သဘောမတူညီစရာရှိလာပါက မိမိအမြင် မိမိသဘောထား တစ်ခု တည်းသာအမှန်ဟု သတ်မှတ်ခြင်းရှောင်ရမည်။ အခြားသူဘက်မှ ရှုမြင်တတ်ရမည်။ ဥပမာ – မိမိက “ကကြီး” (က) ကိုရေးလိုက်သည်ဆိုပါစို့။ မိမိနှင့် မျက်နှာချင်းဆိုင်ရှိသူက “ယပက်လက်” (ယ) ဟုမြင်ပါလိမ့်မည်။ တစ်ဖန် မိမိ၏ ဘယ်ဘက်တွင်ရှိသူက “ငသပ်” (င်) ဟုဖတ်ပါလိမ့်မည်။ မိမိ၏ ညာဘက်တွင်ရှိသူကမူ “ဒဒွေး” (ဒ) ဟုပြောပါလိမ့်မည်။ မည်သူမျှတော့ မှားမည်မဟုတ်ပါ။ သူ့ရှုထောင့်ကသူတော့ အမှန်ဖြစ်၏။
လင်နှင့်မယားကြားတွင်လည်း မိမိအနေဖြင့် တစ်ဖက်လူ၏ ရှုထောင့်က ကြည့်တတ်မြင်တတ် နားလည်တတ်ဖို့ လိုသည်။ အငြင်းပွားဖွယ်ရာတစ်ခုကိုလင်ကဖြစ်စေ၊ မယားကဖြစ်စေ “မင်းမှန်ပါလိမ့်မယ်ကွာ” ဟုပြောလျှင် တစ်ဖက်လူအားကျေနပ်မှုရစေမည်။ ဇနီးမောင်နှံကြားမရိုးသော စကားတစ်ခွန်းကိုပြောရန်လည်း စိတ်ပညာရှင် AngThiam Hong ကသတိပေးထားသည်။ ယင်းစကားမှာအခြားမဟုတ်ပေ။ “I Love You” ‘မင်းကိုငါချစ်ပါတယ်’ ဟူသောအရိုးဆုံးစကားလေးတစ်ခွန်းသာ ဖြစ်ပါသည်။

(၂) လေသံပျော့ပျောင်းပါစေ
စကားလုံးချင်းအတူတူ ဝါကျချင်းအတူတူ လေသံပေါ်မူတည်၍ စိတ်အခြေအနေကိုခန့်မှန်းနိုင်သည်။ စကားပြောဆိုရာတွင် လေသံမာကျောမနေသင့်ပေ။ ပျော့ပျော့ပျောင်းပျောင်းရှိသင့်သည်။ စကားပြောဆိုရာတွင် ဒေါသသံမပါသင့်ပေ။ အမိန့်ပေးသောလေသံမျိုးရှောင်သင့်သည်။ စကားပြောဆိုမှုမှာဇနီးမောင်နှံ နှစ်ဦးစလုံးအဖို့ နူးညံ့သိမ်မွေ့ပါက နွေးထွေးသောအိမ်ထောင်ရေး၊ ခိုင်မြဲသောအိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်ကြမည် ဖြစ်သည်။

-- Advertisement --

(၃) အလေးထားကြောင်း၊ တန်ဖိုးထားကြောင်းပြသပါ
လူတိုင်းသည် မိမိအပေါ်တန်ဖိုးထားမှုကိုလိုလားသည်။ အသိအမှတ်ပြုခံလိုသည်။ မိမိအပေါ် တစ်စုံတစ်ရာဆောင်ရွက်ပေးခြင်းကို တာဝန်အရ လုပ်ပေးတာပဲဟုမမှတ်ယူသင့်ပေ။ ဥပမာ – ချက်ထားသော ဟင်းကိုမိမိနှစ်သက်သည် ဆိုပါစို့။ ခင်ပွန်းအနေဖြင့် “လက်ရာသိပ်ကောင်းတာပဲ” “ဟ ဟင်းမြိန်လိုက်တာကွာ” “စားရတာမတင်းတိမ်နိုင်လောက်အောင်ပဲ ကောင်းလွန်းပါတယ်” စသည့် စကားမျိုးဆိုသင့်သည်။ ခင်ပွန်းဖြစ် သူကအိမ်မှုကိစ္စများတွင် ဇနီးသည်အား ကူညီပေးခဲ့လျှင်လည်း ဇနီးဖြစ်သူက အသိအမှတ်ပြုပါ။ ကျေးဇူးတင် စကားဆိုပါ။ အပြန်အလှန် လေးစားတန်ဖိုးထားမှုသည်လည်း နွေးထွေးသော ဆက်ဆံရေးအတွက် သော့ချက် ဖြစ်သည်။

(၄) ကောက်ချက်ချသောအပြုအမူအပြောအဆိုမျိုးရှောင်ကြဉ်ပါ
ဇနီးမောင်နှံကြား တစ်ဦးကိုတစ်ဦး ကောက်ချက်ချပြောဆိုခြင်းမျိုး မပြုသင့်ပေ။ ဥပမာ – အပြင်ထွက်ခါ နီးဇနီးဖြစ်သူက နှေးကွေးနေသည်ဆိုပါစို့။ “မင်းကတော့ အမြဲတမ်းတုံ့နှေးတုံ့နှေးပဲ” “လိပ်နဲ့ အမျိုးတော် သလားပဲ” “မင်းအမြဲနောက်ကျတယ်” စသည့် စကားမျိုးသည် ဆက်ဆံရေးအတွကအနှောင့်အယှက် အဟန့် အတားများပင်ဖြစ်သည်။ ဇနီးဖြစ်သူကလည်း “ရှင်ဟာလေဘာကိုမျှဂရုမစိုက်ဘူး” “မိန်းမကိုဂရုစိုက်ရမှန်းနားမ လည်ဘူး” “ကလေးတွေကိုလည်းဂရုမစိုက်ဘူး” စသည်ဖြင့် မြည်တွန်းတောက်တီးစကားမျိုးမဆိုသင့်ပေ။ “မိန်းမကိုကူဖို့စိတ်မကူဘူး” ဟူ၍လည်း မပြောမိဖို့လိုသည်။

(၅) ဂရုတစိုက်ရှိပါ
ဇနီးက ဖြစ်စေ၊ ခင်ပွန်းက ဖြစ်စေ တစ်စုံတစ်ခုပြောလျှင် မိမိအား မပြောသကဲ့သို့ မသိကျိုးကျွံ မပြုသင့် ပါ။ ဒေါသဖြစ်သူကို မသိကျိုးကျွံပြုက ပို၍ဒေါသကို ဆွပေးသလိုဖြစ်တတ်ပါသည်။ ပြောဆိုမှုကို ဂရုစိုက်နား ထောင်ပါ။ အပြုသဘော တုံ့ပြန်ပါ။ တချို့ယောက်ျားများက မိန်းမဖြစ်သူက တဗျစ်တောက်တောက်ပြောလျှင် အပြင် (ဥပမာ – လက်ဖက်ရည်ဆိုင်) ထွက်သွားတာမျိုး ပြုလုပ်တတ်သည်။ မိမိ၌ အခြားအလုပ်များ လုပ်ကိုင် ရန်ရှိစေကာမူ ပြောဆိုမှုကို တလေးတစား နားထောင်ပြီး အေးဆေးစွာ အပြုသဘော တုံ့ပြန်ပေးပါက နွေးထွေး သောဆက်ဆံရေးကို ရရှိနိုင်မည်ဖြစ်သည်။
နားထောင်ခြင်းသည် လူတစ်ဦးနှင့် တစ်ဦးကြား ဆက်ဆံမှုအတွက် အရေးကြီးဆုံးသော အရာတစ်ခုဖြစ် ၏။ နားထောင်ကြောင်း ကိုယ်အမူအယာ၊ နှုတ်အမူအယာနှင့် ပြသရမည်ဖြစ်သည်။ နားထောင်ပေးခြင်းသည် အသိအမှတ်ပြုရာရောက်သည်။ လက်ခံရာရောက်သည်။ လေးစားရာရောက်သည်။ စိတ်ပညာအရ “Active Listening” ဟုသုံးနှုန်းလေ့ ရှိသည်။ စိတ်ဝင်တစား နားထောင်ပေးခြင်းဟု ဆိုရမည်ဖြစ်သည်။ ဇနီးမောင်နှံနှစ် ဦးကြား Active Listening လိုအပ်သည်။ သို့မှသာ နွေးထွေးသောဆက်ဆံရေး ရရှိနိုင်ပြီး ခိုင်မြဲသောအိမ်ထောင် ရေးဖြစ်နိုင်သည်။

READ :   ဆီးကျိတ်ကင်ဆာအကြောင်း

(၆) လိင်ဆက်ဆံမှု အဆင်ပြေဖို့လိုသည်
ဇနီးမောင်နှံကြားတွင် လိင်ဆက်ဆံမှု ကိစ္စမှာလည်း အရေးကြီးသည့် ကဏ္ဍတွင်ပါဝင်သည်။ အပေးအ ယူမျှတဖို့ လိုအပ်သည်။ တစ်ဦး၏ဆန္ဒကို ကျန်တစ်ဦးက ဖြည့်ဆည်းပေးနိုင်ရမည်။ လိင်ဆက်ဆံမှုတွင် တစ် ကိုယ်ကောင်းဆန်ခြင်း ရှောင်ကြဉ်ရမည်။ အခက်အခဲပြဿနာများကို ပူးပေါင်းဖြေရှင်းရမည်။ လိုအပ်ပါက ကျွမ်း ကျင်ပညာရှင်၊ ဆေးပညာရှင်၊ စိတ်ပညာရှင်စသည်တို့၏ အကူအညီရယူပြီး နွေးထွေးသောဆက်ဆံရေးကို လည်း တည်ဆောက်ရပါမည်။

(၇) ရိုးသားပါ၊ ပွင့်လင်းပါ
ဇနီးမောင်နှံကြား ရိုးသားမှုနှင့် ပွင့်လင်းမှုသည် အလိုအပ်ဆုံးသော အရာဖြစ်၏။ အုံ့ပုန်းမနေသင့်၊ မြုံမ နေသင့်၊ ပွင့်ပွင့်လင်းလင်း တိုင်ပင်ရမည်။ ရိုးရိုးသားသား ဆွေးနွေးရမည်။ အမှန်ကို ဖုံးကွယ်မထားသင့်ပေ။ သို့မှ သာတစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိပေလိမ့်မည်။ ယုံကြည်မှု မရှိလျှင် နွေးထွေးသော ဆက်ဆံရေး မည်သို့သောအ ခါမျှ ရရှိနုင်မည် မဟုတ်ပေ။ မိမိ ရိုးသားပါက ကျန်တစ်ဦးကလည်း ရိုးသားပါလိမ့်မည်။ မိမိက ပွင့်ပွင့်လင်းလင်းရှိ မှသာ ကျန်တစ်ဦးကလည်း ပွင့်လင်းပါလိမ့်မည်။
သင်တို့ ဇနီးမောင်နှံကြား ဖော်ပြပါအချက်များကို အမှန်တကယ်ဆောင်ရွက်နေကြပါရဲ့လား။ အကယ်၍
တချို့အချက်များ၌ လိုအပ်နေသေးလျှင် ပြုပြင်လိုက်နာဆောင်ရွက်ကြည့်ပါ။ ယခုတင်ပြခဲ့သော အချက်များ သည် ခက်ခက်ခဲခဲ လုပ်ဆောင်ရမည့် ကိစ္စများမဟုတ်ပေ။ လက်တွေ့လိုက်နာ လုပ်ဆောင်ခြင်းအားဖြင့် ဇနီးမောင်နှံကြား နွေးထွေးသောဆက်ဆံရေး ပိုင်ဆိုင်နိုင်ကြပြီး၊ အိမ်ထောင်ရေး ရာသက်ပန် ခိုင်မြဲကြပေလိမ့်မည်။

 

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ