ဇနီးမောင်နှံတို့သားသမီးမထွန်းကားလျှင်‘သူ့အပြစ်လား၊ငါ့အပြစ်လား’’သူ့ချို့ယွင်းချက်လား၊ငါ့ချို့ယွင်းချက်လား’ သိလိုကြပါလိမ့်မည်။
တစ်ခါတစ်ရံ ဤအချက်အပေါ် အငြင်းပွှားမှုများပင် ရှိကောင်း ရှိနိုင်ပါသည်။ ရှေးအချိန်ကာလဆိုပါလျှင် သားသမီးမထွန်းကားသော အမျိုးသမီးကို ‘ယုတ်ညံ့သောမိန်းမ’ စာရင်းတွင်ထည့်သွင်း၍အမြုံမဟုပင် ခေါ်တတ်ကြသည်။ မွေးဖွားလာပြန်တော့လည်းသားယောကျာ်းလေးမပါလျှင် ယုတ်ညံ့သောစာရင်းတွင် ထည့်လိုက်ချင်ကြသေးသည်။ ‘မည့်သူအပြစ်ပါလဲ’ အမျိုးသမီးအပြစ်ဖြစ်နိုင်သကဲ့သို့ အမျိုးသားအပြစ်လည်း ဖြစ်နိုင်ပါသည်။ ဤနေရာတွင် အပြစ်ဟုဆို ထားသော်လည်း ချို့ယွင်းချက်ကို ဆိုလိုပါသည်။ တစ်ခါတစ်ရံ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးမှာ ချို့ယွင်းချက် ရှိနေနိုင်ပါတယ်။ ဆေးပညာအရ လေ့လာတွေ့ရှိချက်ကို ဦးစွာတင်ပြလိုပါတယ်။ သနေဓမတည်၊သားသမီးမထွန်းကားရခြင်း၏ အကြောင်းဇစ်မြစ်များကို အောက်တွင်ဖော်ပြပေးထားသည်။ (က) သုတ်ပိုးချို့ယွင်းချက် ဤချို့ယွင်းချက်မှာ သားသမီး မထွန်းကားမှု၏ ၂၅ % ခန့် ဖြစ်သည်။ သုတ်ပိုးအရေအတွက်နည်းခြင်း၊ သုတ်ပိုးများ၏ အသွင်သဏ္ဍာန် မှန်ကန်မှုမရှိခြင်း (မူမမှန်သော သုတ်ပိုးများဖြစ်ခြင်း)၊ သုတ်ပိုးများတက်ကြွစွာ လှုပ်ရှား (ရွေ့လျား) နိုင်စွမ်းမရှိခြင်း၊ သုတ်ပိုးများ၏ သက်တမ်းတိုခြင်း စသည်တို့ကြောင့် သနေဓမတည်၊ သားသမီးမရနိုင်ခြင်းဖြစ်သည်။ * အမျိုးသားတို့၏ ချို့ယွင်းချက် ၂၅%
(ခ) မမျိုးဥ ပေါက်ကြွေမှုမရှိခြင်း မမျိုးဥ ပေါက်ကြွေမှုမရှိခြင်း Ovulation Failure ကြောင့် သားသမီးမထွန်းကားခြင်းမှာ ၂၀% မျှဖြစ်သည်။ အမျိုးသမီးတစ်ဦးအဖို့ သားဥပေါက်ကြွေခြင်း ရှိ၊ မရှိကို နည်းမျိုးစုံဖြင့် စမ်းသပ်စစ်ဆေး သိရှိနိုင် ပါသည်။ *အမျိုးသမီးတို့၏ ချို့ယွင်းချက် ၂၀%
(ဂ) ဥပြွန်၏ ချို့ယွင်းချက် မမျိုးဥသည် ဥပြွန်အတွင်းရောက်ရှိပြီး သုတ်ပိုးနှင့် တွေ့ဆုံပြီး သန္ဓေအောင်နိုင်မှသာ သားသမီးရနိုင် မည်ဖြစ်သည်။ ဥပြွန်မှာ ချို့ယွင်းချက် Tubal Defect ရှိလျှင် သားသမီးရနိုင်မည်မဟုတ်တော့ပေ။ ဤအချက်မှာ သားသမီးမရခြင်း၏ ၁၅%ဖြစ်သည်။ *အမျိုးသမီးတို့၏ ချို့ယွင်းချက် ၁၅%
(ဃ) သားအိမ်၏ချို့ယွင်းချက် သန္ဓေသားသည် သားအိမ်၌တွယ်ကပ်၍ ရက်ပေါင်း ၂၇၀ တိုင်တိုင်ကြီးထွားဖွံ့ဖြိုးရန်လိုအပ်သည်။သန္ဓေသားအဖို့သားအိမ်၏ချို့ယွင်းချက်ကြောင့် နေထိုင်ခိုလှုံစရာမရှိလျှင် သားသမီးထွန်းကားရန်မဖြစ်နိုင်ပေ။ *အမျိုးသမီးတို့၏ ချို့ယွင်းချက် ၅%
(င) ဆက်ဆံမှုချို့ယွင်းချက် အမျိုးသမီးနှင့် အမျိုးသားတို့ဆက်ဆံရာတွင် နည်းလမ်း (နည်းစနစ်) မမှန်သဖြင့် သားသမီး မရနိုင်ခြင်း ဖြစ်သည်။ ဤချို့ယွင်းချက်မှာလည်း ၅%ဖြစ်သဖြင့် အမျိုးသားနှင့် အမျိုးသမီး တစ်ဝက်စီ မျှခံယူရန်ဖြစ်သည်။
(စ) သားအိမ်ဝမြူးကပ်လွှာ ချို့ယွင်းချက် အမျိုးသမီး၏ သားအိမ်ဝမြူးကပ်လွှာချို့ယွင်းချက် Cervical Mucusal Defect မှာ ၃% ခန့်ဖြစ်သည်။ မြူးကပ်လွှာသည် ပျစ်ချွဲလွန်းလျှင် သုတ်ပိုးများ ထိုးဖောက်ဝင်ရောက်ရန် လွယ်ကူမည် မဟုတ်သဖြင့် သနေဒတည်နိုင်မည်မဟုတ်ပေ။ *အမျိုးသမီးတို့၏ ချို့ယွင်းချက် ၃%
(ဆ) သုတ်ရည်၌ သုတ်ပိုးမပါခြင်း အမျိုးသားတို့၏ သုတ်ရည်၌ သုတ်ပိုးမပါလျှင် မည်သည့်နည်းဖြင့်မှ သန္ဓေတည်စရာ အကြောင်းမရှိ တော့ပေ။ သုတ်ပိုးမပါခြင်း Azospermia မှာ နောက်ကြောင်းပြန် သုတ်လွှတ်ခြင်းကြောင့်ဖြစ်လျှင် သုတ်ရည် ရော သုတ်ပိုးပါ ဆီးအိမ်တွင်း ရောက်ရှိသွားတတ်သည်။ သုတ်ပိုးတည်ဆောက်မှု ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်သည်။ သန္ဓေမရခြင်း၏ ၂%ဖြစ်သည်။ *အမျိုးသားတို့၏ ချို့ယွင်းချက် ၂%
(ဇ) ဇစ်မြစ်မသိသောအချက် အားလုံးကောင်းပါလျက် သန္ဓေ သားသမီး မရနိုင်ခြင်းဖြစ်သည်။ အကြောင်းရှာသော်လည်း ခေါင်းခြာခြာ လည်သော ကိစ္စသည် သားသမီးမရခြင်း၏ ၂၅%မျှဖြစ်သည်။ ဤတန်ဖိုးကို အမျိုးသား၊ အမျိုး သမီး တစ်ဝက်စီမျှယူမှဖြစ်လေ၏။ *အမျိုးသမီးတို့၏ ချို့ယွင်းမှု ၁၂.၅% *အမျိုးသမီးတို့၏ ချို့ယွင်းမှု ၁၂.၅% သားသမီး မထွန်းကားသည့် ဇစ်မြစ်ပြဿနာတွင် အမျိုးသမီးများက စုစုပေါင်း ၅၈%နှင့် အမျိုးသားများက စုစုပေါင်း ၄၂% ရှိကြောင်း ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါသည်။ သားသမီးလိုချင်သူများ ဆန္ဒပြည့်ဝနိုင်ကြပါစေ။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)