၁။ဆရာရှင့် အိမ်ထောင်ပြုတော့မယ်ဆိုရင် မိန်းကလေးရော ယောက်ျားလေးရော ဆေးစစ်ဖို့လိုပါသလား။ တခြားဘာတွေ ဂရုစိုက်ပြီး ကြိုတင်ပြင်ဆင်သင့်ပါသလဲရှင့်။
၂။ ဆရာ သီတင်းကျွတ်ခါနီးလာတော့ အိမ်ထောင်ပြုမဲ့စုံတွဲတွေအတွက် ကျန်းမာရေးပညာပေး အစီအစဉ်လေး လုပ်ချင်လို့ပါ။
သီတင်းကျွတ်ရင် မင်္ဂလာဆောင်တွေ လာပါတော့မယ်။ ခေတ်လူငယ်တွေအတွက် ခေတ်ဆေးပညာအရ အကြံပေးပါရစေ။ ခေတ်လူငယ်တွေထဲမှာ မိဘစကား သိပ်နားမထောင်သူတွေလည်း ရှိတယ်။ သူတို့မိဘစကားတောင် နားမထောင်ရင် ဆရာဝန့်စကားလည်း လိုက်နာမယ်မထင်ပါ။ ဒါပေမဲ့အိမ်ထောင်ပြုတာမှာတော့ ကိုယ့်သဘောချည်းမပြီးတာကို သိလာပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဘက်၊ အိမ်ထောင်ဘက်က ဆွေတွေမျိုးတွေ စသူတွေမပါရင် မြန်မာ့ထုံးစံမှာ အိမ်ထောင်ပြုတဲ့အရာ မပြည့်စုံပါ။ နားထောင်ရမှာတွေတိုးလာပါပြီ။ ဆရာဝန့်စကားလေးနည်းဖြစ်ဖြစ် နားထောင်ကြည့်ပါ။
အိမ်ထောင်ဘက်မှာ ကူးစက်ရောဂါတွေ ရှိသလား။ မျိုးရိုးလိုက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေ ကင်းရှင်းသလား။ ဝဲ၊ ပွေး၊ တီဘီစတာတွေကို အသာထားပြီး လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါမပြဘဲ ပိုးရှိနေတာမျိုးဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့ အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ရတယ်။ တချို့လည်း ဆေး ၃လုံး ထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်းမသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်းကို သာမက မွေးလာမဲ့ကလေးတွေကိုပါ ရောဂါကူးစက်စေတယ်။
(က) လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေဆိုတာ –
- ဂနိုရီးယား
- ဆစ်ဖလစ်
- ကယ်လ်မီဒီးယား
- လိင်လမ်း-ရေယုံ
- ထရွိုင်ကိုမိုးနပ်စ်
- ရှန်ကာရွိုက်
- LGV (လင်ဖိုဂရင်ညူလိုမား-ဗနီးရီးယမ်း)
- PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း
- အသဲရောင် (ဘီ)
- HIV/AIDS ခုခံအားကျရောဂါတွေလဲဖြစ်ပါတယ်။
(သူ့မှာ ကူးစက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေ ကင်းရှင်းရဲ့လား။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါမပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ရတယ်။ တချို့လဲ ဆေး ၃ လုံးထိုးတာနဲ့ ပြီးတယ်။ ရောဂါရှိမှန်းမသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး၊ ခင်ပွန်းသာမက မွေးလာမဲ့ ကလေးတွေကိုပါ ဒုက္ခပေးမယ်။
(ခ) လက်မထပ်ခင် သွေးအုပ်စုစစ်ခြင်း
အေ-ဘီ-အိုသွေးအုပ်စုမတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ Rh-ve ရှိသူအချင်းချင်း အိမ်ထောင်ပြုတာ စိုးရိမ်စရာမရှိပါ။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေ မွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅၀ ရာခိုင်နှုန်းရှိနိုင်တယ်။ အဲလို ဖြစ်နေရင်တော့ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။ကလေးအတွက် အန္တရာယ်ရှိမယ်။ မိခင်ရဲ့ဆန့်ကျင်တဲ့ အင်တီဘော်ဒီတွေက တိုက်ခိုက်ခံရတော့ သွေးနီဥတွေနည်းပြီး သွေးအားနည်းမယ်။ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အသားဝါရောဂါရမယ်။ ဦးနှောက်ညံ့မယ်။ ကြာရင် နှလုံးရောဂါရမယ်။ ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီးမကြာခင်လဲ သေနိုင်တယ်။ မွေးလာတဲ့ကလေးမှာ သွေးရောဂါရမယ်ဆိုရင် သွေးလဲတာ လုပ်ရတယ်။
လူတွေမှာ Rh (+) ဖြစ်သူ ၉၀.၃၅ ရာခိုင်နှုန်းနဲ့ Rh (-) ဖြစ်သူ ၉.၆၅ ရာခိုင်နှုန်းရှိတယ်။ Rh (-) ရှိသူတွေက အာရှမှာက ပိုများတယ်။ Rh-ve ကိုယ်ဝန်ဆောင်ကို Rhogam ဆေးထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် မိခင် ၉၉ ရာခိုင်နှုန်းမှာ Anti-Rh အင်တီဘော်ဒီတွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာနဲ့ မွေးပြီး ၇၂ နာရီအတွင်းပေးတယ်။ ပထမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယ ကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅၀ ရာခိုင်နှုန်းရှိတယ်။ ပထမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား အင်တီဘော်ဒီတွေက များနေပြီမို့ ဒုတိယ ကိုယ်ဝန်ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။ မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။
(ဂ) ခေတ်လူငယ်တွေအတွက် အကြံပေးချက်
ကူးစက်ရောဂါတွေနဲ့ သွေးအုပ်စုအပြင် သိစရာတွေရှိပါသေးတယ်။ ကျန်းမာရေးမေးခွန်းတွေ ဖြေနေတာ ကြာလာတော့ ကနေ့မြန်မာလူငယ်တွေ၊ လူကြီးတွေမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။
- ရာသီ မမှန်သူတွေ OG ပြပါ။
- မင်္ဂလာဆောင်ရက်နဲ့ ရာသီလာမဲ့ရက် တိုက်ဆိုင်လို့ ရာသီရက်ပြောင်းချင်ရင်လဲ လုပ်ပေးနိုင်ပါတယ်။
- သားအိမ်ဝကင်ဆာ ကာကွယ်ဆေး ထိုးထားပါ။- တယောက်ယောက်မှာ (ဘီ) ပိုးရှိနေရင် ကျန်တဲ့သူ (ဘီ) ကာကွယ်ဆေးထိုးပါ။
- အသက်ငယ်လွန်းသူတွေနဲ့ ကြီးလွန်းသူတွေ လက်ထပ်ကြရင် သူများတွေထက် ပိုဂရုစိုက်ပါ။
- ကိုယ်ဝန်ရှိမရှိ ဆီးစစ်ပါ။ နောက်မှ ဆရာဝန်ကိုလှမ်းမေးလို့ ဖြေနေရတာ မနည်းလှပါ။
- လက်မထပ်ခင်က တားဆေး၊ အရေးပေါ်တားဆေး၊ ဖျက်ဆေး သောက်ထားဖူးရင် ကိုယ့်ကျန်းမာရေးရာဇဝင်ကို မမေ့ပါနဲ့။
- တခုခုဖြစ်ရင် ယုံကြည်စိတ်ချတဲ့ ဆရာဝန်ကိုရှာပါ။ ဆရာဝန်ကိုတော့ ကျေးဇူးပြု၍ မညာပါနဲ့။ယောက်ျားလေးများလဲ ဆက်ဆံရေး ကိစ္စတွေမှာ အားနည်းချက် ရှိနေတယ်ဆိုရင် ဆရာဝန်ကိုမေးဘို့ မရှက်ပါနဲ့။
- ကိုယ်ဝန်မယူချင်သေးရင် ကိုယ်ဝန်တားနည်း၊ တားဆေးတွေကို စနစ်တကျသုံးတတ်ဘို့ ကြိုတင်သိထားပါ။ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး ဉာဏ်ပညာထက်မြက် ထူးချွန်တဲ့၊ စိတ်ထားလဲ ကောင်းကြတဲ့ မြန်မာနိုင်ငံသားတွေကို မွေးထုတ်ပေးကြပါ။ ဒါမှ ကနေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသုခတွေကို ဖြေရှင်းကယ်တင်နိုင်မဲ့သူတွေ ပေါ်ပေါက်လာပါမယ်။ အားကိုးပါရစေ။
Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8,no 39(13.10.17)