ကိုကို့အပြစ်

ဇင်ဇင်တစ်ယောက် ကိုကိုနှင့် ယူပြီးကတည်းက ယောက္ခများနှင့် အတူနေထိုင်ရသည်မှာ ငါးနှစ်ကျော်နေပြီ။ ကိုကို က မိဘများနှင့် စီးပွားမခွဲချင်ဘူးဆိုပြီး ကိုကို့မိဘများအိမ်သို့ ဇင်ဇင်တစ်ယောက်လိုက်နေရသည်။

ကိုကို့မိဘတွေက ဇင်ဇင် အပေါ်တွင်ကောင်းကြပါသည်။ ကိုကို့ကိုလည်း တော်တော်ချစ်ကြသည်။ ဇင်ဇင်ကိုလည်း သမီးအရင်းလို သဘောထားကြပါသည်။

အိမ်ထောင်သက် ငါးနှစ်ကျော်နေတော့ လူကြီးတွေက ဇင်ဇင်ကို ကလေး ယူခိုင်းနေကြသည်။ တားဆေးကို ဖြတ်လိုက်သည်မှာ သုံးနှစ်ကျော်နေပြီ။ အခုအချိန်ထိ ဇင်ဇင်တွင် ကိုယ်ဝန်မရသေး။ ယောက္ခမ လည်း ဇင်ဇင်ကို ဆေးများတိုက်သည်။ အားရှိအောင်လည်း ထားပါသည်။ သို့သော် ဇင်ဇင်တစ်ယောက် ကလေးမရသည့်အတွက် အားလုံးက မျှော်လင့်တောင့်တနေကြသည်။ မြေးချီချင်ပြီဟုပြောနေသော ကိုကိုမိဘများကိုလည်း ဇင်ဇင်တစ်ယောက် အားနာရသည်။ ကလေးမရသည့်အတွက် ဇင်ဇင်ကို ကိုကို့ညီမများက အငုံမဟု ကွယ်ရာတွင် ခေါ်ကြသည်။ ဇင်ဇင်တစ်ယောက် ကြိတ်ပြီးမျက်ရည်ကျရသည်ကို ကိုကိုတစ်ယောက် မသိ။ ဇင်ဇင်ကလည်း ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဘယ်သူကိုမှ အပြစ်မတင်ပါ။ ဇင်ဇင်မှ ကလေးမမွေးပေးနိုင်တာ။ ဇင်ဇင် အပြစ်တွေလို့ပဲ ယူဆပါသည်။

-- Advertisement --

“သားဒီတစ်ခေါက်ရန်ကုန်သွားရင် ဇင်ဇင်ကို ခေါ်သွားပါလား ။ သားဖွားမီးယပ်ဆရာဝန်နဲ့ သွားပြကြည့်ပါလား”
ယောက္ခမကြီးမှ သူ့သားကိုတိုက်တွန်းသည်။ ကိုကိုကတော့ အလုပ်များရှုပ်နေတတ်သူဆိုတော့ဇင်ဇင် ကလေးမရသည့်ကိစ္စကိုလည်း သိပ်ပြီး ခေါင်းထဲထည့်ပုံမရ။

“ရန်ကုန်ထိခေါ်စရာလိုလို့လားမေမေ။ သားတို့မြို့မှာပဲ ဆေးခန်းပြလို့မရဘူးလား။ ဇင်ဇင်က ကားစီးရင် မူးတတ်တယ်။ရန်ကုန်ထိဆိုရင် သူကားမူးနေမှာ”

ကိုကိုက ဒီကိစ္စကို ရေးကြီးခွင်ကျယ်လုပ်စရာမလိုဟု ထင်ပုံရသည်။
“ငါတို့မြို့မှာ သားဖွားမီးယပ်ဆရာဝန်မရှိလို့ပေါ့။ ရှိများရှိရင် ငါဒီလိုမျိုးတောင် စောင့်မနေဘူး။ သွားပြတာကြာနေပြီ။”

“ဒီကဆရာဝန်တွေကမကုတတ်ဘူးလား”

“အမယ်လေးတော် ငါ့သားက ဒီနေရာတော့ ဝေးနေပြန်ပြီ။ ဒီမှာက သားဖွားမီးယပ်ဆရာဝန်မရှိဘူးလေ။ လိုအပ်တာတွေ စစ်ဆေးကြည့်ရဦးမယ်လေ။ ဓာတ်မှန်တွေ ရိုက်သင့်ရင် ရိုက်ရမယ်။ အာထရာစောင်းတွေ ရိုက်သင့်ရင်လည်း ရိုက်ရမယ်။ ဒါမျိုးတွေက အမေတို့မြို့မှာ ရှိမှ မရှိတာ။ ရန်ကုန်မှာ လုပ်မှ ရမှာလေ။ ငါ လမ်းထိပ်က ဆရာဝန်နဲ့တိုင်ပင်ပြီးပြီ။ ဆရာဝန်က ငါ့ကိုသေချာရှင်းပြလိုက်တယ်။ ရန်ကုန်မှာ ဆိုရင် စက်ပစ္စည်းတွေရော အကုန်စုံတယ်။ သေသေချာချာ ဇင်ဇင်ကို စမ်းသပ် စစ်ဆေးကြည့်လို့ရမယ်။ ရောဂါတစ်ခုခုရှိနေတယ်ဆိုတော့လည်းကုသမှုခံယူရတာပေါ့။”

“ဟုတ်ကဲ့ပါ မေမေ။ ဇင်ဇင်ကို ပြောပြီးသွားပြီလား။”

“ဇင်ဇင်က တော့ ကားမူးတတ်လို့ ရန်ကုန်မလိုက်ချင်ဘူူးလို့ပဲပြောမှာပေါ့။ ရအောင်ခေါ်သွား။ ဘာဖြစ်လို့ ကလေးမရတာလဲဆိုတာကို သေသေချာချာရှင်းရှင်းလင်းလင်းသိရအောင်လုပ်ခဲ့။ ဒါပဲ”

ယောက္ခမကြီးက ကိုကို့ ကို တစ်ချက်လွတ်အမိန့်ထုတ်လိုက်သည်။ ဇင်ဇင်တစ်ယောက် မလိုက်ချင်ဘူးလို့ ပြောပိုင်ခွင့်မရှိပါ။ ရန်ကုန်ကို လိုက်၍ ဆရာဝန်ပြကြည့်ရမည်။ ဇင်ဇင်ကိုယ်တိုင်ကလည်း ဆရာဝန်တစ်ယောက်နှင့် သေသေချာချာ ပြကြည့်ချင်သည်။ မြို့မှာ ရှိသော ဆရာဝန်များကလည်း ဇင်ဇင်ကို ကလေးရနိုင်ပါသည်။ ကြိုးစားကြည့်ပါ။ စောင့်ကြည့်ပါဦးလို့သာပြောနေကြသည်။ ယောင်းမများ၏ ကွယ်ရာတွင်ပြောနေသော စကားများကိုလည်း ဇင်ဇင်တစ်ယောက် မကြားချင်တော့ပါ။ ဆေးသောက်ဖို့လိုလျှင် ဆေး သောက်လိုက်ချင်သည်။ ခွဲစိတ်ဖို့လိုလျှင်လည်း ခွဲစိတ်လိုက်ချင်သည်။ ကလေးရရန်အတွက် ဇင်ဇင်တစ်ယောက် ဘာပဲလုပ်ရ လုပ်ရ လုပ်လိုက်ချင်သည်။ ဇင်ဇင်တစ်ယောက် ရူးနေပြီလားလို့တောင် ထင်ကြသည်။ ယောက္ခမနှင့် နှစ်ယောက် ဟိုညောင်ပင်တွင် သွားဆုတောင်းလိုက်ရ။ ဒီညောင်ပင်တွင် သွားဆုတောင်းလိုက်ရ။ ယတြာများကလည်း ချေလိုက်ရသည်မှာ အပတ်တိုင်းလိုလိုကို ဖြစ်နေပြီ။ အခုတော့ နောက် ဆုံးထွက်ပေါက်အနေနှင့် ရန်ကုန်တွင် ဆရာဝန်သွားပြချင်သည်။
ဒီတစ်ပတ်တော့ ကိုကို ရန်ကုန်သွားတုန်း ဇင်ဇင်တစ်ယောက်လိုက်လာသည်။ လမ်းတစ်လျှောက် အမူးပျောက်ဆေးလေးသောက်ပြီးလိုက်လာရသည်။လာရသည့်လမ်းခရီးကဇင်ဇင်အတွက်ပင်ပန်းလွန်းလှသည်။

ကိုကိုနှင့် အတူ သားဖွားမီးယပ်ဆရာဝန်မကြီးဆီကို ရောက်ခဲ့သည်။

“ကျွန်တော်တို့လင်မယား အိမ်ထောင်ကျတာ ငါးနှစ်ကျော်ပြီ။ ကလေးမရလို့ပါ”
ကိုကိုမှ အရင်ဆုံး ဆရာဝန်မကြီးကို လာပြရသည့်အကြောင်းရှင်းပြသည်။

“သန္ဓေတားဆေးတွေရောသုံးခဲ့သေးလား”

“လက်ထပ်ပြီးခါစကတော့ သောက်ဆေးသောက်ပါတယ်။ နှစ်နှစ်ကျော်လောက်သောက်လိုက်တယ်။ ကလေးယူတော့မယ်ဆိုတော့ ဆေးဖြတ်လိုက်တယ်။ ဆေးဖြတ်ထားတာ သုံးနှစ်ကျော်နေပြီ။ ကလေးမရလို့ပါ”
ကိုကိုမှ ဇင်ဇင် အစား သွက်လက်စွာ ဝင်ဖြေကြားပေးပြန်သည်။

“ကြားထဲမှာတခြားဘာဖြစ်သေးလဲ။ ”

“တခြားတော့ဘာမှမဖြစ်ဖူးပါဘူး”

“အရင်ကကိုယ်ဝန်တစ်ခါမှမဆောင်ဖူးဘူးပေါ့။ ”

“ဟုတ်ပါတယ်။ကိုယ်ဝန်တစ်ခါမှမဆောင်ဖူးပါဘူး။”

“အိုကေ စမ်းသပ်မှုတွေလုပ်ကြတာပေါ့”

ဆရာဝန်မကြီးကို တွေ့ရသည်မှာ အားရှိသည်ဟု ဇင်ဇင်တစ်ယောက်ထင်သည်။

“နယ်ကနေလာရတယ်ဆိုတော့ ဘာကြောင့် ကလေးမရတာလဲဆိုတာကို တိတိကျကျသိရမှပဲ ပြန်တော့မယ်လို့ စဉ်းစားထားတယ်။ ကျွန်တော့် မိန်းမကို သေသေချာချာလေး စမ်းသပ်ပေးပါနော်”
ကိုကိုတစ်ယောက်ဆရာဝန်မကြီးကို ရှင်းပြနေသည်။ ဇင်ဇင်ကိုလည်း ရန်ကုန်တစ်ခေါက်တစ်ခေါက် ခေါ်ရသည်ကလည်းလွယ်သည်မဟုတ်။ ရန်ကုန်မှာ နေပြီး ဇင်ဇင်တစ်ယောက် ကောင်းမှ ပဲ ပြန်တော့မည်ဟု ဆုံးဖြတ်ထားသည်။

READ :   ကိုယ်ဝန်ကြီးနှင့် လေယာဉ်ပျံ စီး၍ အဆင်ပြေမလား

“သမီးကို လည်း စစ်ဆေးတာတွေ အကုန်လုပ်မယ်။ သားကိုလည်း စစ်ဆေးတာတွေ လုပ်ပေးမယ်။ ကလေး မရတာ ဘယ်သူ့ကြောင့်လည်းဆိုတာ ဒါမှသိမယ်။”

“ကျွန်တော်က ဘာလို့ စစ်ရမှာလဲ”
ကိုကိုတစ်ယောက် အလန့်တကြားနှင့် ဆရာဝန်မကြီးအားလှမ်းမေးလိုက်သည်။ ဇင်ဇင်ကို စစ်ဆေးဖို့လာတာ။ သူ့ကိုပါ စစ်ဆေးမည်ဆိုတော့ ကြောက်လန့်သွားပုံရသည်။

“ကလေးမရတာဟာ အမျိုးသမီးတစ်ယောက်ထဲကြောင့်လို့ထင်နေရင် မှားသွားမှာပေ့ါ။ အမျိုးသားဖက်က ချို့ယွင်းရင်လည်း ကလေးမရတတ်ကြဘူး”
“ဒါဆို ကျွန်တော်လည်း စစ်ရမှာပေါ့နော်”
“ဟုတ်တယ်။ သားတို့နှစ်ယောက်စလုံး အတူတူ စစ်ကြည့်ပေးတာပေါ့။”

ကိုကိုတစ်ယောက် ဇဝေဇဝါဖြစ်နေပုံရသည်။ ကလေးမရခြင်းသည် ဇင်ဇင်ကြောင့်မရတာလို့ပဲ ကိုကိုထင်နေသည်။ အခုတော့ ကိုကို့ကိုပါ ဆရာဝန်ကြီးမှ စစ်ဆေးမှုလုပ်မည်ဆိုသောကြောင့် ကြောင်သွားပုံရသည်။

တစ်ခြားစစ်ဆေးမှုတွေ အပြင် တစ်နေ့တစ်နေ့ သားဥ ကြွှေမကြွေကို မနက်တိုင်း ဆီး ခံပြီးစစ်ရသည်။ သုံးရက်မြောက်နေတွင် သားဥကြွေတယ်ဆိုပြီး နှစ်ချောင်းပေါ်သည်။ သားဥ ကြွေ မကြွေ စမ်းသပ်သည့် ကိရိယာက ကလေးရှိမရှိတိုင်းသည့် ကိရိယာနှင့် အတူတူပင်။

စစ်ဆေးထားတာတွေ အဖြေရတော့ ကိုကိုနှင့်နှစ်ယောက် ဆေးခန်းသွားပြသည်။ ဆရာမကြီးမှ ကိုကို့ဖက်ကိုလှည့်ပြီး
“အဖြေတွေတော့ အားလုံးရပြီ။ သမီးမှာ ဘာချို့ယွင်းချက်မှ မရှိဘူး။ သမီးကြောင့် ကလေးမရတာမဟုတ်ပါဘူး။ သားကြောင့် ကလေးမရတာပါ။ ”

“ဗျာ”
ကိုကိုတစ်ယောက် မျက်လုံးပြူးသွားသည်။

“ကျွန်တော့်ကြောင့်မရတာ။ ဟုတ်လား။ ကျွန်တော် ဘာဖြစ်နေလို့လဲ”

“သားရဲ့သုတ်ပိုးကို စစ်ဆေးကြည့်တဲ့အခါမှာ သားရဲ့သုတ်ရည်ထဲမှာ ပါတဲ့ သုတ်ပိုးတွေဟာ နည်းပါးနေတယ်။ သုတ်ပိုးနည်းနေတဲ့ အတွက် သားတို့နှစ်ယောက်မှာ ကလေးမရနိုင်တာပါ”

“ဒါမျိုးကို ကုသလို့ရလားဟင်”

“အခု ဆိုရင် သုတ်ပိုးနည်းတတ်တဲ့ စုံတွဲတွေမှာ ကလေးလိုချင်ရင် ဖန်ပြွန်သန္ဓေသား ကို ဖန်တီးယူလို့ရနေပါပြီ”

“ကျွန်တော်ကြားဖူးပါတယ်”
ကိုကို ကကြားဖူးတယ်လို့ပြောနေသည်။ မိဇင်ကတော့ မကြားဖူးပါ။ ဖန်ပြွန်သန္ဓေသားဆိုတာ ဘာကိုပြောမှန်းမသိ။ ကိုကို့ ကိုပဲ ပြန်မှ မေးရဦးမည်။

“ကျွန်တော်ကြောင့်ဖြစ်တယ်ဆိုတာ သေချာတယ်ပေါ့နော်”

“သေချာပါတယ်။ သားကြောင့်ပါ။ သမီးမှာ ဘာအပြစ်မှ မရှိပါဘူး”

“ကျွန်တော် မိသားစုနဲ့တိုင်ပင်လိုက်ပါဦးမယ်”

ကိုကိုက မိဘများနှင့်တိုင်ပင်ချင်ပုံရသည်။ ဇင်ဇင်ကတော့ ဘာအကြံဉာဏ်မှ မပေးတတ်ပါ။ ကိုကို့အတွက် စိတ်မကောင်းဖြစ်ရသည်။ ကိုကိုတစ်ယောက် အပြန်လမ်းတစ်လျှောက် ဘာစကားမှ မပြောပဲ တွေးတောနေပုံရသည်။ ဘာပဲပြောပြော မိဇင်တစ်ယောက် မြို့ပြန်ရောက်လျှင်တော့ မျက်နှာ ငယ်ရတော့မည်မဟုတ်ပေ။ ယောင်းမများ အပြစ်ပြောသည်ကိုလည်း ခံရတော့မည် မဟုတ်။ ကိုကိုတစ်ယောက် ဝမ်းနည်းနေသော အချိန်တွင် မိဇင်တစ်ယောက် ကြိတ်ပျော်နေသည်ကိုတော့ ကိုကို မသိ။ အိမ်ပြန်ခရီးက ဇင်ဇင်အတွက် စိတ်လက်ပေါ့ပါးနေတော့သည်။ ကိုကိုကတော့ သက်ပြင်းခဏခဏ ချလျှက်။

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ