လိင်ဆန္ဒဆိုတာ လူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ ဒီလို ဆန္ဒတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ အာရုံလွှဲ စိတ်ပြောင်းလိုက်တာတွေ ရှိသလို ဆန္ဒဖြေပျောက်သွားအောင် လုပ်ဆောင်ကြတာတွေလည်း ရှိတယ်။ ဆန္ဒဖြေပျောက်ကြတဲ့အခါမှာ တချို့က ပစ္စည်း ကိရိယာတွေကို အသုံးပြုတာတွေ ရှိတယ်။ ဒီနည်းဟာ အခြားသူများနှင့် မျှဝေသုံးစွဲမိရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေ ရှိပါတယ်။
များသောအားဖြင့် ဆန္ဒဖြေပျောက်ခြင်းကို အမျိုးသမီးများထက် စာလျှင် အမျိုးသားများတွင် ပိုမိုပြုမူလေ့ရှိတယ်။ အမျိုးသမီးအများစုမှာ အရှက်အကြောက်ကြီးခြင်း ၊ အပြစ်ရှိသကဲ့သို့ ခံစားမိခြင်း နှင့် ပင်ကိုယ်စရိုက်တွေကြောင့် အမျိုးသားတွေထက်စာလျှင် ဆန္ဒဖြေပျောက်မှု့ ပြုလုပ်သည့် ဦးရေသည် အနည်းအကျဉ်းသာ ရှိသည်။
ယခင် ယခင်ကတည်းက အမျိုးသားအများစု အသုံးပြုတဲ့ နည်းကတော့ ဒီလို ကူးစက်မှု့တွေ မဖြစ်နိုင်ပါဘူး။ ဆန္ဒဖြေပျောက်ခြင်းဖြင့် စိတ်ဖိစီးမှု့ လျော့နည်းစေခြင်း ၊ လိင်မှ တဆင့် ကူးစက်နိုင်သော ရောဂါ ဖြစ်နိုင်ချေ မရှိခြင်း ၊ ဘဝကို ပိုမိုပျော်ရွှင်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ဖက်နဲ့ လိင်ဆက်မှု့ ပြုတဲ့အခါမှာ ပိုမို နားလည်စေပြီး အဆင်ပြေ ချောမွေ့စေတယ်။ အိပ်လို့ ကောင်းစေတယ်။
တကယ်လို့ သင်ဟာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာမျိုး ရှိတယ်ဆိုရင်လည်း အဲဒီ စိုးရိမ်စိတ်တွေကို လျော့နည်းသွားစေနိုင်တယ်။ အမျိုးသမီးတွေမှာဆို ရာသီလာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်မှု့တွေကိုတောင် သက်သာစေတယ်။ ကိုယ်ဝန်သည်တွေမှာဆိုလည်း ကိုယ်ဝန်ရှိရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကို လျော့နည်းစေနိုင်စွမ်း ရှိတယ်။
မကောင်းတဲ့ အကျိုးတွေကတော့ တချို့တွေမှာ စိတ်ဆန္ဒဖြေပျောက်ပြီးရင် အပြစ်ရှိသလို ခံစားရတာမျိုးတွေ ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီအပေါ် အရမ်း စွဲလမ်းသွားတာမျိုးတွေ ဖြစ်လာရင် တစ်နေ့တာ လုပ်ဆောင်မှုတွေမှာ အနှောက်အယှက်ဖြစ်တာမျိုး ၊ လူမှု့ပတ်ဝန်းကျင်မှာ အဆင်မပြေ ဖြစ်လာတာမျိုးတွေ ဖြစ်နိုင်တဲ့အပြင် မိမိအိမ်ထောင်ဖက်နဲ့လည်း ပြဿနာတွေ ဖြစ်လာနိုင်တယ်။
ဖြေပျောက်မှု့ ပြုလုပ်နေစဉ်အတွင်းမှာ ပြင်းထန်ခဲ့ရင်လည်း လိင်အင်္ဂါတစ်ဝိုက် ထိခိုက်ရှနာဖြစ်တတ်လို့ လိင်ဆက်ဆံမှု လုပ်တဲ့အခါမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားလွယ်တာ ၊ ပိုးဝင်လွယ်တာတွေ ဖြစ်စေတယ်။ ဒါ့အပြင် လိင်အင်္ဂါ ရောင်ရမ်းတာ ၊ နာကျင်တာတွေ ဖြစ်စေပါတယ်။ မကြာခဏ ပြုလုပ်ခြင်းတွေကြောင့် သုက်ကောင်ရေ နည်းပါးစေပြီး ကလေးရဖို့ ခက်တာတွေ ဖြစ်တတ်တဲ့ အပြင် ခါးနာတာတွေ ဖြစ်တတ်ပါတယ်။
လက်ကသန့်ရှင်းမှု မရှိရင် အမျိုးသမီးများမှာ မွေးလမ်းကြောင်း ပိုးဝင်တာ ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးသွားတဲ့ အခါမှာ ဆီးပူဆီးကျဉ်ဖြစ်တာ ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်နိုင်သလို အဖြူဆင်းတာ ၊ ယောနိယားတာတွေလည်း ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာလည်း တကယ် အိမ်ထောင်ဖက်နဲ့ အတူနေတဲ့ အခါမှာ စိတ်ကျေနပ်မှု မရတာ ၊ ကျားခွန်အား မပြည့်ဝတာတွေ ဖြစ်လာနိုင်ပါတယ်။
လွန်ကြူးစွာ ဆန္ဒဖြေပျောက်ခြင်းဖြင့် ကျားဟော်မုန်း testosterone ကို ပိုမိုထွက်စေပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တာမျိုးတွေ ဖြစ်တတ်တယ်လို့လည်း တချို့ လေ့လာဆန်းစစ်မှု့တွေက ဆိုပါတယ်။ တချို့ကလည်း ဆန္ဒဖြေပျောက်ခြင်းဟာ ဆံပင်ကျွတ်စေတယ်လို့ ယုံကြည်ကြပါသေးတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ သေချာတဲ့ သုတေသနတွေ မရှိသေးပါဘူး။
အရာတိုင်းက အကောင်းဆိုး ဒွန်တွဲနေတာမို့ ဘယ်အရာကိုမှ လွန်ကဲစွာ မပြုလုပ်သင့်ကြောင်း အကြံပြုရင်း………………………..
Author : Dr. မျိုးဆက်