Candida albicans ခေါ် ဖန်းဂပ်စ်မှို ကူးစက်ခံရမှုကို ယိစ်ပိုးဝင်ရောက်ခံရခြင်းဟု ဆိုနိုင်သည်။ ယိစ်မှာ အရေပြား၊ သားမွေးလမ်းကြောင်းနှင့် ပါးစပ်တွင်းတို့၌ သာမန်အားဖြင့် ရှိနေသော မှိုပိုးတစ်မျိုး ဖြစ်သည်။
နေထိုင်မကောင်းခြင်း၊ သွေးချိုဆီးချိုရောဂါ၊ ဆေးဝါးများသုံးစွဲခြင်း၊ သန္ဓေတားခြင်းနှင့် ပဋိဇီဝဆေးဝါးများ သုံးစွဲခြင်းတို့ကြောင့် ယိစ်ပိုးများ အလွန်အကျွံ ပွားများလာနိုင်သည်။ အများအားဖြင့် ယိစ်စွဲကပ်မှု၏ ၉၀ ရာခိုင်နှုန်းမှာ ပဋိဇီဝဆေး သုံးစွဲမှုကြောင့် ဖြစ်သည်။ ယိစ်ပိုး ပြဿနာမှာ ကလေးငယ်များ အပါအဝင် အမျိုးသမီးနှင့် အမျိုးသားအားလုံးတွင် ဖြစ်နိုင်သည်။ ကလေးငယ်များတွင် မှက္ခရုဟု သုံးနှုန်းခေါ်ဆိုလေ့ ရှိသည်။ အမျိုးသမီးများတွင် သားမွေးလမ်းကြောင်းနှင့် အင်္ဂါပြင်ပ အရေပြားတွင် ဖြစ်လေ့ရှိသည်။ ယိစ်ပိုးကို အလွယ်တကူ ဝယ်ယူနိုင်သော ဆေးဝါးများဖြင့် ဖြစ်စေ၊ အိမ်သုံးဆေးများဖြင့် ဖြစ်စေ ကုသနိုင်သည်။
ဖန်းဂပ်စ်မှို ဆန့်ကျင်သော လိမ်းဆေး သို့မဟုတ် သောက်ဆေးများဖြင့် သမားရိုးကျ ကုသလေ့ရှိသည်။ Clotrimazole, Butoconazole, Miconazole စသည့် ဖန်းဂပ်စ်မှို ဆန့်ကျင်ဆေးများကို သုံးစွဲနိုင်သည်။ ယိစ်ပိုး ဝင်ရောက်စွဲကပ်ခံရမှု အတွက် သားမွေးလမ်းကြောင်းအတွင်း ထည့်သောဆေးများ (Nystatin, Miconazole, Clotrimazole, Terconazole) ကိုလည်း သုံးနိုင်သည်။
အိမ်သုံးဆေးများအဖြစ် ဒိန်ချဉ်၊ လက်ဖက်ပင်အဆီ၊ ကြက်သွန်ဖြူ၊ ရှာလကာရည်၊ အုန်းဆီ၊ သစ်ကြံပိုးဆီ တို့ကို သုံးစွဲကြလေ့ရှိသည်။ Tampon ကို ဒိန်ချဉ်စိမ်၍ သားမွေးလမ်းကြောင်းအတွင်း တစ်နေ့လျှင် နှစ်ကြိမ် ထည့်သွင်းပေးခြင်းဖြင့် လက္ခဏာများ ပျောက်ကင်းသွားနိုင်သည်။ လက်ဖက်ပင်ဆီ ကိုလည်း Tampon သုံး၍ ကုသနိုင်သည်။
ကြက်သွန်ဖြူကို အင်္ဂါပြင်ပပိုင်း အရေပြားအတွက် သုံးလေ့ရှိသည်။ သားမွေးလမ်းကြောင်းတွင် ယိစ်စွဲကပ်မှုအတွက် သုံးလေ့မရှိပေ။ ကြက်သွန်ဖြူအဆီကို ဗီတာမင် E အဆီနှင့် ရောစပ်သုံးနိုင်သည်။ အုန်းဆီနှင့် သစ်ကြံပိုးဆီတို့သည် မှိုသေစေနိုင်သော စွမ်းရည်ရှိသဖြင့် အရေပြားကို တိုက်ရိုက် သုတ်လိမ်းပေးနိုင်သည်။
ရှာလကာရည်ကို အရေပြားနှင့် သားမွေးလမ်းကြောင်းကို လိမ်းပေးခြင်းဖြင့် ယိစ်မှိုစွဲကပ်မှုကို သက်သာပျောက်ကင်းစေနိုင်သည်။ သားမွေးလမ်းကြောင်း၏ ပီအိပ်ချ် (pH) ဓာတ်ကို မျှတအောင် ဖန်တီးပေးနိုင်သည်။
Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)