ဒီ Kegel လေ့ကျင့်ခန်းက ၁၉၄၀ ပြည့်နှစ်လောက်တုန်းက ဒေါက်တာ အာနိုး ကီဂယ်(Dr.Arnold Kegel) က ကလေးမွေးပြီး အမျိုးသမီးတွေအတွက် ဆီးအိတ်ကျန်းမာရေးအတွက် တီထွင်ခဲ့တာပါ။ အဲ့ဒီတုန်းကတော့ အမျိုးသမီးတွေ အတွက်ပဲလို့ သိထားခဲ့ကြပေမဲ့ နောက်ပိုင်းလေ့လာချက်တွေ အရတော့ အမျိုးသားတွေအတွက်ပါ ကီဂယ် လေ့ကျင့်ခန်းက အကျိုးရှိစေတာကို သိခဲ့ကြပါတယ်။ ဒါဆိုဒီလေ့ကျင့်ခန်းက ဘယ်လိုသက်ရောက်မှုရှိစေတယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘာကြောင့် လုပ်သင့်တယ်ဆိုတာ လေးတွေပါ တစ်ချက်ကြည့်လိုက်ကြရအောင်။
တင်ပါးဆုံကွင်း ဆိုတာတော့ လူတိုင်းကြားဖူးမှာပါ။ ဒီတင်ပါးဆုံကွင်းထဲမှာ လူတစ်ယောက်အတွက် အရေးပါတဲ့ အစိတ်အပိုင်း တော်တော်များများ ရှိနေပါတယ်။ ဆီးအိတ်၊ ဆီးလမ်းကြောင်း၊ ဆီးကျိတ် စတာတွေရှိသလို အမျိုးသားနဲ့ အမျိုးသမီးတို့အတွက် သက်ဆိုင်ရာ လိင်အင်္ဂါတွေအပြင် စအိုဝနဲ့ အူလမ်းကြောင်းကိုလည်း ထောက်ပံ့ပေးထားတဲ့ အထဲပါပါတယ်။ ဒီလို အစိတ်အပိုင်းတွေအားလုံးကို တင်ပါးဆုံကွင်းအောက်က ကြွက်သားကြီးက ထောက်ကူပေးထားတယ်။ အသက်ငယ်တုန်းတော့ ဒီကြွက်သားက ကြံခိုင်တောင့်တင်းပေမဲ့ အသက်ကြီးလာတာနဲ့ အမျှခန္ဓာကိုယ်က တခြားအစိတ်အပိုင်း တွေလိုပဲ ချည့်နဲ့လာပါတယ်။ တကယ်လို့ ကိုယ်က ကလေးတွေခဏခဏမွေးဖူးတာ၊ အထိုင်များတာ၊ ဆီးချိုသွေးချိုရှိတာ၊ ခွဲစိတ်ဖူးတာ၊ အဝလွန်တာ၊ ချောင်းခဏခဏဆိုးတာ၊ ဝမ်းမကြာခဏ ချုပ်တတ်တာ စတဲ့အခြေအနေတွေရှိနေရင် ဒီကြွက်သားက ပိုအားနည်းလာနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ သူ့အထဲက အစိတ်အပိုင်းတွေအောက်ကို ကျွံဝင်လာနိုင်ပါတယ်။
ကီဂယ်လေ့ကျင့်ခန်းကတော့ ဒီလိုမျိုးတွေကိစ္စတွေကနေ ကာကွယ်ဖို့အတွက် လုပ်ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အပေါ်ကလို အခြေအနေတွေအပြင် အမျိုးသား၊ အမျိုးသမီးတွေမှာ ဆီးနဲ့ ဝမ်းမထိန်းနိုင်တဲ့ ရောဂါဖြစ်နေတာ၊ ဆီးသွားပြီး တစ်စက်စက်ကျနေတာမျိုးတွေ အတွက်လည်း အသုံးဝင်တယ်လို့ဆိုပါတယ်။ နောက်ပိုင်းလေ့လာချက်တွေအရဆို ဒီလေ့ကျင့်ခန်းကြောင့် လိင်တံမထောင်မတ်နိုင်တာ၊ အချိန်မတိုင်ခင်သုက်လွှတ်တာ စတဲ့ လိင်ပိုင်းဆိုင်ရာအရလည်း ကောင်းကျိုးတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဟုတ်ပြီ၊ ဒါဆိုဒီ လေ့ကျင့်ခန်းက ဘယ်လိုလုပ်ကြမလဲ? လေ့ကျင့်ခန်းက အကျိုးလည်းများသလို လုပ်ရတာလည်း အင်မတန်လွယ်ပါတယ်။ ပထမဆုံး တင်ပါးဆုံကွင်းကြွက်သားကို အရင်ရှာရပါမယ်။ ကျွန်တော်တို့ ဆီးသွားတဲ့အခါ ခဏဆီးအောင့်ကြည့်လိုက်ပါ၊ အဲ့ဒီအချိန်မှာတင်ပါးနားက ကြွက်သားတစ်ခုကို ညှစ်လိုက်ရပါတယ်။ ဒီကြွက်သားကို လေ့ကျင့်ခန်းလုပ်ရမှာဖြစ်ပါတယ်။ စစလုပ်ခြင်းမှာတော့ ဒီကြွက်သားကို ၃-၅စက္ကန့်လောက် ညှစ်ထားလိုက်ပါ။ ပြီးရင် ကြွက်သားညှစ်ထားတာကို ပြန်လျှော့လိုက်ပြီး ၁၀ စက္ကန့်လောက် နားလိုက်ပါ။ နားပြီးရင် တစ်ခါပြန်ညှစ်ပါ။ ဒီလိုမျိုး ညှစ်လိုက် ပြန်ဖြေလျှော့လိုက် ၁၀ ခါလောက် လုပ်ပေးပါ။ မနက်ပိုင်းတစ်ခါ၊ နေ့လည်တစ်ခါနဲ့ ညဖက်တစ်ခါလုပ်ပေးပါ။ စစခြင်းတော့ တစ်နေ့ကို ၃ ခါလောက်ပဲ လုပ်ပေးပါ(အကြိမ် ၃၀) ဒုတိယအပတ်လောက် ရောက်ရင် အကြိမ်ရေကို ဖြည်းဖြည်းခြင်း တိုးသွားပါ။ အများဆုံး တစ်ရက်ကို အကြိမ် ၃၀လောက်ပဲလုပ်ပြီး ညှစ်တဲ့အချိန်ကို ၇-၁၀ စက္ကန့်လောက်အထိ တိုးသွားလို့ ရပါတယ်။
အစောကပြောခဲ့တဲ့ ဆီးသွားရင်းကြွက်သားကို ညှစ်ကြည့်ခိုင်းတာက ကိုယ်လေ့ကျင့်ရမဲ့ ကြွက်သားကို ရှာဖွေတဲ့သဘောနဲ့ လုပ်ခိုင်းတာဖြစ်ပြီး ကီဂယ် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာတော့ ဆီးသွားတဲ့အခါ မလုပ်ပါနဲ့၊ ဆီးကျန်တာတွေ ဘာတွေဖြစ်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်း စလုပ်လုပ်ခြင်းတော့ အကျင့်မရှိသေးတာကြောင့် အိပ်လျက် အနေအထားနဲ့ စလုပ်ကြည့်သင့်ပါတယ်။ နောက်ပိုင်းလုပ်နေကျ ဖြစ်သွားပြီ၊ ကျွမ်းကျင်သွားပြီ ဆိုရင်တော့ လမ်းလျှောက်ရင်းပဲ ဖြစ်ဖြစ်၊ ထိုင်နေရင်းပဲ ဖြစ်ဖြစ် အချိန်မရွေး လုပ်နိုင်ပါတယ်။ လုပ်တာကြာလာတာနဲ့အမျှ လုပ်နည်းလည်း မှန်လာနိုင်ပြီး သန်မာလာရုံသာမက ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းရည်လည်း တက်လာနိုင်ပါတယ်။ သို့ပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ အရာအားလုံးမှာ သူ့ကန့်သတ်ချက်နဲ့ သူရှိတာမို့ လေကျင့်ခန်း အလုပ်လွန်သွားရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာတွေ၊ ပန်းသေပန်းညိုးဖြစ်သွားတာတွေ ဖြစ်နိုင်ပါတယ်။
လေ့ကျင့်ခန်း စလုပ်တဲ့အခါမှာ သတိထားရမှာတစ်ခုက တင်ပါးဆုံကွင်း ကြွက်သားကိုပဲ ညှစ်ရမှာဖြစ်ပြီး အများစုက ဝမ်းဗိုက်ကြွက်သားတွေရော၊ တင်ပါးရော ညှစ်ပြီးအသက်ပါ ၀၀မရှုတော့ပဲ လုပ်ကြတယ်။ ဒါက နည်းလမ်းလွဲနေလို့ ဖြစ်ပါတယ်။ ကိုယ်အာရုံစိုက်ပြီး ညှစ်ရမှာ တင်ပါးဆုံးကွင်း ကြွက်သားတစ်ခုထဲဖြစ်ပြီး ကျန်တဲ့ကြွက်သားတွေကို ဖြေလျော့ထားလို့ ရပါတယ်။ လေ့ကျင့်ခန်းစလုပ်တဲ့အချိန် မှန်မှန်လုပ်ဖြစ်သွားအောင် ကိုယ်မနက်သွားတိုက်ချိန်မှာ လုပ်ကြည့်တာမျိုး၊ သတင်းစာဖတ်ချိန်မှာ လုပ်တာမျိုး စတဲ့ နေ့စဉ်အလုပ်တစ်ခုခုနဲ့ တွဲပြီး လုပ်ကြည့်သင့်ပါတယ်။ ဒါပေမဲ့ ကီဂယ်လေ့ကျင့်ခန်းကို စလုပ်လုပ်ခြင်းမှာ ဝမ်းဗိုက်ထဲ၊ သားအိမ်ထဲက နာကျင်တာမျိုးရှိနေရင် ဆက်မလုပ်ပဲ ဆရာဝန်နဲ့အရင်တိုင်ပင်ပြသကြည့်ပါ။
နောက်ဆုံးအနေနဲ့ပြောချင်တာတော့ ဒီလေ့ကျင့်ခန်းက လုပ်ကြည့်ဖို့လွယ်သလို ရရှိမဲ့အကျိုးလည်း များပါတယ်။ ဆီးသွားတာနဲ့ဆိုင်တဲ့ ပြဿနာတွေကို သက်သာစေနိုင်သလို လိင်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက်လည်း အကျိုးရှိစေနိုင်ပါတယ်။ ကိုယ့်ဖာသာလုပ်လို့ အဆင်မပြေဘူး ဖြစ်နေတယ်ထင်ရင် နီးစပ်ရာ ဆရာဝန်တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြသကြည့်ဖို့ ဝန်မလေးဖို့ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။
Author : Dr.Wayne