ခုတလော မိုးတွေကောင်းနေတာနဲ့ အအေးမိ ၊နှာစေးချောင်းဆိုး ၊ဖျားနာလူနာတွေ နဲ့ ညနေဆေးခန်း
စဖွင့်ကတည်းက ကုသပေးနေရတာ ညတောင် ၉နာရီ ထိုးလုပြီပေါ့။ ဇီဝကတစ်ယောက်လည်း ခုမှ ဆေးခန်း
ပိတ်ဖို့ ထိုင်ပြီး နားနေတုန်း၊ သုတ်သီးသုတ်ပြာ နှင့် လူရိပ်တစ်ခု လှစ်ခနဲ ဆေးခန်း ရှေ့ ရောက်လာတယ်။
လူနာ။ ။ ဆရာ ၊ဆရာ ၊ဆေးခန်းပိတ်တော့မလို့လား။ခဏလေးပါနော် ။ကျွန်မ အလုပ်ဆင်းနေလို့
နောက်ကျသွားတယ် ၊ဆရာ။
ဇီဝက။ ။ အော် ၊ဘယ်သူများလဲ မှတ်တယ်။မိရွှေ ဝတ်ဆံ ၊ညည်းလည်း လာလိုက်ရင် သုတ်သီး သုတ်ပြာ
နဲ့။ဆိုစမ်းပါဦး၊ လာရင်းကိစ္စ ။
ဝတ်ဆံ။ ။ ဆရာနဲ့ တိုင်ပင်စရာရှိလို့။ ကျွန်မ အမေ ခံစားနေရတာလေးကိုပါ ။ဆရာ ခဏလေးပါနော်။
ဇီဝက။ ။ ရပါတယ် ၊ဝတ်ဆံ ရဲ့ ။ပြောပါဦး ၊ညည်းအမေက ဘာတွေဖြစ်နေလို့လဲ ။
ဝတ်ဆံ။ ။ မရိုသေ့ စကား ဆရာရယ်။ အမေလေ ဝမ်းသွားတိုင်း စအိုကအပြင် စအိုဘေးက အနာ
အပေါက်ကလေးကပါ ထွက်နေတယ် ဆရာ။ကန်တော့နော် ဆရာ။
ဇီဝက။ ။ စအို နား ဘယ်နေရာကလဲ ။
ဝတ်ဆံ။ ။ စအိုနား အောက်ဘက် ခေါ်မလား ၊အနောက်ဘက်ပေါ့ ဆရာ။
ဇီဝက။ ။ ရုတ်တရက်ကြီးဖြစ်တာလား ၊ဘယ်လောက်ကြာပြီလဲ ။
ဝတ်ဆံ။ ။ နည်းနည်းကြာပြီ ဆရာ။ ၄/ ၅လလောက်တော့ ရှိတော့မယ် ။အမေက ရှက်လို့ ဘယ်သူမှ
မပြောဘူးလေ ။ခုပို ပိုဆိုးလာလို့ ဆရာ။
ဇီဝက။ ။ဘယ်လို ဆိုးလာတာလဲ ဝတ်ဆံရဲ့ ။စဖြစ်တုန်းကနဲ့ ဘယ်လိုကွာလို့လဲ ။
ဝတ်ဆံ။ ။ အမေ ပြောတာတော့ လွန်ခဲ့တဲ့ ၄ လလောက် က စအိုဘေးနား အနာ ကလေး အရင်ပေါက်
တယ်တဲ့ ။ပြီးတော့ ပြည်တည်လာရောတဲ့ ။အဲကနေ အပေါက်ကလေး ဖြစ်သွားရောဆိုပဲ ။
အစကတော့ ဝမ်းသွားရင် ဘာမှမဖြစ်ဘူးတဲ့ ။နောက် သားငန်ရည်လို ၊အချွဲရည်လို ၊ဝမ်းအရည်
လို ထွက်လာတာ ၊အခု ပိုများလာတာ ထမိန်မှာ တောင်စိုစိ စိုစိနဲ့ ။
ဇီဝက။ ။ဘယ်လိုလုပ်ရင် ပိုဆိုးလဲ။ ဘယ်လိုလုပ်ရင် သက်သာလဲ ၊ဝတ်ဆံ ရဲ့။
ဝတ်ဆံ။ ။ ဝမ်းသွားရင်တော့ ပိုဆိုးတယ် ပြောတာပဲ ၊ဆရာ ။သက်သာရယ်လို့တော့ မရှိပါဘူး ။
ဇီဝက။ ။ တခြားဘာဖြစ်သေးလဲ။
ဝတ်ဆံ။ ။ အရည်ထွက်တော့ ဆရာ ရယ်၊အသားလောင်တာလား မသိပါဘူး။ စအိုဘေးမှာ နီရဲပြီး စပ်ဖျင်း
စပ်ဖျင်းနဲ့တယ် ၊ဆရာ ။ပြီးတော့ ဝမ်းလည်းပျက်ချင်တယ် ၊ဆရာ ။ဝမ်းသွား ရင် နာပြီး သွေးစ
နည်းနည်း ပါတယ် ၊ဆရာ ။အဲ့တာ ဘာဖြစ်တာလဲ ၊ဆရာ ။
ဇီဝက။ ။အိမ်း ၊ညည်းပြောသလောက်ဆို ၊Fistula in Ano ၊မြန်မာလိုတော့ ဂရင်ဂျီနာပေါ့ဟယ် ။
ရှေးပြင်သစ်ဘုရင် လူဝစ်၁၄ မှာလည်းဖြစ်ဖူးတော့ ဘုရင်ဂျီနာ လို့လည်းခေါ် သေးတယ်။
သေချာအောင်တော့ စမ်းသပ်ကြည့် ရဦးမယ် ၊ဝတ်ဆံရေ ။
ဝတ်ဆံ။ ။သူကဘယ်သူတွေမှာ ဘာကြောင့်ဖြစ်တာလဲ ဆရာ။ဝတ်ဆံလည်း ဗဟုသုတရအောင်ပြောပြ
ပေးပါလား ၊ဆရာ။
ဇီဝက။ ။ဒီလို ဝတ်ဆံရဲ့ ။အသက် ၃၀ / ၄၀ အရွယ်တွေမှာ ပိုဖြစ်တတ်တဲ့ ဟ။အမျိုးသားတွေက အမျိုး
သမီး တွေထက် ၂ဆ ပိုဖြစ်တတ်တယ်ဆိုပဲ။
ဝမ်းသွားပေါက် စအိုဘေးမှာ အနာပေါက်၊ ဖိထိုင်တော့ ပြည်မန်းရည်ငန်းရည်ကကောင်းကောင်း
မထွက်နိုင်။ ဒီတော့ အနာက အထဲမှာ လှိုက်စားမယ်။ အထဲဆိုတာ အဆီ၊ အသားတွေ လွန်
သွားရင် ဝမ်းတွေကို လှောင်ထားတဲ့ အစာဟောင်းအိမ်အထိ ရောက်ပြီး၊ အထဲပေါက်တခု ဖြစ်
လာမယ်။ အဲလို တူးမြောင်းလို ဖြစ်လာတာကို မြန်မာလို ဂရင်ဂျီနာလို့ခေါ်ကြတာပေါ့ ။
စအိုဘေးမှာ အနာပေါက်လို့ မဟုတ်ဘဲလဲ ဖြစ်သေးတယ်။ ထိခိုက်ဒဏ်ရာ၊ စအိုကွဲနာ (FIA )၊
တီဘီ၊ ကင်ဆာ၊ ဓါတ်ကင်တာ၊ Steroid ဆေးပေးတာ၊ Chlamydia ပိုးဝင်တာတွေကနေပါ
ဖြစ်တတ်တယ်။ HIV နဲ့လဲ ဆက်နေသေးတယ်။ ဂနိုရီးယား၊ အူမကြီးရောင်တဲ့ရောဂါ တွေကြောင့်
လည်းဖြစ်နိုင်တယ်။
ဝတ်ဆံ။ ။ကုလို့တော့ပျောက်ပါတယ်နော် ၊ဆရာ ။စိုးရိမ်လို့ပါ ဆရာ။
ဇီဝက ။ ။ရောဂါလက္ခဏာ မပြရင်တော့ ကုစရာမလိုပါဘူး ။ဒါပေမယ့် ညည်းအမေလို လူနာမျိုးကျ ကုသ
မှုခံယူရတော့မယ် ။အရင်ဆုံး ပိုးသတ်ဆေး ၊ဆရာပေးထားမယ်။ပြီးတော့ ခွဲစိတ်ဆရာဝန်နဲ့
ပြရမယ်။ဆရာ လွှဲစာရေးပေးလိုက်မယ်။
ဝတ်ဆံ။ ။ခွဲရမလား ၊ဆရာ။တခြားနည်းမရှိတော့ဘူးလား ။
ဇီဝက။ ။ခွဲစိတ်ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်ပါဦးလေ။ အရမ်းလည်း မစိုးရိမ်ပါနဲ့။ခွဲစိတ်လို့ရတဲ့
နည်းလမ်းတွေ ဆက်ပြောပြမယ် ၊ဟုတ်ပလား ။
အများဆုံးသုံးနည်းကတော့ Fistulectomy ပြွန်ကို အနာသစ်လုပ်၊ အသားနုကို အခြေကနေ
အထက်ထိ ကျက်စေတဲ့ ခွဲစိတ်ကုသနည်းပေါ့။
Fibrin glue injection ဆိုတဲ့ ဆေးထိုးကုနည်းလည်း သုံးလာကြတယ်။ Fistula plugက အဲဒါ
ကို ပိုဆန်းသစ်ထားတဲ့ နည်းပါ။ ၈ဝ% အောင်မြင်တယ်လို့ ဆိုပါတယ်။
Endorectal advancement flap နည်းက အထဲပေါက်ကို ပြုပြင်ပေးတဲ့ ခွဲစိတ်နည်း၊ Anal
Fistula Plug နည်းကတော့ အပြင်ပေါက်ကို ပြုပြင်ပေးတဲ့ နောက်သုံး ခွဲစိတ်နည်းပါ။
မရှင်းတာရှိရင်မေးနော် ။
၀တ်ဆံ။ ။ကျေးဇူးတင်ပါတယ် ၊ဆရာ ။ဂရင်ဂျီနာလား ၊ဘုရင်ဂျီနာလား တော်တော်တော့ သိသွားပါပြီ။
မနက်ဖြန် အမေ့ကို ခေါ်လာပြမယ် ဆရာ ။လောလောဆယ်တော့ ဆရာပြောတဲ့ ပိုးသတ်ဆေး
အရင် ယူသွားမယ်နော် ။
ဇီဝက။ ။အေး ၊အေး ။အရှေ့ခန်းက ၊ဆရာတပည့် လေးဆီက ဆေးထုတ်သွားနော့်။
ဝတ်ဆံ။ ။သွား ပြီနော် ၊ဆရာ ။
ဇီဝကလည်း ဆေးခန်းပိတ်ပြီး အိမ်အပြန်လမ်း မှာ မပေါ့ဆသင့်ဘဲ ပေါ့ဆခဲ့လို့ ၊ကျန်းမာရေး မှာ
အရှက်အကြောက်ကြီးခဲ့လို့ အနာသေးက နေ အနာပေါက် Fistula in Ano ဂရင်ဂျီနာရောဂါ ဖြစ်နေတဲ့ ဝတ်ဆံအမေ အကြောင်းတွေးမိရင်း
AUTHOR – ခေတ်သစ် ဇီဝက